ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Friday, March 1, 2019

လုပ်စေချင်တဲ့ အရာ


လုပ်စေချင်တဲ့ အရာ
လူထုတွေရဲ့ စွမ်းပကားကို ယုံကြည်သူတယောက် အနေနဲ့ လူထုတွေ ဆက်စပ်စုစည်း လှုပ်ရှား တတ်အောင် လုပ်ပေးရမယ်ဆိုတဲ့ အတွေးက စိတ်ကူးထဲမှာ အမြစ်တွယ်နေတာကြာခဲ့ပြီ။ ဒါပေမဲ့ အ ကြောင်း ကြောင်းတွေကိုတွေးရင်း အချိန်တွေ ကုန်လာခဲ့ရတယ်။  ကြာလာသည်နှင့်အမျှ ရေးချင်စိတ်ကလည်း တိုးတိုး လာနေတော့ ကျွန်တော့် အမြင်ကို တင်ပြဖို့ ဆုံးဖြတ်လိုက်ပါတယ်။
စစ်တပ်ဒေါက်တိုင်ပါတီတွေကို မဲမပေးနဲ့၊NLD ကိုမဲမပေးနဲ့၊ တခြား တိုးတက်တဲ့ အရပ်သားပါတီကို အားပေးပါ လို့ ဆိုတော့၊ တခြားပါတီမှမရှိတာလို့ လူတယောက်ကပြန်ပြောတယ်။ ဒီတော့ ကျွန်တော်က ပါတီ ထောင် ပေါ့လို့ ဆိုလိုက်တယ်။ ပါတီတခုထောင်ဖို့ ဆိုတာမလွယ်မှန်းသိပေမဲ့ လွယ်တာကိုဘဲ ရွေးလုပ် တတ်တာကိုတော့ ကျွန်တော်က သိပ်အားမပေးချင်ပါဘူး။ ခက်တာတွေကို ဘယ်သူကလုပ်ကြတော့မှာလဲ။  လိုလျှင်ကြံဆ နည်းလမ်းရ - ဆိုတာကို လက်ခံ စေချင်ပါတယ်။ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ တပါတီ မဆလခေတ် တွေတုန်းလည်း မြေအောက် လှုပ်ရှား မှုတွေကို ကျွန်တော်တို့ ပြည်သူတွေ လုပ်ဝံ့ကြတယ်။ လုပ်ခဲ့ကြတာဘဲ။ အခုလို ပါတီစုံဆိုပြီး လုပ်နေတဲ့ ကာလမှာ ဟိုတုန်းကလောက်ခက်မယ် မထင်ဘူး။ နည်းနာသာ နည်းနည်းလိုမှာပါ။ ရွေးကောက်ပွဲ ခါတော်မှီ  ဖွဲ့လိုက်ကြတဲ့ ပါတီတွေ တထောကြီး။ မှတ်ပုံတင် ပါတီတွေပေါ့။
မဲပေး ရမယ်ဆိုတဲ့ အစွဲက လူထုစိတ်ထဲမှာရှိနေတယ်။  မဲပေးချင်တာထက် လိုချင်တာဘာဆိုတာကို သိဖို့တော့လိုမှာဘဲ။ ကျွန်တော်တို့ ပြည်သူ့လွတ်မြောက်ရေး တပ်ဦးအနေနဲ့ “စစ်အာဏာရှင်စံနစ်တိုက် ဖျက် ရေးသည်သာ  ယနေ့တော်လှန်ရေး တာဝန်ဖြစ်သည်”လို့ဆိုထားတော့ စစ်အာဏာရှင် စံနစ်ကို တိုက်ဖျက်မည့် နိုင်ငံရေးပါတီ ၊ဒါမှ မဟုတ် တိုက်ဖျက်မှုကို ဦးတည်တဲ့ ပါတီကိုသာ မဲပေးရရင် ပေးမှာပါ။ “ တော်လှန် ရေးတာဝန်” ဖြစ်နေလို့လည်း တော်ယုံတန်ယုံလူက အနားတောင်သီမှာမဟုတ်မှန်းသိပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်ရဲ့ တာဝန်က တာဝန်သာဖြစ်ပါတယ်။ ထမ်းဝံ့ မထမ်းဝံ့က ကာယကံရှင် တယောက်ရဲ့ ခံယူချက် သာဖြစ်မှာပါ။ 
မှတ်ပုံတင်မှ နိုင်ငံရေးလုပ်ရတယ်လို့ ကျွန်တော်မယုံကြည်ဘူး။ ကိုယ့်မှာ ခိုင်မာတဲ့ နိုင်ငံရေး ယုံကြည် ချက်ခံယူချက်ရှိရင် မှတ်ပုံတင်တင်၊ မတင်တင်လုပ်လို့ရတာပါဘဲ။ အရင့်အရင်က ကွန်မြူနစ်ပါတီတွေကော မှတ်ပုံတင်ကြလို့လား၊ ဖဆပလက ကော ဂျပန်ဆီမှာ မှတ်ပုံတင်လို့လား။ ဒီတော့ နိုင်ငံရေး ခံယူချက်သာ အဓိကကျတာကို သိစေချင်လို့ပါ။
နိုင်ငံရေး ခံယူချက်အကြောင်းကို ပြောဖို့ လိုအပ်လာပြီ။ နိုင်ငံရေး ဖြစ်တဲ့ အတွက် နုလုံးသားရေးရာ လောက်တော့ မသေးဘူး။ ကြီးလွန်းလို့ တယောက်ထည်းနဲ့လည်း မနိုင်ဘူး ဒီတော့ တခြားလူတွေပါ ပါဝင် ပတ်သက်လာအောင်၊ တိုက်ပွဲဝင်လာအောင်လုပ်ဆောင်ရမှာဆိုတော့ တကိုယ်ထည်း ကျိတ်ခံစားနေလို့ မပြီး တော့ဘုး။ ဖြန့်ကျက်ရတော့မယ်။
ဒီနေရာမှာလည်း ကိုယ့်လွတ်လပ်ခွင့်လေး ထိပါးမှာစိုးလို့ ဘယ်ပါတီမှ မပါဘူးဆိုတဲ့ လူတွေ လည်း တွေ့ဘူးတယ်။ ဘယ်လောက်တော်တဲ့ ဘော့လုံး သမားဖြစ်ဖြစ် တယောက်ထည်းနဲ့ တော့ ဖလား မရနိုင်ဘူး ဆိုတာကို သိဖို့လိုပါတယ်။ နိုင်ငံရေး၊ တော်လှန်ရေး ဆိုတော့ ပိုလို့တောင် လူများများဝိုင်းဖို့ လိုနေတာပေါ့။ ၀တ္တရားလေးပိုတာ၊ ကိုယ့်လွတ်လပ်မှုလေး ထိခိုက်တာလောက်တောင် မခံနိုင် ရင်တော့ ဧကစာရီ အကျင့် သာကျင့်ပေတော့။ သူများတွေရဲ့ သားကောင်ဘ၀က ဘယ်တော့မှ လွတ်မှာလည်းမဟုတ်ပါ။ အထူး သဖြင့် ဘ၀င် မြင့်တဲ့ ပညာတတ်တွေမှာ ဖြစ်တတ်ပါတယ်။ ဒေါ်စုလို အနောက်တိုင်း ပညာတတ် တောင် ပါတီထောင် ရမယ်ဆိုတာသိလာရတာဘဲ။
“နောက်တန်းကဗမာတယောက်” စာအုပ်ထဲမှာ နိုင်ငံရေး၊တော်လှန်ရေး လုပ်မယ် ဆိုရင် ပါတီရယ်။ လမ်းစဉ်ရယ်၊ လူတန်းစားရယ် ဆိုတာရှိရမယ်လို့ လီနင်ရေးတာကို ကိုးကားပြီး တင်ပြထားပါတယ်။ တကယ်က လမ်းစဉ်က အရင် ရှိရမှာပါ - ဘာလိုချင်တယ် ဆိုတာပေါ့။ ဥပမာ - ကိုလိုနီစံနစ် ဆန့်ကျင်ချင်တာလား၊ ဖက်ဆစ်စံနစ် တိုက်ဖျက်ချင်တာလား၊ ဘာစံနစ် ဖြစ်နေလဲ၊ပြောင်းချင်တာလား၊ မပြောင်းချင်ဘူးလား ဆိုတာ တွေပေါ့။ ကျွန်တော်က တော့ “စစ် အာဏာရှင် စံနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီစံနစ်ထူထောင်ရး” လုပ်စေချင်တာ ။ ဒီလိုဆိုတော့ စစ်အာ ဏာရှင် စံနစ် မတိုက်ဖျက်ချင်တဲ့ လူ၊ စစ်အာဏာရှင်တွေနဲ့ ပေါင်းစား ချင်တဲ့ လူ၊ နေရာရပြီးတမ်း ဆိုသူတွေနဲ့ တော့ ကွာမှာ ပါဘဲ၊ ကွာကိုကွာရမှာလည်း ဖြစ်ပါတယ်။
လူတဦးတယောက်အနေနဲ့ အစုအဖွဲ့ မရှိရင် အားမရှိပါဘူး။ ဒါကြောင့်ဘဲ လူတွေဟာ အမျိုးအခြေခံ၊ ရပ်ရွာအခြေခံ၊ ဘာသာရေးအခြေခံတွေနဲ့ အနိမ့်ဆုံး စုစည်းနေကြရတာပါ။ အခုစုစည်းမှုကတော့ နိုင်ငံရေးအမြင် အရ စုစည်းရမှာ ဖြစ်တယ်။ စစ်အာဏာရှင် တိုက်ဖျက်ရေး၊ ဒီမိုကရေစီထူထောင်ရေး အမြင်ပေါ်မှာ ရပ်တည် စုစည်းကြရမှာဖြစ်တယ်။
