ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Sunday, January 7, 2018

၂၀၁၈ ခု နှစ်သစ်ကူးသ၀ဏ်လွှာ




၂၀၁၈ ခု နှစ်သစ်ကူးသ၀ဏ်လွှာ
ပြည်သူလူထုအပေါင်းတို့ ခင်ဗျား -
တိုင်းပြည်ကို ကြီးစိုး မင်းမူနေတဲ့ စစ်အာဏာရှင်တွေဟာ မြန်မာပြည်ရဲ့ ကောင်းမွန်ခဲ့တဲ့ ပညာ ရေးစံနစ်ကို ဖျက်စီး ပြီးတဲ့နောက် “ရွေးကောက်ပွဲ” ဆိုတဲ့ စံနစ်ကိုလည်း ဖျက်စီးလိုက်ပါပြီ။ ရွေးကောက်ပွဲဟာ အာဏာလွှဲပြောင်းတာ မဟုတ်မှန်း လူထုတွေသိရှိလာကြပါပြီ။ ၂၀၀၈ ခြေဥ က ဘာကိုဆိုလိုသလဲ ဆိုတာ လူထုကြီးကချက်ချင်း မသိပေမဲ့ အခုတော့ လက်တွေ့ဘ၀က လူထုကြီးကို နားရင်းအုပ် ရှင်းပြလိုက်လို့ သိရှိလာ ပါပြီ။ရွေးကောက်ပွဲဆိုတာ အာဏာလွှဲတာ မဟုတ်ဘဲ ရွေးကောက်ပွဲဟာ လူထုကို လှည့်စားဖို့ နဲ့ အလုပ် ရှုပ်အောင် ဖန်တီးထားတဲ့ ဟန်ပြ လုပ်ရပ်သာဖြစ်ကြောင်း တနေ့ထက်တနေ့ ပိုပို သိလာကြပါပြီ။
ဒီတော့ရွေးကောက်ပွဲ ဆိုတာကို လူထုကြီးက အယုံအကြည် ပျက်သွားပါပြီ။ ရွေးကောက်ပွဲကို အယုံ အကြည်ပျက် သွားတာဟာ အင်မတန်အန္တရာယ်ကြီးမားပါတယ်။ တိုင်းပြည်ရဲ့ ပညာရေးစံနစ် ယိုင်လဲ သွားလို့ မျိုးဆက်သစ်လူငယ်တွေ ပညာရေးအဆင့်၊ ယဉ်ကျေးမှုအဆင့်၊ ကျွမ်းကျင်မှုအဆင့်၊ ကိုယ်ကျင့်တရား ဘယ်လို ထိခိုက်ရသလဲ ကျွန်တော်တို့ ပြည်သူတွေ လက်တွေ့ရင် ဆိုင်နှေရပြီ။ ပညာရေးစံနစ် ပျက်သုန်းရင် ဘာဖြစ်မလဲ ဆိုတာကို စစ်အာဏာရှင် ဗိုလ်ချုပ် ဗိုလ်ဂျက်တွေက မစဉ်းစားတတ်ပါဘူး။ သူတို့သိတာက သူတို့ကို အာခံ မည့်သူတွေ မရှိဖို့လောက်သိတာ။ အခုလည်း ရွေးကောက်ပွဲ အပေါ် ယုံကြည်မှု ပျက်သွားတာဟာ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေး တရားစီရင်ရေး အထိ ထိခိုက်တာကိုလည်း ဗိုလ်ချုပ်ကြီး ဆိုသူတွေ မသိပါဘူး။ အာဏာမြဲ ဖို့လောက် သိတာပါ။
