ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Monday, March 26, 2018

“စစ်အာဏာရှင် စံနစ်တိုက်ဖျက်ရေးသည်သာ ယနေ့တော်လှန်ရေး တာဝန်ဖြစ်သည်။”


“စစ်အာဏာရှင် စံနစ်တိုက်ဖျက်ရေးသည်သာ ယနေ့တော်လှန်ရေး တာဝန်ဖြစ်သည်။”

ဒီဆောင်ပုဒ်ကို ၁၉၉၄ ခု ကေအိုင်အေက ရန်သူနဲ့ စေ့စပ်ရေး လျှို့ဝှက်လုပ်ချိန်မှာ ကျွန် တော်တို့ ပြည်သူ့လွတ်မြောက်ရေး တပ်ဦးအနေနဲ့ စတင်ဖေါ်ထုတ်သုံးနှုန်းခဲ့ရတာပါ။ ဘလောက် (Blog)မှာ တော့ ထိပ်စည်း ဆောင်ပုဒ်ပါဘဲ။ ကေအိုင်အေက စေစပ်ရေးလုပ်လိုက်တာကြောင့် အား ကောင်းမောင်း သန်နေတဲ့ မဒမခ (ဒီအေဘီ) ဟာ စတင်လှုပ်ခါလာပါတယ်။ မွန်ပြည်သစ်ပါတီက ကေအိုင်အေ နောက်လိုက်ကို နောက်တော့ လိုက်သွားပါတယ်။နောက်တော့ ဒီအေဘီ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေ ရန်သူနဲ့ နားလည်မှုယူကြတော့တာဘဲ။ ဒီမိုကရေစီ အင်အားစုတွေ ထဲကလည်း “ပြည်တော်ပြန်” ကြပါတော့တယ်။ အခုတော့ ရန်သူက ကေအိုင်အေကို နယ်ခြား စောင့်တပ်လုပ်ခိုင်းလို့ ကေအိုင်အေက ပြန်တိုက်နေပါတယ်။ မကြာခင်ကဘဲ မွန်ပြည်သစ်က NCA ကို လက်မှတ်ထိုးပြန် ပါတော့တယ်။ ဒါတွေက နောက်ခံသမိုင်းကို လေ့လာသူတွေ တိုးတက်တဲ့ လူငယ် တွေ သိအောင်လို့ပါ။
တော်လှန်ရေးလုပ်တယ်လို့ ဆိုကြပေမဲ့ အခြေခံပင်မရန်သူဖြစ်တဲ့ စစ်အာဏာရှင်စံနစ်ကို တိုက် ရေး ကိစ္စဟာ အဓိကမထားကြတာကို အထက်ကဖြစ်စဉ်တွေအရ သိနိုင်ပါတယ်။ သူတို့ဟာ တခြား အရာတွေကို အဓိကထားကြပါတယ်။ တခွန်းတည်းနဲ့ ပြောရရင် “အခွင့်အရေး” ဆိုတာကိုပါဘဲ။ အဲဒီအ ခွင့်အရေး ဆိုတာကို ဒေါ်စုတို့ မက်ခဲ့လို့ အခုဘာတွေ ဖြစ်နေလဲ ဆိုတာတော့ ဒုက္ခပင်လယ်ဝေနေတဲ့ လူထုကြီး ကအသိဆုံးပါဘဲ။
အထက်ကဆောင်ပုဒ်ဟာ ဘယ်လောက်ရေးကြီးတယ်ဆိုတာကို ရှင်းပြချင်ပါတယ်။ဒီနေ့မြန်မာ ပြည်မှာဖြစ်နေတဲ့ အဓိက ပဋိပက္ခက စစ်အာဏာရှင်နဲ့ သူ့လက်ပါးစေ လက်ဝေခံတွေက တဖက်၊ တိုင်းရင်းသားတွေ အပါအ၀င် ကြီးမားကျယ်ပြန့်တဲ့ အဖိနှိပ်ခံ ပြည်သူလူထုကြီးက ဖက် ဖြစ်နေတဲ့ ပဋိပက္ခပါ။ ဒါက ၁၉၆၂ ကထည်းက ဖြစ်လာပါ။ စစ်အာဏာရှင်တွေက ပရိယာယ်အမျိုးမျိုး သုံးပြီး လူထုကြီးကို လှည့်စားရင်း ဒီနေ့အထိ အချိန်ဆွဲနိုင်လို့ကြာလာတာပါ။ လူထုထဲက အခွင့်အရေးလိုက် စစ်အာဏာရှင် အကြိုက်ဆောင်တတ် လူတွေကလည်း လှည့်စားတဲ့ နည်းပရိယာယ်အမျိုးမျိုးနဲ့ လူထုကြီးကို လှည့်စားရင် စစ်အာဏာကို သက်ဆိုးရှည်အောင် အထောက် အကူပြုခဲ့ကြတယ်။ ဒါက ဒီနေ့အထိ။