လူထုတွေကို စုစည်းဖို့ ဆိုတာကလည်း မြင့်မားတဲ့ နိုင်ငံရေးရည်ရွယ်ချက်ဖြစ်မှ တူနိုင်ပါတယ်။ အသေး အဖွဲအမြင်တွေနဲ့ စုစည်းထားရင်တော့ မကြာခင် အမြင်တွေကွဲပြားသွားနိုင်ပြီး အင်အားဆုတ်ယုတ်သွားနိုင် ပါတယ်။ ဥပမာ - လွှတ်တော်ထဲ ၀င်ပြင်နဲ့ ပြင်ဝင်ကိစ္စ၊ ခြေဥပြင်ရေး နဲ့ ဖျက်ရေးကိစ္စ ဟာ လူတွေကိုကွဲပြားစေပြီး စစ်အာဏာဆန့်ကျင်တိုက်ဖျက်ရေးကသာ လူတွေကို စုစည်းဖို့ ပို အားကောင်း စေမှာဖြစ်ပါတယ်။ ဒါပေမဲ့ ခြေဥပြုပြင်ရေးနဲ့ တိုက်ဖျက်ရေး အလုပ်ဟာ ကြော်ငြာကောင်းလို့ ခေတ်စားနေတော့ စစ်အာဏာ တိုက်ဖျက်ရေး အမြင်ရဲ့ လက်အောက်ခံသာဖြစ်တယ်ဆိုတာကို သတိပြုဖို့တော့လိုပါတယ်။ ဒါမှသာ စုစည်းမှုကို ထိန်းသိမ်းနိုင်စရာ ရှိပါတယ်။ ဒါမှ မဟုတ်ရင်တော့ သာမညအကြောင်းအရာတွေသာ လွှမ်းမိုးနေပြီး အဓိက ပစ်မှတ်က ဘေးရောက်သွားခါ ပြန်ဒုက္ခပေးမြဲ ပေးနေပါလိမ့်မယ်။
စုစည်းရေး၊ စည်းရုံးရေးဟာ လှုပ်ရှားမှုတိုင်းရဲ့ အသက် ဖြစ်တာကို နိုင်ငံရေးလေ့လာသူတိုင်း သိထားပြီးသားပါ။ အရေးပါတာကိုလည်း နားလည်ကြပါတယ်။   ဒါပေမဲ့ အချိန်ကာလ အလျှောက် ဘယ်ပေါ်မှာ စည်းရုံးကြရမလဲ ဆိုကို သိတဲ့သူနည်းပါတယ်။ သိတဲ့လူနည်းတယ် ဆိုတာက သူတို့ လုပ်ကိုင်နေကြတဲ့ လှုပ်ရှားမှုတွေကို ကြည့်ပြီးပြောရတာပါ။ ဥပမာ NLD ဆိုရင် လူထု ဆန့်ကျင်ရေးဘက်တောင် ရောက်နေပြီ။ ဒါကြောင့်ဘဲ သိတဲ့သူနည်းတယ်လို့ ဆိုတာပါ။
ယခုလက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေအရ လူထုတွေက ထက်မြက်တဲ့ အမြင်တဲ့ နိုင်ငံရေး ထဲမှာ အဓိကကျတဲ့ အခန်းကဖြစ်လာအောင် လုပ်ဖို့ အချိန်ဖြစ်နေပါတယ်။ အဓိကကျတဲ့ အခန်းကပါဖို့က အထက် ဖေါ်ပြခဲ့ သလို စုစည်းမှုအားရှိဖို့ လိုပါတယ်။ ဒီတော့ ဘယ်လိုစုစည်းမလဲ ဆိုတာကို အထက်က ပြောခဲ့ သလို ဘဲ စစ်အာဏာရှင် စံနစ် တိုက်ဖျက်ရေး ဆိုတဲ့  မြင့်မားတဲ့ နိုင်ငံရေးအမြင် ပေါ်မှာ စုစည်းရပါလိမ့်မယ်။စုစည်းတဲ့ ပုံစံကို “ လွတ်မြောက်ရေး ကော်မီတီ (လမက)” လို့ ခေါ်ချင်ပါတယ်။ ဘယ်လိုနံမယ်ဘဲဖြစ်ဖြစ် ရေရှည် မြင့်မားတဲ့ နိုင်ငံရေး အမြင်နဲ့ စုစည်းဖို့က အရေးကြီးပါတယ်။
စုစည်းရမည့် အခြေခံမူရရင် - စုစည်းဖို့ နည်းနာတွေလိုပါတယ်။ သေခြာတာက ဗြောင်လုပ်ဖို့ အခက် အခဲရှိရင် လျှို့ဝှက်လုပ်ရမှာဘဲ။ ဘယ်လိုလျှိုဝှက် လုပ်ရမလဲ ဆိုရင် မြေအောက်လှုပ်ရှားမှုတွေနဲ့ ပတ် သက် တဲ့ စာအုပ်စာတမ်းတွေမှာရှာ ဖတ်လည်းရတယ်။ ၀ါရင့်တော်လှန်ရေးသမားတွေ ဆီကလည်း လေ့လာ နိုင်ပါတယ်။ လျှို့ဝှက်ရေး စည်းမျဉ်းတွေတော့ သိထားဖို့ လိုမှာပေါ့။
လျှို့ဝှက် “လမက” ပေါ်လာလို့  လှုပ်ရှား မယ်ဆိုရင်လည်း တိုက်ပွဲနည်းနာလိုပါတယ်။ ဖြစ်သင့်တာ က“လူထုတိုက်ပွဲ - လက်နက်ကိုင်တိုက်ပွဲ” နည်းနာကို ကျင်သုံးစေချင်ပါတယ်။ လူထုတွေက မကျေနပ်ချက်ကို ထုတ်ဖေါ်ရာမှာ၊ တောင်းဆိုဆန္ဒပြရတာ၊ သပိတ်မှောက်တာ၊ စီတန်းလှည့်လယ်တာတွေ လုပ်ရတယ် ဆိုတာကို နားလည်ထားကြပေမဲ့ ၊ လက်နက် ကိုင်တိုက်ပွဲ အကြောင်းကိုတော့ သိပ်သဘောပေါက်ပုံ မရဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ၈၈ ဆန္ဒပြတုန်း က စစ်သားတွေ ပါလာပေမဲ့ အာဏာမသိမ်းနိုင်ခဲ့ပါဘူး။ အခုလည်း လက်နက်ကိုင်တိုက်ပွဲနည်းနာထက် ဆွေးနွေးယူရေး၊ ရင်ကြားစေ့ရေး တွေကိုဘဲလုပ်နေကြတာတွေ့ရမှာပါ။  ဒါဟာ လက်နက်ကိုင်လမ်းစဉ်မရှိလို့ပါ။ ဒေါ်စုလောက် အားကိုးနေသူတွေက အာဏာသိမ်းဖို့လည်း စိတ်ကူး မည့်သူတွေ မဟုတ်ပါဘူး။ အာဏာရှင် ကို လူထုအင်အားအာဏာနဲ့ သာဖြုတ်ချနိုင်ပါလိမ့်မယ်၊ ရွေး ကောက် ပွဲတို့၊ ဆွေးနွေးမြူဆွယ်မှုတို့ က စစ်အာဏာရှင် ကို အယားပြေစေယုံလောက်သာဖြစ်စေပါတယ်။ ဒါကြောင့်ဘဲ “  လူထုတိုက်ပွဲ - လက်နက်ကိုင်တိုက်ပွဲ” လမ်းစဉ်ဟာ လိုအပ်နေပါတယ်။ လက်နက်ကိုင်တိုက်ပွဲဟာ တောမှာဘဲ လုပ်လို့ရတယ်လို့ တလွဲ မတွေးစေချင်ပါဘူး။ ဇာဘုရင် တပ်ထဲက လီနင်တို့ လူတွေက အာဏာသိမ်းနိုင်တာ လက်နက် ကိုင်လမ်းစဉ်ရှိတာကြောင့်ပါဘဲ။ လီနင်က တောခိုပြီး ပျောက်ကြား ပစ်တဲ့ အလုပ်ကို မလုပ်ခဲ့ရပါဘူး။ အီရန်က အယာတိုလာ ခိုမနီလည်း ရှားဘုရင့်တပ်ကို အမြှောက်နဲ့ မပစ်လိုက်ရပါဘူး။ ဒါတွေက သူများတွေ အာဏာသိမ်းနိုင်တာ လက်နက်ကိုင် လမ်းစဉ် ရှိနှင့်ထားလို့ဆိုတာသိစေချင်လို့ပါ။  ဒါတွေက ကြို တင် ချမှတ် ထားရတဲ့ နည်းနာတွေပါ။ အရေးပေါ်မှ ဆိုရင် ငြင်းခုံနေရတာနဲ့ ပြေးပေါက်မှားသွားနိုင်ပါတယ်။
အခြေခံလုပ်ငန်းက နေရာတိုင်းမှာ “ လမက” တွေဖေါ်ဖို့ ဖြစ်ပါတယ်။ လက်ငင်းအခြေအနေမှာ လျှိုဝှက် လှုပ်ရှားမှုဖြစ်နေတော့ နံမယ်အမျိုးမျိုးနဲ့ စုစည်းမှုကို လုပ်ပြီး တိုးတက်တော်လှန်သူတွေနဲ့ လျှိုဝှက် ဆက်စပ် ဖွဲ့ကြရမှာဘဲ။ဒီလိုလုပ်ဖို့က စီစဉ်တတ်ဖို့တော့လိုမယ်။ ဒါတွေက လေ့လာစူးစမ်းရင်းနဲ့ လက်တွေ့ကျင့်သုံး သွားရမည့်အလုပ်တွေ။ ဒီလိုဖြစ်နိုင်အောင် ကျွန်တော်က အားပေးချင်တယ်။ plfburma@gmail.com ကိုဆက်ပြီး ဆွေးနွေးနိုင်ပါတယ်။
ကျွန်တော့်အတွေ့အကြုံ အရ - လူတွေက မတရားမှုကို ဆန့်ကျင်ချင်တယ်၊ ဖိနှိပ်မှုကို တွန်းလှန် ချင်တယ်။ ဒါပေမဲ့ အားမရှိဘူး။ အားကို ဘယ်လိုမွေးရ မလဲလည်းမသိဘူး။ သိပြန်တော့လည်း ဂိုဏ်းဂဏတွေ၊ လူမျိုးရေး၊ဘာသာရေး၊ပုဂ္ဂိုလ်ရေး အတွေးအခေါ်တွေရဲ့ အတားအဆီးအောက်မှာ လမ်းပျောက်နေကြ တာကို ဘဲ ၀မ်းနည်းစွာ တွေ့နေရလို့ ကျွန်တော်တို့ ခေတ်မှာ စစ်အာဏာကို ဖြိုချနိုင်ရေး အတွက်ဒါတွေကို ကျော်လွန် ဖေါက်ထွက်သင့်ပါတယ်။
အဖိနှိပ်ခံတို့ ညီညွတ်ကြ။
အောင်ပွဲကိုတိုက်ယူကြ။
ဒီမိုကရေစီ မုချရရမယ်။