ရွေးကောက်ပွဲ ဆိုတာဟာ ယုံကြည်စရာ မရှိတဲ့ နောက် ဘာတွေဖြစ်လာမလဲ။ ရွေးကောက်ပွဲနည်းနဲ့ ဖြေရှင်းတာကို လူထုတွေက မယုံကြည်တော့ဘူး။ ရွေးကောက်ပွဲကို မယုံကြည်တော့ လူထုတွေက ရွေး ကောက်ပွဲနဲ့ တက်လာတဲ့ လူတွေကိုလည်း မယုံကြည်တော့ဘူး။ ဒီတော့ ရွေးကောက်ပွဲ နဲ့ မဟုတ်ဘဲ တခြား နည်းတွေ စဉ်းစားလာမှာက သဘာဝဘဲ။ ဒါက တိုင်းပြည်ကို  ကျေပြုန်းနိုင်တဲ့ အထိ ဖြစ်လာနိုင်တယ်။ ဒါဟာ ရွေးကောက်ပွဲ ရဲ့ တန်ဖိုးကို မသိတော့ ဖြစ်လာမည့် အကျိုးဆက်တွေပါ။ ရွေးကောက်ပွဲဟာ အာဏာလွှဲပြောင်း ရေးမဟုတ်ရင် ဘာမှအဓိပ္ပါယ်လည်း မရှိပါ။
နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ၂၀၀၈ခြေဥ အောက်က ရွေးကောက်ပွဲကို အတင်းဝင်ခိုင်းနေတဲ့ စစ်ဗိုလ်ချုပ် ခေါင်းမာဂိုဏ်းဟာ ဒါတွေကို မသိဘဲ နိုင်ငံရေးကို စစ်ရေး အမြင်နဲ့ ဖြေရှင်းနေတော့ တိုင်းပြည်က နာနေဦး တော့မှာဘဲ။ ဒီလို အခြေ အနေမှာ လူထုတွေအနေနဲ့ ရွေးကောက်ပွဲနည်းမဟုတ်ဘဲ တခြားနည်းလမ်းတွေကို ရွေးချယ်တာလည်း တရား တယ်လို့ ဆိုရမယ်။
လူထုလှုပ်ရှားမှုဟာ နည်းလမ်းတခုဖြစ်မြဲ ဖြစ်နေပါတယ်။ ဒီလှုပ်ရှားမှုကို ပိတ်ပင်တာဟာ အာဏာရှင်နဲ့ သူ့လက်ပါးစေလက်ဝေခံများသာဖြစ်တယ်။ လူထုဆန့်ကျင်ရေး ဖိနှိပ်ရေးသမားများသာ ဖြစ်တယ်။ လူထုအ နေနဲ့ ဒေါ်စုကို အားမကိုးနိုင်တာ ပိုပိုသိလာကြပြီ။ ဒေါ်စုဟာ ကျွန်တော်တို့ ကောင်းကောင်း သုံးသပ်ထားရမည့် ကြီးမားတဲ့ အမှားဖြစ်စဉ်တခုပါ။ သူဟာ လူထုဘက်သား မဟုတ်ကြောင်း၊ အလျှော့ပေးသမားသာဖြစ်ကြောင်း၊ တော်လှန်ရေးကို နားမလည်ကြောင်း၊ သက်သေတွေ အမြောက်အများပြခဲ့ပါတယ်။ ဒါပေမဲ့ အစဦးကတည်းက ထောက်ပြ ဝေဖန်ဆန့်ကျင်တာကို မလုပ်ခဲ့ကြပါဘူး။ ဒါဟာလည်း ဘင်ဂါလီ ပြဿနာလိုတဖြေးဖြေးကြီးလာရတဲ့ ပြဿနာပါ။ ဒေါ်စုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အတွက် ခါးသည်းတဲ့ သင်ခန်းစာက အချောင်သမား၊ သစ္စာဖေါက် လက္ခဏာကို အရိပ်အယောင် ပေါ်လာကတည်းက စတိုက်ဖျက်ရမည် ဆိုတာဘဲ။ အခုတော့ ဒေါ်စုက လူထုနဲ့ ဆန့်ကျင်ဘက် “ မီးခိုးဗုံး ဘက်သား” ဖြစ်သွားပြီ။ ဓနရှင် ပညာတတ်တွေဟာ ယိမ်းယိုင် တတ်တယ် ဆိုတဲ့ ထင်ရှားတဲ့ ပြရုပ်အဖြစ် မြန်မာပြည် နိုင်ငံရေးသမိုင်းမှာတင် ရစ်နေမှာပါ။
ဒီနေ့ ကျွန်တော်တို့ ရင်ဆိုင်နေရတာက စစ်အာဏာရှင်တွေသာမဟုတ်တော့ဘဲ ဒေါ်စု အပါအ၀င် လက်ဝေခံ၊ လက်ပါးစေတွေကိုပါရင်ဆိုင်နေရတယ်။ ဒါကလည်း စစ်အာဏာရှင်တွေ ချခင်းထားတဲ့ အပြော့ဆွဲ ခုတုန်းလုပ် ဗျူဟာပါဘဲ။ ဒီနေ့ ပြည်သူတွေကြား ကွဲပြားအောင်၊ မညီညွတ်အောင် လုပ်ဆောင်တဲ့ လူမျိုးရေး၊ ဘသာရေး အပေါ် ကျွန်တော်တို့ သတိနဲ့ ယှဉ် လုပ်ဆောင်တတ်ဖို့ လိုပါတယ်။ ဒီကိစ္စတွေကို ရင်ဆိုင်ဖို့ရာက တော်လှန်ရေး အမြင်ရှိပြီး တိုးတက်တဲ့ အစုအဖွဲ့လိုအပ်ပါတယ်။ ဒီတာဝန်တွေက တိုးတက်တဲ့ ပညာတတ်တွေ တွေရဲ့ ပုခုံးပေါ်မှာ ကျနေတယ်။ နည်းပညာနဲ့ အဆက်အစပ်တွေက အဖွဲ့အစည်းပေါ်ပေါက်ရေး အတွက် များစွာ အထောက် အကူပြုနေပါတယ်။ အဖွဲ့အစည်းတွေကို ရန်သူဘက်ကလည်း ဖွဲ့မှာပါဘဲ။ အပြိုင်ဖွဲ့ ကြရမှာပါ။ အခြေခံကွာခြား ချက်က ဖိနှိပ်သူဘက်လား၊ တော်လှန်သူ ဘက်လား ဆိုတာဘဲဖြစ်နေမယ်။ နည်းပညာ အရလည်း အပြိုင်ဖြစ် ပါလိမ့်မယ်။ အနစ်နာခံ ဇွဲရှိရှိ လုပ်နိုင်မည့် အစုက ပြည်သူအတွက် တကယ်လုပ်တဲ့ အစုဘဲ ဖြစ်မှာပါ။ တကယ့်နိုင်ငံရေးလွတ်လပ်မှုမရှိတော့  မြေပေါ်မြေအောက် ကိစ္စက ရှိနေဦးမှာဘဲ။
နိုင်ငံတကာသြဇာတွေက ရှောင်လွှဲလိုရနိုင်တဲ့ အရာမဟုတ်ပေမဲ့ ကမ္ဘာ့နိုင်ငံရေး ရေစီးကြာင်းကို သိရှိ အောင်လေ့လာကြရမယ်။ အရင်းရှင်စံနစ်ဟာ အကြပ်အတည်း ကြီးကြီးမားမားကို ရင်ဆိုင်နေကြရပါတယ်။ စစ်ရေး၊ စီးပွါးရေး၊ လူမှုရေး၊ဘာသာရေးတွေပါ ရောယှက်နေတယ်။ တရုတ်ပြည်က မြန်မာပြည်ရဲ့ အရေးကို နိုင်ငံရေး