“မင်းကဘာကောင်မို့လဲ”
“မင်းကဘာကောင်မို့လဲ “ ဆိုတဲ့စကားကို
ကျွန်တော်သိပ်မုန်းပါတယ်။ ဒါဟာ စစ်သားအကျင့်မကုန် သေး တာ၊ ခေါက်ရိုးကျိုးနေတဲ့ ရှေးရိုး
ဆရာသမားကြီးတွေရဲ့ တပြည့်ဖြစ်ခဲ့ရတာ၊ ပဒေသရာဇ် အစွဲအလမ်းမ ကင်းစင် သေးတာ၊ ကွန်ဖြူးစီးယပ်
ဝါဒ လောင်းရိပ်အောက်မိနေတာသာဖြစ်တယ်။ အနောက်နိုင်ငံတွေမှာ ခလေး တွေရဲ့ မေးမြန်းမှု၊
ဆင်ခြေတက်မှုတွေကို အားပေးတဲ့ စံနစ်နဲ့ ပညာသင်ပေးကြတယ်။ဒါကြောင့် ဆန်းသစ်တီထွင်မှုတွေ
အမြင်သစ်တွေ ပေါ်လာနေကြတယ်။ ကျွန်တော် တို့မှာက စစ်အာဏာ ယဉ်ကျေး မှုလောင်းရိပ်နဲ့ ရှေးရိုးစွဲ
ပညာရေး အောက်မှာ စားဝတ်နေရေးက ဆင်းဆင်းရဲရဲနဲ့
၅၆ နှစ်ကြာနေနေရတော့ “ မင်းကဘာကောင်မို့လဲ ”ဆိုတဲ့ စကားတွေက မိုးမွှန်နေတာမဆန်းပါဘူး။
ဆန်းတာက အဲဒီလူတွေဘဲ ခေတ်ပေါ် နည်းပညာတွေ၊ ဆန်းသစ်တီထွင်မှုတွေ ရဲ့ ရလာဒ်ကို ဦးဦးဖျားဖျား
ခံစားကြပြီး မခံစားနိုင်တဲ့ သူတွေကို အဲဒီစကားနဲ့ ဘဲ ပြန်နိပ်ကွပ် ဖိနှိပ် နေကြတယ်။
ဒါကြောင့်တိုးတက်တဲ့ခေတ်မရောက်ဘဲ ပြည်ူတွေက သူများနောက်က အောက်တန်းကျ နေနေရတာ ဖြစ်တယ်။
မြင်တာကိုပြောနိုင်တဲ့ လွတ်လပ်မှုလောက်တော့
လူတိုင်းမှာ ရှိသင့်ပါတယ်။ ဆင်ခြေတက်၊ ထောက် ပြတာ၊ ဝေဖန်တာကို ဆိုကရေတီးစ် တို့ ဗုဒ္ဓတို့
အားပေးခဲ့ကြတယ်။ အမှန်တရားကို ငြင်းခုံရင်း ရှာဖွေခဲ့ကြတယ်။ နိုင်ရာစားတဲ့ အာဏာရှင်အောက်မှာတော့
ဒီအခွင့်အရေးကို ရရှိစရာမရှိပါဘူး။ ဒါပေမဲ့ မြင်တာ၊ ယူဆတာ ကို ပြောတာကျွန်တော်တို့
ရဲ့အခွင့်အရေးဘဲ။ ကြီးကြီးကျယ်ကျယ်ပြောရင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးပေါ့။ ရအောင်
ကျင့်သုံးရမှာဘဲ။
ပြဿနာက ဒီအခွင့်အရေးကို လူတိုင်းမှာ
ရှိပါလျှက်၊ ဖိနှိပ်ခံ အချင်းချင်း “မင်းကဘာကောင်မို့လဲ” နဲ့ ဖိနှိပ် နှောက်ယှက် ဟန့်တားနေတာက
ကိုယ့်ဘ၀ကိုယ်နားမလည်ရာကျသလို လူသမိုင်းရဲ့ ဖြစ်ပေါ်တိုးတက်မှု စံနစ်ကို နားမလည်ရှာတဲ့
သနားစရာလူတွေဖြစ်နေတယ်။ တဘက်ကပြန်ကြည့်တော့ သူတို့ဟာ ခေတ်ဟောင်း၊ သခင် ဟောင်းတို့ရဲ့
ကျွန်ကောင်းတွေ ဖြစ်နေတာတွေ့ရမယ်။ ဒီလူတွေဟာ ဗမာပြည်မှာသာမက လူသား တွေရဲ့ တိုးတက်မှုကို
ဟန့်ထားနေတဲ့ မိုက်လုံးကြီးသူတွေဖြစ်တယ်။
ဆရာဝန်ကောင်းမကောင်း၊စွမ်းမစွမ်း လူနာတွေက ပြောနိုင်တယ်။ ရွှေစစ်မစစ် မှတ်ကျောက်က
ပြနိုင်တယ်။ ပရွက်ဆိတ်က သကြားရှိရာကို ပြနိုင်တယ်။ ဟင်း စပ်တာကို ခလေးက ပြောမှာဘဲ။
ပြောရ ကောင်းလားလိုရိုက် လို့မရဘူး။ မှန်ကန်တဲ့ တုန့်ပြန်မှုရဲ့ အခြေခံ ကျတဲ့ အချက်တွေကို
သိထားမှသာ အမှန်ကို ဖေါ်ထုတ်နိုင်မှာဖြစ်တယ်။ ပြဿနာကိုဖြေရှင်းနိုင်မှာဖြစ်တယ်။။