ဦးအေးဆောင်
မတ်လ ၂။ ၂၀၁၉။

Saturday, February 16, 2019

တော်လှန်ရေး အဓွန့်ရှည်ပါစေ။


တော်လှန်ရေး အဓွန့်ရှည်ပါစေ။

ဒီကြွေးကြော်သံဟာ နိုင်ငံတကာ လက်ဝဲအင်အားစုတွေ ပြုလုပ်တဲ့ အစည်းအဝေးတွေမှာ ကြွေး ကြော်လေ့ရှိတဲ့ ကြွေးကြော်သံပါ။ ဒီကြွေးကြော်သံကို ၈၈ အရေးတော်ပုံကနေ ထွက်လာတဲ့ အင်အား စုတခုက လူတယောက်က အစည်းအဝေးတခုမှာ ကြွေးကြော် လိုက်တယ်ဆိုဘဲ။ ဒီတော့ အစည်း အဝေး တက် ရောက်သူတွေက တော်လှန်ရေးက ကြာလာပြီ ပိုကြာအောင်တော့ မလုပ်ပါနဲ့ ဆိုပြီး ကန့်ကွက် ကြ တယ်တဲ့။ ကြွေးကြော်တဲ့ လူကို ၀ိုင်းလှောင်ကြတယ်တဲ့။ ကြွေးကြော်တဲ့ သူကလည်း ဘာမှပြန်မချေပနိုင်သလို သူကိုယ် တိုင်လည်း နောက်ဘယ်တော့မှ အဲဒီကြွေးကြော်သံကို မကြွေးကြော်တော့ဘူးတဲ့။ ဒီကြွေးကြော်သံကို အားပေးထောက်ခံသူလည်း မရှိခဲ့ကြပါဘူး ဒါဟာတကယ်ဖြစ်တဲ့ ဖြစ်စဉ်ပါ။
          ဒါကို ကျွန်တော်ကြားပါတယ်။ ကျွန်တော်က သူတို့အဖွဲ့ထဲကမဟုတ်သလို၊ သူတို့က အရင်လူတွေ တော်လှန်ရေး မလုပ်တတ်လို့ကြာတယ် လို့ ယူဆသူတွေဆိုတော့ အရင်လူ ကျွန်တော်က ဘာလို့ ၀င်ပြောရ တော့မှာလဲ။ ၀င်ပြောရင်လည်း ဆရာလုပ်တယ်လို့ဘဲထင်မယ်ဆိုတာ သိနေပြီးသား။အဲဒီတုန်းက သူတို့တတွေ မိုးမမြင်လေမမြင် ဘ၀င်မြင့်နေတဲ့ ကာလဆိုတော့ ဒီတော့လည်း မောင်လိုနေမြဲ ကျားနေမြဲဘဲ နေခဲ့ လိုက်ပါတယ်။
          အခုကဘာလို့ပြောချင်ရတာလဲ ဆိုတော့ အမြင်မှားကြီးတခုကို အဟုတ်မှတ်ပြီး တော်လှန်ရေး လှုပ်ရှား မှု တလျှောက်မှာ မတင်ကျန်စေချင်လို့ပါဘဲ။ “တော်လှန်ရေး အဓွန့်ရှည်ပါစေ” ဆိုတဲ့ စကားက “တော်လှန်ရေး” ဆိုတာကို အဓိပ္ပါယ် သေသေချာချာမသိဘဲ သူများအော်လို့ လိုက်အော်တော့ တကယ့်တကယ် ရဆိုင် ဖြေရှင်းရတော့မယ်ဆိုတော့ မဖြေရှင်းနိုင်ဘဲ ဖြစ်သွားတာ၊ မရင်ဆိုင်နိုင်တာကို ဒီအထက်ကဖြစ်ရပ်က ပေါ်လွင် နေ့ပါတယ်။
          “ တော်လှန်ရေး” ရဲ့ အနက်အဓိပ္ပါယ်က ကျယ်ဝန်းလှပါတယ်။ ၈၈ ကလူတွေ တောလာခိုပြီး အိမ်ကို မြန်မြန်ပြန်နိုင်ရေးလောက် ဟာ “တော်လှန်ရေး”ဆိုတဲ့အသိလောက်နဲ့ လာကြတာတော့ အခုအချိန်မှာ မှားမှန် သိလောက်ပြီလို့ထင်ပါတယ်။ “တော်လှန်ရေး” ဆိုတဲ့ အဓိပ္ပါယ်ဟာ အိမ်ပြန်ရေးလောက်သာမက၊ မြန်မာပြည် တော်လှန်ရေး လောက်သာမက၊ စင်္ကြာဝဠာအတွင်း အရာရာမှာ တိုးတက်ဖြစ်ပေါ်မှုအတွက် တော်လှန် ပြောင်းလဲ ရမယ် ဆိုတဲ့ အမြင်အထိ ခံယူသိရှိဖို့ လိုပါတယ်။သဘောတရား နက်နက်နဲနဲပေါ့။
          ဒါကြောင့်ဘဲ အသက်စွန့်တိုက်ပွဲဝင်သူတွေ၊ကြိုးစင်တက်ခါနီးသူရဲကောင်းတွေက ဒီကြွေးကြော်သံကို ကြွေးကြော် တတ်ကြပါတယ်။
          တော်လှန်ရေးရဲ့ နက်နဲပုံကို ကျွန်တော် ဥာဏ်မှီသလောက်ပြောပြပါရစေ။ ကျွန်တော်တို့ နေတိုင်း တော်လှန်နေရတယ် လို့ ဆိုရင် ယုံမလား - ကျွန်တော်တို့ဟာ ကမ္ဘာရဲ့ ဆွဲအားကို ဆန့်ကျင်ပြီး တော်လှန် ရပ်တည်နေရတာပါ။ ဒီလိုရပ်တည်နိုင်ဖို့ လိုအပ်တဲ့ လောင်စာကို ကျွန်တော်တို့ ကိုယ်ထဲထည့်နေရတယ်။ အစာစားရတယ်၊ သောက်ရတယ်ပေါ့။ ဆွဲအားကို မတွန်းလှန်နိုင်ရင် ကိုယ်လက်ကိုက်ခဲတာ၊ မလှုပ်ချင် မရှားချင်ဖြစ်လာမှာပါဘဲ။ ဒါတွေက သဘာဝတရားအရ ရုန်းကန်နေကြရတာကို သိစေနိုင်ပါတယ်။ တွန်းကန် အား မရှိတော့ တဲ့ လူသေတွေရဲ့ ကိုယ်ခန္ဓာက လူရှင်တွေထက်ပိုလေးပါတယ်။ ဒါကို မသိနား မလည်သူတွေက သရဲစီးတယ်လို့ ဆိုကြတာဘဲ။
လောကမှာ ရုန်းကန်လှုပ်ရှားရတာကို သန္ဓေသားဘ၀ကနေ မိခင်ဝမ်းထဲက ကျွတ်လာရပုံ၊ ကြက် ကလေးတွေ ကြက်ဥထဲက ဖေါက်ထွက်လာရပုံ၊ လေတိုက်တုန်း ကြောင်ရှာသီးတွေ ကွဲထွက်ပြီး အစေ့ တွေပြန့်လွှင့် သွားကြပုံတွေက အဆင့်တခုအတွက် ရုန်းကန်ပြောင်းလဲ ရတာကို ပြတဲ့ သက်သေတွေပါဘဲ။
တော်လှန်ရေးရဲ့ သဘောတရားကို မသိဘဲ အိမ်ပြန်ချင်တာ လောက်နဲ့ တော်လှန်ရေးကို ကြည့်မြင်ကြ တော့ တော်လှန်ရေးက တောမှာဘဲရှိသယောင် ထင်မှတ်မှားနေတာကို သိသာစေပါတယ်။ ဒီတော့လည်း သူတို့ တော်လှန်ရေးက သက်ဆိုးရှည်ဖို့ ခက်တော့တာပေါ့။ မသိနားမလည်ရှာတဲ့ သူတွေကလည်း သူတို့ နဲ့ အတူ ကိုယ့်ကိုယ်ကို ဘာဖြစ်မှန်းမသိ ဖြစ်သွားကြရတော့တယ်။ ဒါတွေကို မမြင်ချင်ပါဘူး။
ခတ်တိမ်တိမ်အမြင်နဲ့ နိုင်ငံရေး၊ တော်လှန်ရေး လုပ်သူတွေကို မကြာမကြာတွေ့ပါတယ်။ လူမျိုးစု တခုရဲ့ ခေါင်းဆောင် တယောက်နဲ့ ရင်းနှီးလို့ သူကို “ ခင်ဗျားအဖွဲ့ ဂိတ်ဖွင့်ပြီး ရံပုံငွေ ကောက်ပါလား ” လို့ပြောတော့ သူက “  ကောက်စားတာထက် (NGO ဆီက)တောင်းစားတာ သက်သာတယ်” တယ်တဲ့ဗျား - ကောင်းရော။
ဒီတော့ အခုလည်းနိုင်ငံရေး နယ်ပယ်ထဲမှာ စစ်ဗိုလ်တွေ အလုံးအရင်းနဲ့ ၀င် နေရာယူဖို့ပြင် နေကြပြန် တယ်။ သူတို့တတွေလည်း ပင်စင်စားတာထက် လွှတ်တော်မှာ မျက်မျက်ကလေးရသလို အာဏာပါဝါ တွေ လည်း ရဦးမယ်ဆိုတော့ ငါးမရ ရေချိုးပြန်မည့်သူတွေသာဖြစ်နေတယ်။ လူထုဆီက မဲရအောင် လိမ်တာက လူထုတွေအတွက် လုပ်တာထက်လွယ်တယ်လို့ ယူဆတဲ့ လူတွေသာဖြစ်နိုင်တယ်။
တော်လှန်ရေးက - သိပြီး လုပ်လုပ်မလုပ်လုပ် ဖြစ်နေမှာဘဲ။ လူပိန်းကြိုက် အလွယ်လိုက် တာက လွယ်သလိုလို ကောင်းသလိုလိုရှိပေမဲ့ အချိန်နဲ့ ဒီရေကြားမှာ ဒုက္ခတွင်းက ပြည်သူတွေ ဒုက္ခရောက် သထက်ရောက် အချိန်တွေကြာ သထက်ကြာပြီး အမျိုးကန်းတဲ့ အဖြစ်တွေကို ရောက်သွားနိုင်ပါတယ်။
ဒီတော့ ရှေ့ရေးကို ဝေးဝေးကြည့်ပြီး “တော်လှန်ရေး အဓွန့်ရှည်ပါစေ”  ဆိုတဲ့ ကြွေးကြော်သံကို မြင့်မြင့်မားမား လွှင့်တင်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
တော်လှန်ရေး အဓွန့်ရှည်ပါစေ။
အောင်ပွဲကို တိုက်ယူကြ။