ကျွန်တော်တို့ မြန်မာပြည်မှာ အကြပ်အတည်းကို ဖြစ်စေတာဟာ ၊ ငြိမ်းချမ်းရေးမဟုတ်၊ ဥပဒေရေးမဟုတ်၊ စီးပွါးရေးမဟုတ်၊ အာဏာကို စစ်ဗိုလ်ချုပ် အဟောင်း အသစ်တစုက လက်ဝါးကြီး အုပ်ရင်း တိုင်းပြည်တ၀ှမ်း ဖိနှိပ်သွေးစုတ်နေလို့သာဖြစ်ပါတယ်။ ဒါကြောင့်ဘဲ “ စစ်အာဏာရှင် စံနစ် တိုက်ဖျက်ရေး သည်သာ ယနေ့တော်လှန်ရေးတာဝန် ဖြစ်သည်။” ဆိုတဲ့ ဆောင် ပုဒ်ဟာ လိုအပ်နေတော့တာဖြစ်တယ်။
ဒီဆောင်ပုဒ်ဟာ လက်ရှိလုပ်ရမည့်တာဝန်ကိုလည်း ပြ ဆိုပါတယ်။ “ သည်သာ” ဆိုတဲ့ စကားကို အလေးအနက် ထားစေချင်ပါတယ်။ ဒီနေ့လိုအချိန်မှာ ရန်သူရဲ့ ဒလံတွေကတမျိုး၊  စီးပွါးရေးမက်လုံးတွေမျှော်မှန်းပြီး စစ်အာဏာရှင်တွေနဲ့ ပေါင်းစားတဲ့ ပုံစံအမျိုးမျိုးနဲ့ နိုင်ငံခြားသြဇာတွေ ထူထောင်နေကြတာက တမျိုးကြောင့်၊ ပြည်သူလူထုတွေ လမ်းလွဲ လမ်းခွဲတွေ ကြားမှာ မျက်စေ့လည် လမ်းပျောက်နေတတ်ပါတယ်။ ဒီလိုဖြစ်ဖို့လည်း စစ်အာဏာရှင် ဗိုလ်ချုပ်တွေက အကွက်ချထား တာပါ ဘဲ။
အရေးကြီးတာက လူထုရဲ့ အသိကို ဖွံ့ဖြိုး မှုနဲ့ အထူ အထက်ကဆောင်ပုဒ်ကို သိနား လည်လာအောင် ရှင်းပြ ပြီး ကျင့်သုံးဖို့ပါ။ ဂျပန်ခေတ်က ဂျပန်ဆန့်ကျင်ရေး စိတ်ဓါတ် နှိုးကြွလာ သလိုပေါ့။ အခုဟာက ဂျပန်မဟုတ်ဘူး၊ ကိုယ်အမျိုးထဲကလောက်ကောင် ဖိနှိပ်သူ၊ အခွင့်ထူးခံ လူတန်းစားကို ရွေးနုတ် ဖေါ်ထုတ် ဆန့်ကျင် တိုက်ဖျက်ရမှာ ဖြစ်တယ်။ လူတန်းစားတိုက်ပွဲဖြစ်တယ်။ ဖိနှိပ်သူနဲ့ ဖိနှိပ်ခံ ခွဲခြားပြီး တိုက်တတ်ဖို့လိုမယ်။ အခုတော့ ထားစရာမရှိသူနဲ့ စားစရာမရှိသူ သိပ်မြင် သာနေတော့ ခက်ခဲစရာ အကြောင်း သိပ်မရှိတော့ပါ။
ဆောင်ပုဒ် ပြန့်နှံရေး၊ လူထုထံရောက်ရေးဟာ အရေးကြီးပါတယ်။ ဖိနှိပ်သူ စစ်အာဏာ ဘက် သားတွေရဲ့ တားဆီး ပိတ်ဆို့မှုကို ဖေါက်ထွက်ပြီး လူထုဆီးအရောက် ဒီဆောင်ပုဒ်ကို ပို့ရပါမယ်။ဒါဟာ like လုပ်ယုံနဲ့ မရဘဲ။ ဆက်သွယ်ရေး စံနစ် မရောက်တဲ့ လူတွေ ဆီကိုပါ မိတ္တူကူး ပို့ရပါမယ်။ ဂျပန်ဆန့်ကျင်ရေးတုန်းက ဘယ်လိုလုပ်ကြသလဲ။ အခု မတ်လ တော်လှန်ရေးလမှာ လူတန်းစား တိုက်ပွဲ တော်လှန်ရေး၊စစ်အာဏာရှင် တိုက်ဖျက်ရေး တော်လှန်ရေးလုပ်ငန်းကို “စစ်အာဏာရှင်စံနစ် တိုက်ဖျက်ရေး သည်သာ ယနေ့ တော်လှန်ရေး တာဝန်ဖြစ်သည်။” ဆိုတဲ့ ဆောင်ပုဒ်ကို လှည်းနေ လှေအောင်း မြင်း ဇောင်းမကျန် ပြန့်နှံ့အောင်လုပ်ရင်း စစ်အာဏာရှင် စံနစ် ဖြိုချရေးလုပ်ငန်းကို အစပြုစေချင်ပါတယ်။
စစ်အာဏာကို ဖြိုဖျက်ကြ။
လူထုတိုက်ပွဲကို အားပြုကြ။
ဒီမိုကရေစီ မုချရရမည်။
ဦးအေးဆောင်
မတ်လ ၂၆၊ ၂၀၁၈။

