ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Monday, November 14, 2016

တော်လှန်ရေး နဲ့ ပညာတတ်တို့ အခန်းကဏ္ဍ



တော်လှန်ရေး နဲ့ ပညာတတ်တို့ အခန်းကဏ္ဍ
တော်လှန်ရေးတိုင်းကို ပညာတတ်တွေက ဦးဆောင်ကြပါတယ်။ ပညာတတ်ဆိုတာက ပါတဂူတွေ၊ ပါမောက္ခတွေကို ဆိုလိုတာမဟုတ်ဘဲ အရေး အဖတ်အတွက်လောက် ကျွမ်းကျင်တာလောက်ကိုဆိုပါတယ်။ စာတတ်လို့ ပြောလို့လည်းရမှာပါ။ စာတတ်ယုံလောက်နဲ့ တော်လှန်ရေးကို ဦးဆောင် နိုင်မှာတော့ မဟုတ် ပါဘူး။ စာတတ်ပြီး စာမဖတ် ဗဟုသုတလည်း မရှိတဲ့ လူတွေက ကိုယ့်ဘေးဝန်ကျင် ဘာဖြစ်နေမှန်းတောင် မသိတော့လူထုကိုဦးဆောင်ဖို့ခက်ပါတယ်။ဒီလိုလူမျိုးတွေအခြေအနေပေးလို့  ခေါင်းဆောင်နေရာရောက်နေရင်လည်း စာမဖတ်မလေ့လာတော့ ဥာဏ်ပညာနုံနဲ့ ပြီး ဘေးဝန်းကျင် အသိုင်းအ၀ိုင်းရဲ့ လှည့်စားမှုအောက်မှာ သား ကောင်ဖြစ်ရ တော့တာ ပါဘဲ။သူတို့ဟာသဘာဝမကျ အိုးနင်းခွက်နင်းဖြစ်ရသလို၊ အာဏာပါဝါတွေရှိ ထားကြ တာကြောင့် သူတို့ရဲ့ ဥာဏ် ပညာချို့တဲ့ မှုကို အာဏာပါဝါတွေနဲ့ ကာကွယ်ရင်း လူဆိုး လူမိုက်ဖြစ်လာကြတော့ တယ်။ လုပ်ခဲ့တဲ့ ပြစ်မှုတွေကြောင့် ဖျာလိပ်ခေါင်းထဲ ၀င်မိတဲ့ ခွေးလို ဆက် တိုးနေရတော့တာပါဘဲ။
ဒါကြောင့်ဘဲ အသိ၊ ဥာဏ် ၊ ပညာလို့ ရှေ့လူကြီးတွေက ခေါ်ကြတာနေမှာပါ။ အခုဆောင်းပါးက အသိ ဥာဏ် ရှိတဲ့ စာတတ်ကို ရည်ညွှန်းချင်ပါတယ်။ “ ပညာ အဓိက” ဆိုသူတွေကိုလည်း တွေ့ရပါတယ်။ အခုတော့ ဟားဗတ်ကလာတဲ့ “ပညာရှင်တွေ” ဘယ်လိုဖြစ်ကုန်လဲ ၊ ကိုယ်ကျိုးစည်းပွါးနောက်၊ အခွင့် အရေးနောက်  လိုက် ရင်း  ပြည်သူနဲ့ ဆန့်ကျင်ဘက် ၊ရန်သူ ခိုင်းဖတ်ဖြစ်သွားရတာကို ကြည့်ရင် ပညာတတ် ယုံနဲ့ တော်လှန် ရေး ခေါင်းဆောင်မှုက တခြားစီ ဖြစ်နေတာကို လည်း သိနိုင်ပါတယ်။တက္က သိုလ်တွေက တော်လှန်ရေး ခေါင်းဆောင် သင်တန်းကျောင်းမဟုတ်သလို၊ ဖေါက်ပြန်တဲ့ အရင်းရှင်စံနစရဲ့ အကျင့်ဆိုးတွေ၊ မြန်မာပြည်မှာဆို ကို စစ်ဗိုလ်ချုပ်တွေရဲ့ အကျင့်ဆိုးတွေ၊ ခိုင်းဖတ်တွေ မွေး ထုတ် တဲ့ နေရာသက်သက် ဖြစ်နေတာပါ။ ရှေး အင်္ဂလိပ်ခေတ်က ကျွန်ပညာရေးလို့ ခေါ်သလို ခုတော့ စစ်ကျွန် ပညာရေးလို့ ခေါ်လို့ရပါတယ်။ကျွန်ပညာရေးကို ကျွန်ပညာရေးလို့ခေါ်ပြီး ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေးသ မားတွေက ဆန့်ကျင်တိုက်ပွဲဝင်သလို အခုလည်း စစ်ကျွန်ပညာရေးကို စစ်ကျွန်ပညာရေးလို့ခေါ်ပြီး ဆန့်ကျင်တိုက်ပွဲဝင်ကြရမှာဖြစ်တယ်။
ပလက်စတိုင်းတွေက အစ္စရေး နည်းနည်းလေးကို မနိုင်တာ ပညာမတတ်တာကြောင့် ဖြစ်တယ်၊ ဂျူးတွေက ပညာတတ်ကြလို့ သူတို့ကို မနိုင်ဘူးလို့ ထင်ကြတယ်။ ဒီတော့ ပညာတွေ အားကျိုးမာန် တက် သင်ယူကြတယ်။ အရှေ့အလယ်ပိုင်းတက္ကသိုလ်တွေမှာ ပါမောက္ခတွေ၊ ပါတဂူတွေဖြစ်လာကြတယ်။ ဒါပေမဲ့ အစ္စရေးကို မနိုင်ဘူး၊ အခုထက်ထိ ဂါဖာမှာ ပက်စတိုင်းကလေးတွေ ခဲနဲ့ပေါက်နေရတုန်းဘဲ။ဘာဖြစ်လို့လဲ ဆိုတော့ ပညာရပ်နဲ့ မဆိုင်တော့ဘဲ အင်အားကြီးနိုင်ငံရဲ့ ထောက်ခံမှုရထားလို့ ဆိုတာကို သိလာကြတော့ တယ်။အဖြေက ခါးသည်းပါတယ်။ ပညာလောက်က အင်အားကို မနိုင်နိုင်ဘူးဆိုတာပါ။ဒီတော့ ပလက်စ တိုင်းတွေ အသေခံဗုံခွဲတဲ့ နည်းကို ကျင့်သုံးလာကြတော့တယ်။  ပညာရေးကို ဘုရားလိုကိုးကွယ်တဲ့ သူတွေကို ဘွဲ့လက်မှတ်တွေနဲ့ လိမ်စားတာခံရတယ် ဆိုပါတော့။အခုတော့ အဝေးရောက် ပညာတတ်တွေ ပညာတတ်ယုံနဲ့ ကပ်မရတာကို လက်တွေ့သိနေကြပါပြီ။တော်လှန်ရေးဟာ လိုအပ်မြဲလိုအပ်နေတာပါ။
ဒီနေရာမှာ ၆၇ ခုလောက်က ပဲခူးရိုးမပေါ်က သခင်သန်းထွန်းတို့ ပို့ချတဲ့ မာတ်စ်လီနင် သင် တန်းကျောင်း အကြောင်း သခင်သန်းထွန်းနောက်ဆုံးနေ့ စာအုပ်မှာ ဖတ်မိတာကို ပြောပြချင်ပါတယ်။ “နီရေး” နဲ့ “ချွန်ရေး” သဘောတရားပါ။ နီရေး ဆိုတာတော်လှန်ရေး စိတ်ဓါတ်ကို ဆိုလိုပါတယ်။ ချွန်ရေးက ပညာတတ်မြောက် ကျွမ်းကျင်တာပါ။ ဒီနေရာမှာ ချွန်ရေးက အဓိက မကျဘဲ နီရေးက အဓိကကျတာကို ရှင်းရှင်း ဖေါ်ပြပို့ချပါတယ်။ နီရေးဖြစ်တဲ့ တော်လှန်ရေး စိတ်ဓါတ်မရှိတော့ တတ်တဲ့ပညာနဲ့ ကိုယ်ကျိုးရှာ ဖို့ တော်လှန်ရေးကိုလွယ်လွယ် စွန့်ခွါ တတ်တာ၊ ဖေါက်ပြန်ဖို့လွယ်ကူတာကို ရှင်းလင်းထားပါတယ်။  မြို့ထဲ မှာပညာသင်နေတဲ့သူတို့ရဲ့သားသမီး တွေကို တော်လှန်ရေးလုပ်ဖို့ တောထဲပြန်ခေါ်ကြတယ်။ ဒါဟာ တော် လှန်ရေးက အရင်းကျတယ်ဆိုတာကို ပြတာဘဲ။ တော်လှန်ရေး အမြင်တည်ဆောက်ပြီးမှ ကျွမ်းကျင်မှုကို သင်ယူတာက ပြည်သူကို အကျိုးပြု မှာ ဖြစ်ပါတယ်။ ဒါက ပဲခူးရိုးမှပေါ်က သင်တန်း ပါ ။ စဉ်းစားနိုင်ဖို့ပါ။
တော်လှန်ရေးထဲမှာ အရေးတကြီးလိုအပ်တာက တိုးတက်တဲ့ ပညာတတ်၊ တော်လှန်အမြင်ရှိတဲ့ ပညာ တတ်ဖြစ်ပါတယ်။ အမြင်ဆိုတဲ့ စကားကလည်း ဒီနေရာမှာ ပေါ့ကောင်းပေါ့နေဦး မှာပါ၊ တော် လှန်ရေးခံ ယူချက်လို့ ဆိုမှ မှန်မှာပါ။ ဒီနေ့ မြန်မာပြည်လိုတိုင်းပြည်မှာ အခွင့်ထူးခံ၊ ဖိနှိပ်သွေးစုတ်တဲ့ အမျိုးသားစစ် အာဏာရှင် လူတန်းစားကို ဆန့်ကျင်တို့်ပွဲဝင်နေရတဲ့ကာလ အမျိုးသားရေးတော်လှန်ရေး အမြင်လောက်နဲ့ မရတော့ဘဲ လူတန်းစားတိုက်ပွဲ တော်လှန်ရေး အမြင်အထိ လေ့လာသိ ရှိဖို့လိုအပ်နေ တာကို တော်လှန်ရေး စိတ်ဓါတ်ရှိတဲ့ ပညာ တတ်တွေ၊ တိုးတက်တဲ့ ပညာတတ်တွေ ခံယူထားဖို့ လိုပါလိမ့်မယ်။ ဒါမှသာ ဒီနေ့ ဖြစ်ရှိနေတဲ့ စစ်အာဏာ ရှင်တွေနဲ့ အခွင့်ထူးခံ လက်ပါးစေလက်ဝေခံ လူတန်းစားကို မှန်မှန်ကန်ကန် ထိထိမိမိ တိုက်ပွဲဆင် နိုင်ပါ လိမ့်မယ်။
တိုင်းပြည်ရှိပြည်သူလူထုတွေကသူတို့ရဲ့ဘ၀ကို မြှင့်တင်ပေးနိုင်မည့် ပြည်သူ့အကျိုးပြုပညာတတ်တွေ ကို မွေးထုတ်ပေးနိုင်ဖို့တက္ကသိုလ်တွေ၊နည်းပညသင်ကျောင်းတွေ၊အတတ်သင်ကျောင်းတွေတည်ထောင်ပေး ထားကြတယ်။ ဒီကျောင်းက ထွက်တဲ့ လူတွေ တော်တော်များများက - ဒေါက်တာဂျော်နီနဲ့ မော်လီကဗျာထဲ ကလို ဆရာဝန်ဖြစ်ပြီးနောက် သူတို့အတွက် လူထုတွေက ဖျားပေးရမည့်ပုံ တွေလို ကိုယ်ကျိုးချည့်ကြည့် လုပ်ကြတာဟာ ပြည်သူတွေအပေါ် ကျေးဇူးကမ်းရာရောက်တယ် ဆိုတာကို မသိကြသလိုဖြစ်နေတယ်။