အမြင်နဲ့ မကြည့်ဘဲ စီးပွါးရေးအရ အမြတ်ထုတ်ရေး အမြင်ကြောင့် တော်လှန်ရေး အင်အားစုတွေ အကြပ်အတည်း ဖြစ်နေရတယ်။ အမျိုးသားအကျိုးစီးပွါး အမြင်ဟာနိုင်ငံတကာ ကွန်မြူနစ် အမြင် မဟုတ်တာ ကို တိုးတက်တဲ့ အမြင်ရှိသူတွေ သိထားရမယ်။ အရင်းရှင် ဒီမိုကရေစီက  ကျွန်တော်တို့ မရသေးတဲ့ အရာ ဖြစ်မြဲ ဖြစ်နေတယ်။ လွတ်လပ်တဲ့ နိုင်ငံရေးလှုပ်ရှားမှု၊ လွတ်လပ်တဲ့ စီးပွါးရေးလှုပ်ရှားမှု၊ သတင်းလွတ် လပ်မှုတွေက ကျွန်တော်တို့မှာ ကင်းမဲ့နေတုန်းဘဲ။ ကမ္ဘာ့ အရင်းရှင် နိုင်ငံတွေမှာ ဒီမိုကရေစီနဲ့ အရင်းရှင်စံနစ် ခွါပြဲသွားတာ ကိုလည်းသိထားရမယ်။ ဘယ်လိုဘဲ ဖြစ်ပါစေ စစ်ပဒေသရာဇ်တွေ ဖိနှိပ်မှု အောက်က မြေသိမ်း ခံနေရတဲ့ မြန်မာနိုင်ငံဟာ ပြည့်ဝတဲ့ အရင်းရှင်ဘူတာကိုတော့ ဖြတ်ကိုဖြတ်ရမှာပါဘဲ။ နိုင်ငံတိုးတက်ခိုင် မာရေးအတွက် ပြည်သူလူထုတွေ ကိုယ့်တိုင် က အားစိုက်လုပ်ဆောင်ကြရမှာပါ။
ဘာဖြစ်လို့လည်း ဆိုတော့ ကွန်မြူနစ်နိုင်ငံဆိုတာတွေက အားပြော့သွာပြီး အရင်းရှင်နိုင်ငံတွေက စီးပွါးရေးကပ် မကြာခဏဆိုက်နေရတော့ လူတွေလည်း ဘာကို ယုံလို့ ဘာလုပ်ရမယ် တောင်မသိကြတော့ဘူး။ ကျွန်တော်တို့က ဘာကိုယုံရမလဲ စဉ်းစားရမှာမဟုတ်ဘဲ ၊ ကျွန်တော်တို့ပြည်သူတွေ ဘာဖြစ်နေလဲ၊ ဘာလို နေလဲ ဆိုတာကိုစဉ်းစားရမှာပါ။ ပြည်သူတွေလိုချင်နေတာက လွတ်လပ်ခွင့်နှင့် ဖန်တီးနိုင်တဲ့ စွမ်းရည် အာဏာ ပါ။ ငြိမ်းချမ်းရေးတို့ တရားဥပဒေစိုးမိုးရေးတို့ ဆိုတာက သုံးလောင်းပြိုင်တွေ၊ လေးလောင်းပြိုင်တွေ ဦးကိုနီ အသတ်ခံရတာတွေ ၊ ကျယ်ပြန်လာနေတဲ့ လက်နက်ကိုင်တိုက်ပွဲ တွေက သရော်ပြနေသလို တိုင်းပြည်က နိုင်ငံတော် မာဖီးယား ခေတ် ဖြစ်နေတော့တယ်။