Wednesday, March 21, 2018

အရှုပ်အထွေးများကို ရှင်းထုတ်ခြင်း


အရှုပ်အထွေးများကို ရှင်းထုတ်ခြင်း

၁၃၊၃၊ ၂၀၁၈ ရက်စွဲဖြင့် ထုတ်ပြန်သည့် အခြေခံပညာကျောင်းသာများ သမဂ္ဂ၊ ဗကသများအဖွဲ့ချုပ်၏ ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ ကျ ဆုံးခြင်းနှစ် (၃၀) ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့ သည့် သ၀ဏ်လွှာ တွင် “ စစ်အာဏာရှင် စနစ် ကျဆုံးပါစေ၊” ကြွေးကြော်သံသည်။ ယနေ့ခေတ်၏ ကြွေး ကြော် သံဖြစ်ပေသည်။
ယခုအခါ လူမှုရေး အဖွဲ့အစည်းများ မှိုလိုပေါက်နေခြင်း၊ ၂၀၀၈ ခြေဥ ပြင်ရေး၊ ဖျက်သိမ်းရေး၊ ကြွေးကြော်သံများ၊ ငြိမ်းချမ်းရေးကြွေးကြော်သံများ၊ တရားဥပဒေ စိုးမိုးရေး တောင်းဆိုသံများ ဖြင့် ပွက် လောရိုက်ခါ ရှုပ်ထွေး နေသည့်ကာလတွင် စစ်အာဏာရှင်တို့၏ ဖိနှိပ်မှုကို ပွင့်ပွင့်လင်းလင်း မီးမောင်း ထိုးပြ လိုက် သလို ဖြစ်ခြင်းကြောင့် ဤ ကြွေကြော်သံကို အလေးထား ကိုင်စွဲသင့်ပေသည်။
အချောင်သမားတို့သည် ခက်ခဲကြမ်းတမ်းသည့် လမ်းကိုအမြဲရှောင်လွှဲခါ  လူထု၏ အမြင်ကို ရှုပ်ထွေးေ၀၀ါးစေပါသည်။ သူတို့သည် စစ်အာဏာရှင်တို့နှင့် အပေးအယူလုပ်ရန် အခွင့်အခါကို သိက္ခါမဲ့စွာ စောင့် မျှော်နေတတ်ကြပေသည်။ သက်သာသောနည်းလမ်းသည် ကောင်းသယောင်ရှိသော်လည်း အမှန်တကယ် ရည်မှန်းချက်ကို မရောက်ပါ။ အဘယ်ကြောင့်ဆိုသော် ရန်သူအကြိုက်လိုက်နေခြင်းဖြင့် မိမိအင်အားနှင့် အချိန် တို့ကို ဖြုန်းတီးရာကျသလို ရန်သူကို သက်ဆိုးရှည်စေပါသည်။ အထူသဖြင့် ရန်သူသည် အာဏာရှိ စည်းဇိမ်ရှိပါက ကိုယ့်ဘက်သားတို့ကို အကျင့်ပျက်ခါ ဖျက်ဆီးတတ်ပါသည်။ ယနေ့ အပစ်ရပ် အဖွဲ့တွေနှင့် NLD အစိုးရ ဆိုသည်တို့ ဖြစ်နေပုံ ကို ကြည့်ပါက သိနိုင်ပါတယ်။ အဆိုးဝါးဆုံး အချက်မှာ လူထု၏အမြင်ကို ရှုပ်ထွေးစေလျှက် ရန်သူ၏ သားကောင်ဘ၀သို့  တရွေ့ရွေသက်ဆင်းသွားနေခြင်းပင် ဖြစ်ပါသည်။