အခုတော့ ဦးသူဆဲစတမ်း၊ ကောင်းဘွင်ကားထဲကဦးသူပစ်စတမ်း၊
ဦးသူဟောက်စတမ်း လုပ်နေ လို့တော့ ပြဿနာက ပြေလည်စရာမရှိသလို ပဋိပက္ခတွေက ကြီးသထက်ကြီးယုံဘဲရှိတော့မယ်။
စစ်အာဏာ ယဉ်ကျေးမှုစရိုက်တွေက ပြန့်သထက်ပြန့်နေပါတယ်။
ကြမ်းတမ်းတဲ့ရိုင်းစိုင်းတဲ့ အကျင့် တွေက ပြန့်သထက်ပြန့်နေပါတယ်။
ဒါတွေကို တော်လှန်ရေး ယဉ်ကျေးမှုနဲ့ ဆန့်ကျင်ရမှာပါ။
ဆန်ကျင်တယ် ဆိုရာမှာ တတ်နိုင်တဲ့နည်းနဲ့ ဆန့်ကျင်ရမှာပေါ့။ ဥပမာ ခါကျဉ်က သူတတ်နိုင်
သလောက် ကိုက်မှာဘဲ။ ကျီးတွေက သူတို့ အော်နိုင်သလောကအော်၊ဆိပ်နိုင်သလောက် ဆိပ်ကြရတာပါဘဲ။
ကျွန်တော်တို့လည်း “မင်းက ဘာကောင်လဲ” လို့ ဆိုတဲ့ သူတွေကို အဖက်မလုပ်၊ ၀ိုင်းကျဉ်ရမယ်၊
ဆန့်ကျင်ရမယ်။ သူဟာ တခြားလူကို ဖိနှိပ်တဲ့ သဘောထားရှိနေလို့ မလိုလားကြောင်း ပြတာ ဆန္ဒပြတာ
တမျိုးပေါ့။
ဒီနေ့လူတွေက အလုပ်သိပ်များနေကြတယ်။
အချိန်ပို သိပ်မရှိကြဘူး။ ဒီကြားထဲက အမြင်တို့ သုံး သပ်ချက်တို့ ပေးဖို့၊ ကော်မန့်
ပေးဖို့ တို့ တောင် မပေးနိုင်ကြတော့ဘူး။ စိတ်ဝင်စားလို့သာ ကော်မန့်ပေး တာကို “မင်းဘာကောင်မို့လဲ” ဆိုပြီး
အထက်စည်းက နှိမ်သလိုလို၊ ချိုးသလိုလို ပြောဆိုတာတွေက ဗိုလ်ကျ နည်း တမျိုးပါဘဲ။ ဒါတွေက
မလုပ်သင့်ပါဘူး
ဘာကောင်မှ မဟုတ်တဲ့ သူက ဘာမှမပြောရတော့ဘူးဆိုရင်
ဘာကောင်ကြီးဖြစ်မှ ပြောရမလဲ လို့ မြန်မေး ရမည့်ပုံဘဲ - အကောင်ကြီး ဖြစ်လို့ ပြောလိုက်ရင်တော့
မှန်မှန်မမှန်မှန် ဒီလူငုံ့ခံမှာ သေချာတယ်။ ဒီတော့ သူ့ရဲတန်ဖိုးက ဘယ်မှာရှိမလဲ အထက်ဖါး အောက်ဖိ
သမားဘဲ ဖြစ်တော့မယ်။ ဒီလိုစရိုက်မျိုးက ရုန်းထွက် ကြရမယ်။ ကျင့်သုံးသူကိုဆန့်ကျင်ရမယ်။
ဒါမှမဟုတ်ရင်တော့ ကုန်းခံဘ၀နဲ့ ၊ ဘ၀ဟာ ငုံးတိတိနဲ့ အညွန့် တက်စရာ အကြောင်း မရှိတော့ဘူး။
လူလူချင်း လေးစားသင့်တယ်။ သူ့အဆင့်
သူအသိကို နားလည်မှုပေးသင့်တယ်။ ဒီနေ့ သူများကို ပိတ်ပင် တဲ့ သူဟာ နောက်နေ့မှာ သူကိုယ်တိုင်
အပိတ်ပင်ခံရတဲ့ သူဖြစ်သွားလိမ့်မယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ပိတ်ပင်တဲ့ အလုပ်ကို၊ နည်းကို
သူကအားပေးခဲ့လို့ပါဘဲ။
လွတ်လပ်မှုအတွကနေ ပိုမိုလွတ်လပ်မှု အတွက် နည်းမျိုးစုံ နဲ့ ကမ္ဘာအရပ်ရပ် လူသားတွေ လှုပ်ရှား
တိုက်ပွဲဝင်နေတဲ့ ဒီနေ့လိုကာလမှာ တခြားသူရဲ့ အခွင့်အရေးကို အားမပေးတဲ့ အပြင် တားဆီးပိတ် ပင်တဲ့
“ မင်းကဘာကောင်မို့လဲ” လို့ ပြောတတ်တဲ့ သူကို ကျွန်တော်တို့ ၀ိုင်းဝန်းရှုတ်ချ ဆန့်ကျင်သင့်ပါတယ်။
လူလူချင်းလေးစားကြ။
ဖိနှိပ်မှုကို
ဆန့်ကျင်ကြ။
အခွင့်အရေးကိုကာကွယ်ကြ။
ဦးအေးဆောင်
၎၊၁၊၂၀၁၈။
0 comments:
Post a Comment