လုပ်ဆောင်ရာမှာလည်း ကိုယ်တွင်းနာဖြစ်တဲ့ ချုပ်ချယ်ဖိနှိပ်သွေးစုတ်နေတဲ့ စစ်အာဏာရှင် စံနစ်ကို အရင် တိုက်ဖျက်ရမှာဖြစ်တယ်။ အခုတော့ စစ်အာဏာက လက်ကြားယို အခွင့်အရေး ပေးပြီး မွေးထားတဲ့  လက်ပါးစေ လက်ဝေခံ တွေကိုလည်း ဆန့်ကျင်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်အာဏာကျဆုံးရင် သစ်ပင် လဲတော့ မျောက်တွေ ပျောက်သလို ပျောက်မှာပါ။ လွယ်သလားတော့မထင်နဲ့။ တော်လှန်ရေး အမြင်ရှိတဲ့ ခေါင်း ဆောင်မှု၊  အနစ်နာခံမှု၊ ယနေ့ တိုက်ပွဲရဲ့ သဘောသဘာဝကိုနားလည်ပြီး ၊ခေါင်းဆောင်မှုကိုနာခံ တတ်ရင် တော်လှန်ရေး ယန္ဒယားဟာ စလည်ပတ်ပြီ အဆင့်တွေ ခုန်ပျံကျော်လွှား တက်သွားပါလိမ့်မယ်။
အရေးကြီးပြီး အမြဲတမ်း မှတ်ထားရမည့် ၈၈ရဲ့ သင်ခန်းစာက အာဏာသိမ်းဖို့ အစီအစဉ်မရှိဘဲ ဘယ် တော့မှ အာဏာမရနိုင်ဘူးဆိုတာကို မြဲမြဲ မှတ်ထားသင့်တယ်။ အာဏာသိမ်းဖို့ ဆိုတာက မဲနဲ့ သိမ်းမရဘဲ အင်အားနဲ့မှ ရတာကို ရုရှားအောက်တိုဘာတော်လှန်ရေးနှစ် ၁၀၀ ပြည်နဲ့ ကြုံ တဲ့ ၂၀၁၇ ခုနှစ်မှာ ပို အလေးအနက်ထား မှတ်သားထားသင့်ပါတယ်။ အာဏာမသိမ်းရဲဘဲ အာဏာမရနိုင်ပါ။
ပြည်သူလူထုဟာ အဖက်ဖက်ကချို့တဲ့ နေတယ်။ စားဝတ်နေရေး၊ ကျန်းမာရေး ပညာရေး၊ နိုင်ငံရေး၊ ဘ၀လုံခြုံရေးစတာတွေဟာ မြင်မကောင်းအောင်ဖြစ်နေတယ်။ဒါပေမဲ့ ဘ၀လွတ်မြောက်လမ်းအတွက် အဆက် မပြတ်နည်းလမ်းရှာနေကြတယ်။ ဆန္ဓပြပွဲတွေ၊ လက်နက်ကိုင်တိုက်ပွဲတွေ၊ စားဝတ်နေရေးအတွက် ဘ၀ရုန်း ကန်ရေး တိုက်ပွဲတွေက နေရာတကာမှာ ပြင်းပြင်းထန်ထန်ပေါ်နေတယ်။လှုပ်ရှားမှုက မချို့တဲ့ဘူး လွတ်လပ်တဲ့ လူ့အဖွဲ့ အစည်း၊ စစ်မှန် တဲ့လူထုအစိုးရ အလွန်လိုအပ်နေတယ်။ ဒါကိုရလာဖို့က တော်လှန် တိုက်ပွဲဝင်မှသာ ရလာမှာ ဖြစ် တယ်။ ငြိမ်ခံနေလို့တော့ စစ်အာဏာကို အထောက်အကူပြုရာကျနေမှာပါ။