ဦးအေးဆောင်
ဖေဖ၀ါရီ - ၁၇။ ၂၀၁၉။



Wednesday, July 11, 2018

စစ်အာဏာနေ၀င်ချိန် ရောက်တော့မယ်


စစ်အာဏာနေ၀င်ချိန် ရောက်တော့မယ်
၂၁ရာစု ပင်လုံ ညီလာခံဆိုတဲ့ အစည်းအဝေးဟာ ဗိုလ်မင်းအောင်လှိုင် နောက်ကောက် ကျရတဲ့ပွဲပါ။ ဒေါ်စုက သူ့ကို ထိုးတာမဟုတ်ပါဘူး။ တရုတ်ကထိုးလိုက်တာပါ။ ဒီပွဲက တရုတ်ရဲ့ ဗလ ပြပွဲလို့ လည်း ဆိုနိုင်ပါတယ်။
ဒီပွဲမှာ မြန်မာ့နိုင်ငံရေး ရှုခင်းကို ဓါတ်မှန်ရိုက်ကြည့်သလို  ထုတ်ချင်းဖေါက် မြင်နိုင်ပါတယ်။ မြန်မာပြည်မှာ အာဏာပါဝါ တွေကို ချုပ်ကိုင်ထားတယ်လို့ ယူဆထားတဲ့ သူတွေဟာ တကယ်တော့ တရုတ်ရဲ့ ရွေ့ကွက် အောက်ပါ နယ်ရုပ်မျှသာဖြစ်နေတာကိုလည်း ၀မ်းနည်းစွာ တွေ့နိုင်တယ်။ ဒီနေရာမှာ တရုတ်ကို အပြစ်တင်ဖို့ ပြောချင်တာမဟုတ်ဘဲ ကိုယ့်ပြည်တွင်းအားနည်းချက်ကို ထောက်ပြချင်တာပါ။
ဒီလိုဖြစ်ရတဲ့ အကြောင်းက ပြည်တွင်းညီညွတ်ရေး မရှိလို့ပါ။ညီညွတ်ရလောက်အောင် သဘောထားလည်း မကြီးကြပါဘူး၊ အမျှော်အမြင်လည်းမကြီးကြပါဘူး။  ဒီတော့ ဘေးပယောက ၀င်တာ မဆန်းလှဘူးပေါ့။
အခုတော့ တရုတ်က ဒေါ်စုဘက်ပင်း ကစားတော့မယ်။ သူရည်ရွယ်ချက်က ရှင်းပါတယ်။ တိန်ရှောက်ပင်ပြောသလို “ ကြောင်ဖြူဖြူ ၊ နက်နက် ကြွက်ခုတ်ဖို့ဘဲ လိုတယ်” ဆိုတော့ စီးပွါးရေး အမြတ် တခုထည်းနဲ့ တွက်မှာပါ။ ပိုးလမ်းမ စီမံကိန်းကလည်း ခေါင်းတောင်ပြူနေလေတော့ သူကတော့ မရောင်း ပါဘူးပြောလည်း ချိန်သာချိန်ပါ ဆိုတဲ့ ဂိုက်နဲ့ လာမှာပါ။ ဒါကသူ့ဘက်။
ကျွန်တော်တို့ဘက်ပြည်တွင်းမှာတော့ စစ်တပ်ဟာ သူ့သြဇာပြန်ထိန်းဖို့ နည်းမျိုးစုံသုံးပြီး ဒေါ်စု ဘက်ကို ဗြောင်ရော၊ လျှိုဝှက်ပါဆန့်ကျင်လာပါလိမ့်မယ်။ ဒီတော့ ကျွန်တော်တို့ ပြည်သူတွင်း ပဋိပက္ခ တွေပို များလာပါလိမ့်မယ်။ တခြားပြည်ပ ပယောဂတွေလည်း ပိုဝင်လာနိုင်ပါတယ်။ ဒေါ်စုကလည်း တခြား ဒီမိုက ရေစီ အင်အားစုတွေကို အဖက်လုပ်စုစည်းတဲ့ မူမရှိ၊ ဗျူဟာလည်းမရှိတော့ အားကြီးလာစရာ အကြောင်း မရှိပါဘူး။ နိုင်ငံခြားသြဇာတွေကြားမှာ အသုံးချ ခံရင်း ဇာတ်မျောသွားနိုင်ပါတယ်။
မြန်မာပြည်ဟာ ကိုယ်ပိုင်လွတ်လပ်မှုနဲ့ ရပ်တည်နိုင်ဖို့ ခိုင်မာတိကျတဲ့ ခေါင်းဆောင်မှုဟာ အထူးလိုအပ်နေတာပါ။ ဒီလိုဖြစ်လာဖို့က “တိုင်းပြည်အတွက် ”ဆိုတဲ့ စိတ်ဓါတ်ကိုအခြေခံ ရပါလိမ့်မယ်။ ဂိုဏ်းဂဏနဲ့  ရာထူး၊စည်းဇိမ်ဥစ္စာလောက် ဦးထိပ်ထားနေရင်တော့ တိုင်းပြည်က အစည်းပြေသထက်ပြေ သွားးပြီး တရားမ၀င် ကိုလိုနီနိုင်ငံ ဘ၀ကိုရောက်သွားပါလိမ့်မယ်။
ဒါကိုတားဆီးဖို့က စစ်တပ်အပါအ၀င်  ပြည်တွင်း အင်အားစုတွေ စုစည်းညီညွတ်ရေးကိုတည် ဆောက်ရပါမယ်။  ဒီလိုလုပ်ဖို့ - လွတ်လပ်ပြီး လက်ဝဲလက်ျာအပါအ၀င် ပါတီပေါင်းစုံ အစည်းအဝေးခေါ် ရမယ်။ သဘောထားတွေချမှတ်ပြီး  လူထုတွေရဲ့ စစ်မှန်တဲ့  ဆန္ဒကို အကောင်အထည်ဖေါ်ရပါလိမ့်မယ်။
ဒီလုပ်ငန်းတွေဟာ တာဝန်သိတဲ့ စစ်တပ်ထဲက လူတွေအပါအ၀င် လူတိုင်းရဲ့ တာ ၀န်ဖြစ် နေပါတယ်။ ရှောင်လွှဲလို့ မရပါ။ သမိုင်းပေးတာဝန်ဖြစ်တယ်။
တိုင်းပြည်အကျိုးသယ်ပိုးပါ။
လွတ်လပ်မှုကို တန်ဖိုးတားပါ။
ဖိနှိပ်မှုကို ဆန့်ကျင်ပါ။