စစ်အာဏာရှင်စံနစ်သည် ယနေ့ဗမာပြည်တွင် မင်းမူနေခါ တိုင်းပြည်၏ နိုင်ငံရေး ၊ စီးပွါးရေး၊ အုပ်ချုပ်ရေးများတွင် ဖိနှိပ်သွေးစုတ်အမြတ်ထုတ်နေစဲ၊ အခွင့်ထူးခံနေစဲ ဖြစ်နေကြောင်း နေ့ဓဒူဝ ဖြစ်စဉ် များကဖေါ်ပြ နေပါသည်။ ဤနေ့ ဖြစ်ပေါ်နေသော ပြဿနာတို့၏ အရင်းအမြစ်မှာ စစ်အာဏာ၏ ချုပ်ကိုင် မှုကြောင့်ပင် ဖြစ်ပါသည်။ ဤဖိနှိပ်လျှက်ရှိသော စစ်အာဏာကျဆုံးရန် ဖြိုဖျက်ကြဖို့ လိုပါသည်။ လူထုတို့၏ ရည်မှန်းချက် အာရုံသည် ထို အချက်ပေါ် မဏ္ဍိုင် ပြုခါ ရုန်းကန်လှုပ်ရှားကြရပါမည်။ စစ်အာဏာရှင်တို့နှင့် သူ၏လက်ပါးစေ လက်ဝေခံ တို့ ဖိနှိပ်သွေးစုတ်မှု ကို ဖေါ်ထုတ်ဖွင့်ချခြင်း၊ တားဆီးဆန့်ကျင်ခြင်း၊ တို့ကို လူထုအားနှင့် လုပ်ဆောင်သင့်ပါသည်။
စစ်အာဏာရှင်စံနစ် ဆန့်ကျင်ရေးလုပ်ငန်းသည် အချောင်သမားတို့နှင့် တော်လှန်ရေးလှုပ်ရှားမှုကို စည်းခြားသည့် မျဉ်းလည်းဖြစ်ပါသည်။ ထိုကြောင့် “ စစ်အာဏာရှင်စနစ် ကျဆုံးပါစေ။” ကြွေးကြော်သံကို ကျယ်ပြန့်သည်ထက် ကျယ်ပြန့် ရန်လှုပ်ဆော်စည်းရုံး လုပ်ဆောင်ကြရမည်။ စစ်တပ်အပါအ၀င် လူထုက အကောင်အ ထည်ဖေါ်လာရန် နည်း လမ်း ပြကြရမည်။ တခြားလမ်းလွဲလမ်းခွဲများတွင် အချိန်ကုန်လူ ပမ်းဖြစ်နေခြင်း မှ ကာကွယ်တာဆီးကြ ရပါလိမ့် မည်။
တိုက်ပွဲမ၀င်ဘဲ၊ မည်သို့သောအာဏာရှင်မှ အလိုအလျှောက် ပလ္လင်ပေါ်မှ ဆင်းရိုးထုံးစံမရှိပါ။ စစ်အာ ဏာရှင်တို့အား အလျှော့ပေး ဆက်ဆံသူများသည် စစ်အာဏာရှင်အလိုတော်ရှိ များသာဖြစ်ပေသည်။ သူတို့ သည် ဗြောင်စစ်အာဏာရှင်ထက် လူထု၏ စိတ်ဓါတ်ကို ပျက်စီးစေတတ်သည်။
ထိုကြောင့် “ စစ်အာဏာရှင်စနစ် ကျဆုံးပါစေ။” ကြွေးကြော်သံအောက်တွင် အားလုံးစုစည်း၍ အဓိကကျသော စစ်အာဏာရှင် စနစ် တိုက်ဖျက်ရေး လုပ်ငန်းစဉ်တို့ကို အကောင်အထည်ဖေါ် သင့်ကြပါသည်။ တခြားသော ကြွေးကြော်သံ များသည်လည်း ထိုကြွေးကြော်သံ ရည်မှန်းချက်ကိုသာ ဦးတည် အကောင် အထည်ဖေါ် သင့်ကြောင်း တင်ပြလိုက်ရပါသည်။
စစ်အာဏာရှင်စံနစ် ကျဆုံးပါစေ။
အကသ နှင့် ဗကသ အဓွန့်ရှည်ပါစေ။
ဦးအေးဆောင်
မတ်လ - ၂၂၊ ၂၀၁၈