ပညာတတ်တွေဟာ မြန်မြန်လေ့လာတတ်တယ်။ ပြန်လည် ဖြန့်ဝေပြောကြား သင်ပေးတတ်တယ်။ အသက်အရွယ် နုပျိုတက်ကြွတယ်။ ဒီနေ့ခေတ်မှာ အဆက်အသွယ်လည်းကောင်းတယ်။ နည်းပညာ လည်း ကြွယ်တယ်။အမြင်လည်းထက်သန်ကြတယ်။ ဒီနေရာမှာ “ ကျွန်တော်က ပေါင်မုန့်လည်းဖုတ်တတ်တယ်၊ အီကြာကွေးလည်းကြော်တတ်တယ်၊ ပေါက်ဆီလည်းလုပ်တတ်တယ်၊ဆမူဆာလည်းလုပ်တတ်တယ်၊၊ဒါပေမဲ့ ကျွန်တော်ကပျင်း တယ်။” ဆိုသလိုမျိုး ပညာတတ်အများစုက   မနီကြဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ လက် ရှိဘ၀ နွံထဲက အရသာလေးတွေကို မက်နေကြတတ်လို့ဘဲ။ အကြောင်းတွေပြပြီး အနာခံရ မှာကြောက်ကြတယ်။လမ်းထွင်သူတိုင်း ဆူးစူးခံရတတ် တယ် ဆိုတာကိုတော့ သိတယ်၊ မလုပ်ရဲကြဘူး။ သင်္ချာတွက်ကိန်းနဲ့ အမြတ်မရရင် မလုပ်ချင်ကြဘူး။ အခွင့်အရေးအတွက်တော့ အရှက် မဲ့ စွာ ဒူး ထောက်တောင်းခံတတ်ကြတယ်။ တော်လှန်ရေးအောင်ပွဲက မမြင်သေးခင် ယုံကြည်ချက်ကို အခြေခံ ရတော့ သူတို့ အတွက် မမြင်သာနိုင်ဘူး။ သူတို့တတ်ထားတဲ့ ပညာကြောင့်လည်း မာန်တတ်နေ ကြလေ့ရှိတယ်။ ဒါပေမဲ့ နီတဲ့ ပညာတတ် လက်တဆုတ်စာက အားလုံးကို ထိန်းကျောင်းနိုင်ကြောင်း တော် လှန်ရေးတိုင်းမှာ တွေ့ နိုင်ပါတယ်။
ဒီတော့ လူတန်းစားတိုက်ပွဲ ဆိုတာဘာလဲ။ တိုးတက်တဲ့ပညာတတ် လူတန်းစား လက္ခဏာက ဘာလဲ၊ ဖေါက်ပြန်တဲ့ လူတန်းစား လက္ခဏာကဘာလဲ။ ပညာတတ်တွေ ဖြစ်တတ်တဲ့ အမှားကဘာတွေလဲ။ ဘယ် လိုပြုပြင်ရမလဲ။ဘာတွေလိုအပ်နေသလဲ။ တခြားတိုင်းပြည်မှာ ဘယ်လိုလုပ်ခဲ့ကြသလဲ။ဆိုလာတွေကို  ကျယ် ကျယ် ပြန့်ပြန့် လေ့လာရင်း၊ကျင့်သုံးရင်း တော် လှန် ရေးလှုပ်ရှားမှုကို အရှိန်မြင့်တင်သင့်ပါတယ်။
ပညာတတ်များ လက်တွေ့ပကတိခြေအနေကို သိပြီး “နီရေး” အမြင်ကို အခိုင်အမာစိုက်ထူကြဖို့ တိုက် တွန်းလိုက်ပါတယ်။
အဖိနှိပ်ခံတို့ ညီညွတ်ကြ။
ဖိနှိပ်မှုကို ဆန့်ကျင်ကြ။
တော်လှန်ရေး မုချအောင်ရမယ်။

ဦးအေးဆောင်
နိုဝင်ဘာ ၄၊ ၂၀၁၆။