ဦးအေးဆောင်
၁၁၊၇၊၂၀၁၈။


Tuesday, June 12, 2018

သမိုင်းရေး ရုပ်ဝါဒ - မိတ်ဆက်


 သမိုင်းရေး ရုပ်ဝါဒ - မိတ်ဆက်

ကိုယ်တိုင်အတွေ့အကြုံ အရ သမိုင်းရေးရုပ်ဝါဒ (Historical Materialism) ကို မသိဘဲ ရုပ်ဝါဒကို သဘော ပေါက်ဖို့ခက်ခဲ့ပါတယ်။ သမိုင်းရေးရုပ်ဝါဒကို နက်နက်နဲနဲ လေ့လာမိပြီးတဲ့ နောက်မှာ ရုပ်ဝါဒရဲ့ ခိုင် မာမှုကို ပိုမိုနားလည်လာခဲ့ရပါတယ်။
ရုပ်ဝါဒက နာမ်ဆန်တဲ့ ဖန်ဆင်းရှင်ဝါဒနဲ့ ဆန်ကျင်ဘက် ဖြစ်ပါတယ်။ ကမ္ဘာကြီးက ဘုရားဖန် ဆင်းတာမဟုတ်ဘဲ နေကနေပေါက်ကွဲလာတဲ့ အပိုင်းအစလို့ ယူဆပါတယ်။ ဒီနေ့သိပ္ပံပညာရှင်တွေ ယုံကြည် လက်ခံထားတာပါ။ နေကလွင့်စင်လာတဲ့ အတုံးကြီးက နေစကြာဝဠာထဲမှာ လည်ပတ်ရင်း ချော့မွေ့လာတယ်လို လို့ ဆိုပါတယ်။ ကျောက်တုံးတွေ ရေထဲမျှောတာကြာတော့ ချောမွတ်တဲ့ကျောက်စလစ် ခဲတွေ ဖြစ်လာသ လိုပေါ့။နေရဲ့ ဆွဲဆောင်အားကြောင့် တခြားဂြိုလ်တွေလို ကမ္ဘာဖြစ်လာမည့် အတုံးကြီးက နေကို ပတ်နေရ တယ်။ ကမ္ဘာကို နေကပတ်တယ်၊ နေကိုကမ္ဘာကပတ်တယ် ဆိုတဲ့ အယူအဆတွေကြောင့် ရှေးအ နောက် နိုင်ငံမှာ သိပ္ပံပညာရှင်နဲ့ ဘာသာရေးသမားတွေ အငြင်းပွါးခဲ့ဖူးတယ်။ သတ်ကြဖြတ်ကြတာလဲရှိခဲ့တယ်။
အခုတော့ ကမ္ဘာက နေကိုပတ်တယ်ဆိုတာ လက်ခံထားကြပါပြီ။ နေစကြာဝဠာထဲမှာ လည်ပတ်ရင်း ကမ္ဘာက အပူချိန်လည်းလျှော့လာတယ်။ အခိုးတွေပြန်မဲမှောင်နေရာက မြေပြင်က အခိုးတွေဟာ ရေငွေ့ တွေအဖြစ်ပြောင်းပြီး မိုးရွာချလာတယ်။ ဒီမှောင်မဲံ အချိန်ကနေ မိုးအဖြစ်ရွာချချိန်ဟာ နှစ်ပေါင်း တသန်း လောက်ကြာမလားမသိဘူး။ ဒီနောက် မိုးရေတွေက မြေပြင်ပေါ်မှာရှိတဲ့ ချိုင့်ခွက်ကြီးတွေပေါ်ထဲမှာ ရေကန်လို၊ ရေချောင်းလိုစီးဆင်းကြတယ်။ ရေတွေက အခိုးပြန်လိုက်၊ မိုးရွာလိုက် သံသရာလည်နေခဲ့တယ်။ ဒီလိုကာလ ကလည်း နှစ်ပေါင်းသန်းချီကြာခဲ့တာပါဘဲ။
နောက်တော့ဒီရေတွေထဲမှာ ပိုးလောင်လန်းလို၊ ငါးဖလောင်းလို အကောင်းလေးတွေ ဖြစ်ပေါ်လာတယ်။ ဒီအကောင်းလေးတွေက တဖြည်းဖြည်းနဲ့ ခြေတွေလက်တွေလို ပေါ်လာပြီး ကုန်းမြေပေါ်မှာ ကျက်စား လာကြ တယ်တဲ့။ ဒီအဆင့်ဟာလည်းနှစ်ပေါင်းသန်းချီကြာခဲ့တာဘဲတဲ့။ထွားသွားသတ္တ၀ါ ကနေ အစားအစာရှာဖွေကြ ရင်း တဖြေးဖြေးချင်း လက်ခြေတွေ ရှည်လာတယ်။ ဒီနေရာမှာ ရုက္ခဗေဒ အပိုင်းဘက်မှာလည်း သတ္တ၀ါတွေနဲ့ အပြိုင် ရှင်သန်ပေါက်ရောက်လာတယ်လို့ ဆိုပါတယ်။ ဒါတွေကို စာသုံးရင်း သတ္တ၀ါတွေလည်း အမျိုးမျိုး ရှင်သန်ကြီးထွါးလာကြတယ်။ လူတွေဖြစ်လာမည့် မျောက်ဝံလို သတ္တ၀ါတွေ မပေါ်မှီ ဒိုင်နိုဆောလို သတ္တ၀ါတွေ အရင်ပေါ်နေတယ်လို့ မှတ်သားဖူးတာဘဲ။ လူဝံဆိုတာကလည်း မျောက်လိုသတ္တ၀ါထဲကတမျိုးဆိုပါတော့။ ဒီလူဝံလိုလိုဟာတွေက လွန်ခဲ့တဲ့နှစ်ပေါင်း ၂.၅ သန်းလောက်ပေါ်ခဲ့တာတဲ့။ ဒါတွေကိုတော့ ခေတ်မှီသိပ္ပံ ပညာရှင်တွေက သူတို့တွေ့ရတဲ့ အရိုးတွေ၊ သက်သေတွေကို စမ်းသပ်ရင်းသိလာရတာပါ။ တရွေ့ရွေ့ ဖြစ်စဉ်နဲ့ တဖြေးဖြေးပြောင်းလဲလာတာလို့ ချားလ် ဒါဝင်ဆိုတဲ့ သိပ္ပံပညာရှင်ကြီးက ဆိုခဲ့တယ်။
မျောက်ဝံလိုလို လူဝံလိုလို အဆင့်ကိုရောက်လာကြပြီဆိုပါဆို့။ရှေးဦးလူသားပေါ့။ ရာသီဥတုကကြမ်း၊ ဒိုင်နိုဆောလိုသတ္တ၀ါတွေ၊ ဆင်ရိုင်းတွေ ၊ ကြီးမားတဲ့ သားရဲတိရိစ္ဆာန်တွေ ကြားမှာရှေးဦးလူသားတွေက ကျောက် ဂူ လို လေကွယ်ရာ မိုးကွယ်ရာတွေမှာ ခိုအောင်းနေကြရတယ်၊ အကောင်ကြီးတွေရဲ့ အန္တရာယ်လည်းကင်း အောင်ပေါ့။ ကျောက်ခေတ်လို့ ခေါ်ပါတယ်။ခေတ်ကတော့ နိုင်ရာစားခေတ်။ အမဲလိုက်၊ အစိမ်းစားခေတ်ပေါ့။ အစွယ်တွေ၊ ဂျိုတွေ မရှိတဲ့ ရှေးဦးလူသားတွေက ကျောက်တုံးတွေကို လက်နက်လို သုံး လာတတ်ကြတယ်။ စောင်းထက်တဲ့ ကျောက်ပြားတွေနဲ့ ခုတ်ဖြတ်တတ်လာကြတယ်။ အစုလိုက် နေကြတယ်။ မိသားစုပေါ် အခြေပြု နေကြတယ်။ အမက အမိဖြစ်နေတော့ အမကြီးစိုးတဲ့ စုဖွဲ့မှုလို့ ဆိုတယ်။ မိသား စုလို့ ပြောရတာက သူတို့တတွေ တနည်းမဟုတ်တနည်းနဲ့ လိင်မှုအရဆက်သွယ်နေကြလို့ပါဘဲ။ လင်မယား၊ သားသ မီးရယ်လို့ သတ်သတ် မှတ်မှတ် ဘယ်ရှိကြမလဲ။
မီး - ကိုသုံးခြင်း
မီးကိုသုံးတတ်တာဟာ လူသမိုင်းမှာ အလွန်ကြီးမားတဲ့ တိုးတက်မှုပါ။ မီးကိုတွေ့ နေရတာ တော့ကြာ ပါပြီ။မိုးကြီးလေကြီး လျှပ်စီးတွေလက်၊ မိုးကြိုးတွေပစ် သစ်ပင်ခြောက်တွေ မီးလောင် ၊လူတွေလန့်ထွက်ပြေး ကြနဲ့ ကြုံရတာများခဲ့ပေမဲ့ မီးကို မသုံးတတ်ဘဲ ကြောက်စရာ သတ္တ၀ါတကောင်လို ဝေးဝေးရှောင်ခဲ့ကြတယ်။ ဒါပေမဲ့ ဆန်းစစ်ချင်တဲ့ စိတ်ရှိတဲ့ လူသားတယောက်က တနေ့တော့ မီးစွဲလောင်နေတဲ့ သစ်ကိုင်း ခြောက် တခုကို သူနေထိုင်ရာ ကျောက်ဂူထဲ ယူလာသတဲ့။ မီးတောက်လည်း ဆက်ရှိနေတယ်။ ဒီမီးတောက်ကို သစ်ရွက်ခြောက်နဲ့ ဖုံးကြည့်တော့ မီးကပိုတောက်လာတယ်။ ဒါဟာမီးရဲ့ အစာဖြစ်မှဘဲလို သူကယူဆပြီး မီးမ သေအောင် အစာကျွေးထားတယ်။ မီးထည့်ထားတယ် ဆိုပါတော့။
မီးကိုကျောက်ဂူထဲမှာ မွှေးထားတော့ ကျောက်ဂူကလင်းနေတာပေါ့။ လင်းနေတော့ တခြားအကောင် ကြီးတွေက  မကပ်ရဲတော့ဘူး၊ မီးကအနွေးဓါတ်ပေးလို့ လူတွေလည်း နွေးနွေးထွေးထွေးနေလာနိုင်တယ်။ လင်း လင်း ချင်းချင်း နေလာနိုင်တယ်။ မီးကို တခြားသတ္တ၀ါကောင်ကြီးတွေ ကြောက်မှန်းသိတော့ မီးနဲ့ ခြောက်လန့် ရင်း အန္တရာယ်ပိုကင်းလာတယ်။ တပြိုင်ထည်းမှာဘဲ လူဦးရေလည်း တိုးလာတော့တယ်။
ဒီနေရာမှရုပ်ပစ္စည်းဖြစ်တဲ့ မီးကအရင်ရှိနေပြီး လူရဲ့ စိတ်ကူးနဲ့ တီထွင်တာကို သတိထားဖို့ပါ။မီးကို အသုံးချနိုင်မှုဟာ လူသားမျိုးနွယ်တွေ တိုးတက်မှုကို မြန်ဆန်စေခဲ့ပါတယ်။
သားကောင်တွေကို လိုက်ပြီး ဖမ်းဆီးသတ်ဖြတ်စားသောက်ရတဲ့ မုဆိုးခေတ်မှာ ဖမ်းမိတဲ့ သားကောင် ရဲ့ခလေးတွေကို မွေးမြူထားတာ၊ အရှင်ဖမ်းမိတဲ့ အကောင်ကို လှောင်ထားတာတွေက လည်း မွေးမြူရေး အသိကို ရလာစေခဲ့ပါတယ်။ ဒီတော့ ကျောက်ဂူထက်ကျယ်တဲ့ နေရာမှာ အမိုးအကာနဲ့ နေကြပြီ ဆိုပါတော့။ ဒီနေရာမှာ ဖတ်ဖူးတဲ့ ကျောက်ခေတ်ဟာသပုံပြင်လေးကို ပြောပြချင်ပါတယ်။ ဇီက ဆိုတဲ့ လူတယောက်ဟာ သူတဲမှာ ၀က်တကောင်ကို ချည်ထားတုန်း တဲကိုမီးလောင်တော့ ၀က်ပါသေသွားသတဲ့။ ဒီတော့ ၀က်မီးလောင် သေ တာကို သူကမသိဘူး။လှဲအိပ်နေတယ်လို့ဘဲ ထင်တာတဲ့။ ဒီတော့ လက်ညှိုးနဲ့ထိုးကြည့်လိုက်တော့ ကပ် ပါလာတဲ့ ၀က်သားကြောင့် လက်ညှိုးက ပူလွန်းလို့ သူ့ပါးစပ်ထဲ ထဲ့မိသတဲ့၊အဲဒီမှာ အရသာသိသွား တော့ ဒါဘဲ တဲ့။  ၀က် ကင်နံ့ကလည်းမွေးနေတော့ ကုန်အောင်ဆက်စားလိုက်တယ်ဆိုဘဲ။ ဒါပေမဲ့ အဲဒီအချိန်က အသား ကို မီးဖုတ်မီးကင် စားရမှန်းမသိကြဘူးဆိုဘဲ။ တဲတခုရဖို့ လူတွေက၀ိုင်းဆောက်ပေးရလေ့ရှိတယ်။ မကြာ ခဏဆိုသလို ဇီက တဲက မီးခဏခဏလောင်တော့  လူကြီးလုပ်သူက မသင်္ကာလို့ စောင့်ကြည့်တော့ ဇီက ၀က်မီးဖုတ်စား တာသိ သွားရောတဲ့။ ဒါနဲ့ လူတွေလည်း သူလုပ်စားစလို စားကြည့်တာ ကောင်းမှန်း သိသွားကြ တယ်တဲ့။ ဇီက လည်း သူတဲကို နောက်ဆို မီးရှို့ဖို့မလိုတော့ဘူး လို့ဆိုတယ်။
မီးသုံတတ်ပြီးတဲ့နောက်မှာ မိသားစု လူအုပ်ကလည်းများလာတယ်။ တောကောင်တွေလည်းရှားလာ တောလိုက်ရတာလည်း မလွယ်သလို မလောက်ငှတော့ သတ္တ၀ါတွေ၊ ငှက်တွေစားတဲ့ သီးနှံတွေကို စား ကြည့်ကြရာ ကနေ အလေ့ကျပေါက်တဲ့ သလေးစပါးတွေရှိရာရွေးနေကြတော့တယ်။ စပါးသပါးတွေ ကျွေကျ ပေါက်တာတွေကို တွေ့တော့ ကျဲစိုက်တတ်လာကြတယ်။ ဒီမှာဘဲ စိုက်ပျိုးရေးနဲ့ မြေယာပိုင်ဆိုင်မှု တွဲပေး လာတော့တယ်။ စိုက်ပျိုးမြေက ကျင်းပြီးလူဦးရေက များလာတော့ နေရာသစ်ကိုရှာကြရတယ်။ အဲဒီမှာဘဲ တခြား အုပ်စုရဲ့ မြေယာတွေကို ရယူဖို့ လုံးပမ်းတော့တယ်။ မြေလုပွဲတွေဖြစ် ၊ ရှုံးတဲ့ လူက မြေရှုံး၊ လူက ကျွန်ဖြစ်ရတော့တယ်။ သမိုင်းဦးဘုံမြေခေတ် ကနေ ကျေးပိုင်ကျွန်ပိုင်ခေတ်ကို လူသားတွေ ပြောင်းလဲလာ တော့တယ်။ မြေပေါ် ထွန်ယက်တာတွေ၊ မြေယာလုတာတွေ၊ ကျွန်ကိုထိန်းရတာတွေကြောင့် အမကြီးစိုးတဲ့ ခေတ် ကနေ အဖိုကြီးစိုးတဲ့ ခေတ်ကိုပြောင်းလာတော့တယ်။
ဒါတွေကလည်းလူတွေက ပြောင်းချင်လိုပြောင်းလာရတာမဟုတ်ဘဲ လူသတ္တ၀ါ တို့ ဘ၀ရှင်သန်ရေး အတွက် သဘာဝအလျှောက် ပြောင်းလဲလာရတာကိုတွေ့ရမယ်၊ ကျေးကျွန်နဲ့ ကျွန်ပိုင်ရှင်လူတန်းစား ပေါ်လာ တာကို လည်းသတိထားရမယ်။ ကျွန်တွေကို အများဆုံးပိုင်သူတွေက ကျွန်ထိန်းတွေ အများအပြား ရှိကြတယ်။ အဲဒီကျွန်ထိန်းတွေက ကျွန်ပိုင်ရှင်တွေရဲ့ စစ်သားတွေလိုဖြစ်လာတာပါဘဲ။ တကယ်လည်းစစ်တပ်ဖြစ် လာပါ တယ်။ စစ်တပ်ကြီးကြီးရှိသူက သူအုပ်မှာ ခေါင်းဆောင်ဖြစ်လာသလို တခြားဒေသတွေကို တိုက်ခိုက်သိမ်း ပိုက်နိုင်တော့ နယ်စားဖြစ်၊ မြို့စားဖြစ် ဘုရင် ဖြစ် ဖြစ်လာကြတော့တယ်။ ကျေးပိုင်ကျွန်ပိုင် သက်ဦးဆံပိုင် ဘုရင်တွေဖြစ်လာတယ်။ နိုင်တဲ့သူက သတ်ချင်သလိုသတ် နိုင်တဲ့ ခေတ်ပေါ့။
ကျေးကျွန်ဖြစ်တဲ့ လူတွေကို ထိန်းရတာမလွယ်လှဘူး။ သူတို့မှာလည်း သူတို့ဘ၀ ရှင်သန်ရေး တိုးတက် ရေးအတွက် မျှော်လင့်ကြတာဘဲ။ သူတို့ကို သံကြိုးချည်ပြီး ရိုက်နှက်ခိုင်းနေတာကို ဒီအတိုင်း ငြိမ်မခံ တတ်ကြ တော့  စောင့်ကြည့်ရတာ၊ ကျွေးမွေးရတာက ၀န်ထုပ်ဝန်ပိုးကြီးနေတယ်။ ဆူပူမှုတွေလည်း မကြာခ ဏဖြစ်နေ တော့ ကြိုးချည်ကြိမ်နဲ့ ရိုက်ရာကနေ မြေကို သီးစားချပြီး အခွန်ကောက်တဲ့နည်းကို မြေရှင် ပဒေသရာဇ်တွေက ပြောင်းလုပ်လာရတယ်။ ရေမြေ့သခင်အဖြစ်ကိုတော့ လက်မလွတ်ကြသေးဘူး။ဒါဟာ မြေရှင် ပဒေသရာဇ် ခေတ် မြို့နိုင်ငံတွေခေတ်ပေါ့။ ဘုရင်တွေ ရှိနေပြီး သူ့နယ်ကိုယ်လု၊ ကိုယ့်နယ်သူလု လုပ်ရင်း ဧကရာဇ် ဘွဲ့ခံယူချင်ကြတဲ့ အချိန်ပေါ့။ မြန်မာပြည်မှာ ပုဂံ၊အင်းဝ ၊ပင်းယခေတ်တွေလိုပေါ့။
ဒီနေရာမှာ ရှင်းလင်းမြင်သာအောင် ဥပမာနဲ့ ပြောပြချင်တယ်။ က နဲ့ ခ ဆိုတဲ့ တိုင်းပြည် နှစ်ခုရှိတယ်။ နယ်ချင်း ဆက်နေတယ်။ မိတ်ဆွေဖြစ်ပြီး နှစ်ပြည်ထောင် လူထုတွေလည်းကူးလူးဆက်ဆန်နေကြတယ်။ က ပြည်က စပါးထွက်ပြီး၊ ခ ပြည်က နွားသားရည် ထွက်တယ်ဆိုပါစို့။ တခါတရံ စပါးနဲ့ သားရည်လဲလှယ်ရာမှာ ပစ္စည်းက မရောက်လာ၊ မပေါ်လာသေးတော့ သက်ဆိုင်ရာဘုရင်က သက်သေခံ လက်မှတ်ထုတ်ပေးရတယ်၊ ဒါမှ ပစ္စည်းပေါ်လာတော့ လက်မှတ်ပြထုတ်နိုင်တာကိုး။ ဒါကိုလည်းနှစ်ဖက်ကုန်သည်တွေက လက်ခံထားတယ်။ အဲဒီ အထောက်အထား လက်မှတ်ဟာ “ပိုက်ဆံ”  ဆိုပါစို့။ ဒါပေမဲ့ တနေ့တော့ က ဘုရင်က သူသား တော်အတွက်  ခ ဘုရင်သမီးကို တောင်းတော့ ခ ဘုရင်က ငြင်းလိုက်လို့ တိုင်းပြည်နှစ်ခု ဆက်ဆံရေး  ပျက်သွား ရော။ နယ်စပ်တွေ ပိတ် ၊ ဆက်ဆံရေးတွေ ဖြတ် လုပ်ကြတယ်။
အဲဒီမှာ တိုင်းပြည်တဖက်တချက်မှာရှိတဲ့ ကုန်သည်တွေက သူတို့လက်ထဲမှာရှိနေတဲ့ တဖက်နိုင်ငံက ပိုက်ဆံ တွေ သုံးမရ ဖြစ်တော့ ဒေါပွလာကြတယ်၊ ဒီဘုရင်တွေ သူတို့ သားသမီးကိစ္စနဲ့ တို့ စည်းဇိမ်တွေ ပျက်ရမလား ဆိုပြီး ဘုရင်တွေကို မကျေနပ်တော့ဘူး။ ဒီမှာ ပိုက်ဆံထွင်တုန်းက ဘုရင်တွေက ဒီပိုက်ဆံဟာ ကုန်သည်လူတန်းစားတွေကိုမွေးထုတ် လိမ့်မယ်။ အဲဒီကုန်သည်တွေက သူတို့ ထီးနန်းကို ဖျက်သိမ်းလိမ့်မယ်လို့ မတွေးထင်မိခဲ့ကြ ဘူး။ ရုပ်ပစ္စည်း ပိုက်ဆံ ရဲ့ တန်ခိုး စွမ်းအင်ကို မခန့်မှန်းနိုင်ကြခဲ့တာကို သိစေချင်လို့ပါ။
ဒါနဲ့ အရင်းရှင် ဓနရှင်တွေက ချုပ်ချယ်လွန်းတဲ့ မြေရှင် ပဒေသရာဇ်စနစ်ကို ပါလီမန်စံနစ်နဲ့ တိုက်ဖျက် တော့တာပါဘဲ။ ဘုရင်တွေဖြုတ်ချခံရသူခံရ၊ အသတ်ခံရသူခံရ၊ စည်းမျဉ်းခံဘုရင် စံနစ်လို ပြောင်လိုပြောင်း လုပ်ကြရတယ်။ ပဒေသရာဇ် စနစ်ကျဆုံးခန်းပေါ့။
ဒီဖြစ်စဉ်တွေကိုကြည့်ရင် လူလောကရုပ်သမိုင်းဟာ စိတ်အလိုအတိုင်း ဖြစ်နေတာမဟုတ်တာ၊ နည်း ပညာတိုးတက်လာသလိုရုပ်ပစ္စည်းလည်း တိုးတက်လာတာ၊ လူတန်းစားတိုက်ပွဲတွေဟာ တိုးတက်လာတဲ့ ရုပ် ပစ္စည်းနဲ့ အတူ လျှင်လျှင်မြန်မြန်တိုးတက်ဖြစ်ပေါ်လာတာကို တွေ့နိုင်တယ်။ ကျောက်ခေတ်ကနေ ကျွန်ခေတ် ပြောင်တာလောက်မကြာတော့ဘူး။
၁၈ ရာစုမှာ အင်္ဂလန်က ဂျိမ်းဝပ်နဲ့ ဂျော့စတီဖင်ဆင်တို့ ဟာ ရေနွေးဆူရာက ရေနွေးအိုး အဖုံးလှုပ် တာကိုမြင်ပြီး ရေနွေးငွေ့ကို အသုံးပြုလာကြတယ်။ ချည်ငင်စက်တွေမီးသင်္ဘောတွေပေါ်လာ တယ်။ကုန်သွယ် ရေး တွေ သွက်လာတယ်။ ချည်ငင် စက်အတွက် ၀ါဂွမ်းတွေများများလိုတယ်။ ဒီတော့ ၀ါစိုက်ခင်းကြီးကြီး တွေမှာခိုင်းဖို့  ခေတ်နောက်ကျ အဖရိကလိုနေရာက လူမဲတွေကို ကျွန်လုပ်ခိုင်းကြတယ်။ နောက်ဆုံးတော့ မီးသဘော် တွေနဲ့ ကိုလိုနီနယ်ချဲ့ ကြိးစိုးကြတာပေါ့။ ရေနွေးဆူတာကို တွေ့ပြီး စက်ထွင်ခဲ့တဲ့ ဂျိမ်းဝပ်ကတော့ ကျွန်ဖမ်းဖို့  ၊ သီဗေါမင်းကို ဖြုတ်ချဖို့ အထိ ရည်ရွယ်ချက် ရှိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ရေနွေးငွေ့ ရဲ စွမ်းအား ကိုဘယ်လိုလူက မူလက ခန့်မှန်းနိုင်မှာလဲ။ ဒီနေရာမှာ လူရဲ့ အသိပညာဆိုတာကို ပိုပိုကဲကဲ တန်ဖိုးထား တွက် တတ်တာကိုလည်းတွေ့ရတယ်။ လူရဲ့ အသိဟာ သူ့ဘ၀ကျင်လည်ရာဝန်းကျင်က ရကြပါတယ်။ ရေနွေးဆူတာ ကိုလူတိုင်း မြင်ကြတာ ဘဲ ၊ ဒါပေမဲ့ တခြားလူတွေက အသုံးချ ဖို့ အမြင်နဲ့၊ လုပ်နိုင်တဲ့ အခြေအနေ မရှိတာကိုတွေ့နိုင်ပါတယ်။ အမြင်ရဖို့ ဆိုတာကလည်း အတွေ့အကြုံ လိုတယ်။ အတွေ့အကြုံ ဆိုတာကလည်း လက်တွေ့ ရုပ်ဘ၀ ဖြစ်ပါတယ်။ ဒီနေရာမှာ ဗုဒ္ဓဘာသာတွေနားလည်လွယ်အောင် ဆိုရင် သိဒ္ဒတ္ထ မင်းသား နမိတ်ကြီးလေးပါးကို အရင်မြင်ပြီးမှ တောထွက်ချင်စိတ်ပေါက်သလိုပေါ့။ ရုပ်မြင်ပြီးမှ အမြင်ပေါ်လာမှာ မဟုတ်လား။
လူသားတွေရဲ့ သမိုင်းရေးရုပ်ဝါဒကို ပြန်ဆက်ရရင် ပါလီမန်ခေတ်မှာ ငွေအရင်းရဲ့ လည်ပတ်မှုက ကြီးလာတယ်။ အမြတ်များများရဖို့ စက်ရုံကြီးတွေ တည်လာကြတယ်။ အလုပ်လုပ်မည့်သူတွေကိုလည်း ရှာလာ ရတယ်။ စိုက်ပျိုးစားတဲ့ သူတွေရဲ့ မြေယာတွေ ကျဉ်းကျဉ်းလာ၊ ကုန်ဈေးနှုန်းတွေကလည်းကြီးလာတော့ လယ်ယာမြေကို ရောင်းစား၊ပေါင်စား၊ အသိမ်းခံနဲ့ စက်ရုံတွေမှာ လုပ်ခစားလုပ်လာကြရတော့ စက်ရုံပိုင်ရှင် တွေက ပိုပို ချမ်းသာလာကြပြီး အလုပ်သမားတွေက ပိုပိုဆင်းရဲလာကြရတယ်။ အရင်းရှင်ပါလီမန်ကလည်း အရင်းရှင်ဓနရှင်တွေကိုဘဲရွေးပြီး သူတို့ကိုယ်သူတို့ဘဲ ကာကွယ်ပေးကြတယ် ၊ အလုပ်သမားတွေကို လှစ်လျူရှု ထားတယ်။လုပ်ပေးရင်လည်း ဟန်ပြလောက်ဘဲ။ ဒါကြောင့်ဘဲ အလုပ်သမားလူ တန်းစားတွေက ဘ၀ရပ် တည်ရှင်သန်ရေးအတွက် တိုက်ပွဲဝင်လာနေတုန်း ကာလက အခုကာလလို့ ဆိုပါတော့။ ၉၉% လူထုကြီးနဲ့ ၁% လူတစု တိုက်ပွဲက ဒီနေ့ ပိတ်ကားပေါ်က ရှုခင်းပေါ့။
တိုးတဲ့ဘက်နဲ့ ဆုတ်ယုတ်တဲ့ ဘက်ကို သက်သေပြရရင် ရုပ်ရှင်တွေပေါ်လာတော့ ဇာတ်ပွဲတွေမှိန် သွားတယ်။ စီးပွါးရေးအရတွက်ခြေမကိုက်လို့၊ ဗွီဒီယိုခွေတွေပေါ်လာတော့ ရုပ်ရှင်ရုံတွေ မှိန်သွားတယ်။ ကားတွေပေါ်လာတော့ လှည်းတွေ အသုံးနည်းလာတယ်။ လက်ကိုင်ဖုံးပေါ်လာတော့ အိမ်ဖုန်းတွေ မသုံးကြ တော့ဘူး။ လက်ပ်တော့တွေပေါ်လာတော့ ဒက်စတော့ဗ်တွေ ပျောက်သားတယ်။ အခုလည်း ကေဘလ်တွေ ပျောက်တော့မယ် ဆိုနေတယ်။ ဆိုလိုတာကတော့ ရုပ်သမိုင်းက အမြဲမပြတ်ပြောင်းလဲ တိုးတက်နေတယ်။ စံနစ်တွေလည်း ဒီလိုဘဲ ပစ္စည်းတွေ သွက်သွက်လက်လက် စီးဆင်းပုံအရ စံနစ်ကလည်း သွက်လက်အောင် ပြောင်းလဲနိုင်ရလိမ့်မယ်။ မပြောင်းလဲနိုင်ရင် ဖွင့်စရာစက်မရှိတဲ့ ဓါတ်ပြားဟောင်းတွေ လက်ထဲမှာ တင်ကျန် နေလိမ့် မယ်။ ဒီတော့ ရုပ်ပစ္စည်းတွေရဲ့ တိုးတက်မှုကို မျက်ခြေမပြတ်လေ့လာထားရလိမ့်မယ်။ဒါပေမဲ့ လွယ်တဲ့ ကိစ္စတော့မဟုတ်ဘူး။  လေ့လာထားရင်တော့ ကျပေမဲ့ ကြောင်ကျဆိုရင် သက်သာတာပေါ့။
ကမ္ဘာမှာရှိတဲ့ ရေထု မြေထုတွေ၊သဘာဝသယံဇာတတွေ၊ ထွက်ရှိတဲ့ သီးနှံတွေ ၊ တိုးတက်လာတဲ့ နည်းပညာတွေကို ကမ္ဘာသားအားလုံးက ပိုင်ဆိုင်တယ်လို့ ယူဆကြရင် - လူသားတိုင်း ခံစားသင့်တယ်လို့ ခံယူသင့်ပါတယ်။
 ဒီနေ့ ကမ္ဘာမှာ ကြီးစိုးနေတဲ့ အရင်းရှင်ပါလီမန်ခေတ် ဟာ သူတို့ သွေးစုတ်ရယူထားတဲ့ ဥစ္စာဓနတွေကို ကာကွယ်ဖို့ ၊ပိုသွေးစုတ်နိုင်ဖို့ နည်းနာတွေကို ပရိယာယ်တွေ ချခင်းလုပ် ဆောင်နေပါတယ်။ ကော်ပိုရေး ရှင်းကြီးတွေနဲ့ ကမ္ဘာကိုပတ်ပြီး အမြတ်ထုတ်သွေးစုတ်နေကြတယ်။ အလုပ်သမား ဆင်းရဲသားတွေ အတွက် သင့်တင့်လျှောက်ပတ်တဲ့၊ လုပ်ခလစာကို မပေးကြဘဲ ဆင်းရဲသား အလုပ်သမားတွေ ဘ၀ရှင်သန်ရေးကို အမြဲ တမ်းဖိ။နိပ်ချိုးနှိမ်ရင်း အခွင့်ထူးတွေ စည်းဇိမ်တွေခံစားနေကြတယ်။ အခုဆိုရင် သောက်ရေသန့်တောင် မရတဲ့ ကမ္ဘာ့တချို့ အပိုင်းကလူတွေ တောင်ရှိနေပြီ။
အရင်းရှင်စံနစ်ကဲ့သို့သော ဖိနှိပ်သွေးစုတ်မှု အမျိုးမျိုးကိုဆန့်ကျင်ရေ၊ ဆင်းရမှု ပပျောက်ရေးဟာ ဒီနေ့လူသားတွေ ရုန်းကန်နေရတဲ့ ပုံသဏ္ဍာန်ဖြစ်ပါတယ်။
သမိုင်းရေးရုပ်ဝါဒ အရလူ့လောကကို သုံးသပ်ကြည့်ရင် ရုပ်ပစ္စည်းတွေရဲ့ ကျယ်ပြန့်တဲ့ သက်ရောက် မှုကို သိနိုင်တယ်။ လူ့သမိုင်းဟာ ရုပ်ပိုင်း ဆိုင်ရာတိုးတက်မှု ပေါ် မူတည် တိုးတက်လာတယ်။ လူတန်းစား တိုက်ပွဲတွေက ထိုတိုးတက်လာမှုအလျှောက်ပေါ်လာတယ်။ လူသမိုင်း အရ တိုးတက်မည့် ဖက်နဲ့ ကျဆုံး မည့်ဖက်ကို သိနိုင်တယ်။ တဒင်္ဂ ရှုံးပေမဲ့လည်း ရေရှည်မှာ နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ကိုလည်း ပေးပါ တယ်။အဆင့်အတန်းတွေကွားခြားမှုရှိနေသမျှ လူတန်းစားတိုက်ပွဲတွေ ဆက်ရှိ မယ်။ အခွင့်အရေး တန်း တူခံစားနိုင်တဲ့ စံနစ် ဖြစ်ပေါ်လာသည့်တိုင်ပေါ့။
ဒီဆောင်းပါးကို ကျွန်တော်ပေါ့ပေါ့ပါးပါးဘဲရေးပါတယ်။ ပေါ့ပေါ့ပါးပါးဖတ်ကြည့်ပြီး နည်းနည်းပါးပါး စဉ်းစားမိရင် ကျေနပ်ပါပြီ။
အများအကျိုးသယ်ပိုးကြ။
လောကကို အလှဆင်ပါ။
တော်လှန်ရေးထက် မြင့်မြတ်သည့်အရာမရှိ။
ဦးအေးဆောင်
ဂျွန် - ၁၂၊ ၂၀၁၈။