ရန်သူအနေနဲ့ အင်အားကြီးသယောင်ရှိပေမဲ့ အတွင်းထဲမှာ စားခွက်လုတဲ့  ပြဿနာပေါင်းစုံ အပြင် တိုင်းရင်းသားပေါင်းစုံ အပါအ၀င် ဖိနှိပ်ခံ ပြည် တရပ်လုံးရဲ့ ဆန့်ကျင်မှု၊ ကမ္ဘာက ရှုတ်ချမှုကို ခံနေရတာကြောင့်  စစ်အာဏာရှင်စံနစ် တိုက်ဖျက်ရေး လှုပ်ရှားမှု ဟာ လာမည့် ၂၀၁၈ ခုမှာ ရန်ငါစည်းပိုပြတ်လာပြီး လှုပ်ရှားမှုတွေ ပြင်းထန်လာနိုင်ကြောင်း ပြည်သူအပေါင်းကို တင်ပြ လိုက်ပါတယ်။ ဒီတော့ ဘယ်ဘက်မှာရပ်ပြီး ဘယ်လိုပါ ၀င်ကြမလဲ ဆိုတာကို စဉ်းစားကြရတော့မယ်။ လိုအပ်နေတာတွေ၊ တရားမျှတမှုတွေကို စစ်အာဏာအောက်မှာ တောင်းယုံနဲ့ မရနိုင်ဘူး။ ကိုယ့်ဘာသာ ဖန်တီးယူနိုင်အောင် နည်းပေါင်းစုံနဲ့ ကြိုးပမ်းလုပ်ဆောင်ရလိမ့် မယ်။ဒါအတွက် လိုအပ်တဲ့လေ့လာမှု၊ စုစည်းမှု၊လှုပ်ရှားမှုတွေ လုပ်ကြရမယ်။ စစ်အာဏာရှင်စံနစ် တိုက်ဖျက်ရေး သည်သာ.နေ့တော်လှန်ရေးတာဝန်ဖြစ်ပြီး တခြားအရာတွေဟာ အရံသာဖြစ်တာကို ရှင်းလင်းစွာ နားလည် ထားသင့်ပါတယ်။
စစ်အာဏာက ကြီးစိုးနေသ၍တော့ ပြည်သူတွေ လူမွေးလူတောင်ပြောင်ဖို့ နေနေသာသာ လူပီပီသသ နေနိုင်ဖို့တောင် အခက်အခဲဖြစ်နေမှာဘဲ။ လွတ်လပ်တဲ့ နိုင်ငံရေးလေထုထဲမှာ သာ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီး နိုင်ပြီး  ကိုယ့်ဘ၀နှင့်အတူ နိုင်ငံဖွံ့ဖြိုးရေးနဲ့  တိုးတက်မှုကို မျှော်လင့်နိုင်မှာဖြစ်ပါတယ်။
ဒီနေ့မြန်မာပြည်မှာ ဖြစ်နေတဲ့ ပဋိပက္ခက လက်တဆုတ်စာ စစ်အာဏာရှင် ( သာမန်စစ် သား မဟုတ်)ရယ်၊ သူ့လက်ပါးစေ လက်ဝေခံတွေရယ်က တဖက်၊ ကြီးမားကျယ်ပြန့်တဲ့ တိုင်းရင်း ပြည်သူများအပါ အ၀င် အမျိုးသားဓနရှင်တွေရယ်၊ အဖိနှိပ်ခံ လယ်သမား အလုပ်သမား၊ ၀န်ထမ်း၊ ခေါင်းရွက် ဗျတ်ထိုး အဖိ နှိပ်ခံလူတန်းစားတွေက တဖက်ဖြစ်နေတဲ့ ပဋိပက္ခဘဲ။ ဒီတော့ တော်လှန်တဲ့ ခေါင်းဆောင်မှု ရှိရင် ဘယ်သူ အောင်ပွဲခံနိုင်မလဲ စဉ်းစားသာကြည့်ကြပေတော့။
ဖိနှိပ်ခံတို့ ညီညွတ်ကြ။
တော်လှန်ရေးကို ဦးတည်ကြ။
ဒီမိုကရေစီ တော်လှန်ရေး မုချအောင်ရမယ်။

ဦးအေးဆောင်
ဇန်န၀ါရီ ၁၊၂၀၁၈။






0 comments: