ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Thursday, February 1, 2018

ပညာတတ်များသို့ -



ပညာတတ်များသို့ -
 အဆင့်မြင့် ပညာရေး ဥပဒေ မူကြမ်းကို မနေ့က တက္ကသိုလ် ဆရာ/ ဆရာမများအသင်း များကိုယ် စားပြုကော်မီတီက ကန့်ကွက်ကြောင်းသတင်းစာ ရှင်းလင်းပွဲလုပ်တယ် ဆိုတာ ဖတ်လိုက်ရ တယ်။အဲဒီ ဥပဒေရေးဆွဲတဲ့ လုပ်ငန်းမှာ ဆရာ/ဆရာမတွေ မပါဝင်ခဲ့ရသလို အဲဒီဥပဒေက ဗဟိုချုပ်ကိုင်မှု  လွန်ကဲတယ် လို့ ဆိုပါတယ်။ ဒါကြောင့် ကန့်ကွက်တယ်လို့ ဆိုပါတယ်။ ဒါဟာ ဒီနေ့ ခေတ်ရဲ့ ဖိနှိပ်မှု သဏ္ဍာန်တခုဖြစ်တယ်။ အာဏာရှင်စံနစ်ကို နည်းတမျိုးနဲ့ ပုံဖေါ် တဲ့ ဖြစ်ရပ်ပါ။ နည်းလမ်းမကျ၊ စေတနာမမှန်ပုံကို ပညာတတ်တွေဖြစ်တဲ့ သူတွေက လှစ်ဟပြသလိုက်တာပါ။ ဒါဟာ ပညာတတ်တွေရဲ့ ရုန်းကန်မှုတခုဖြစ်တယ်။ ဒါကိုအားပေးရမယ်။
အားပေးပါဆိုတော့ အကြောင်းပြချက်တွေက ပေါ်လာတော့မှာ - သူတို့ကတကယ်လုပ်မှာလား၊ ဟန်ပြ လောက်ဘဲလား၊ ငါတို့ ဂိုဏ်းကလူတွေ လဲ မပါဘူး၊ သပိတ်အထိဖြစ်လာမှာ မဟုတ်ပါဘူးလေ - ဆိုတာတွေ ပေါ်လာမယ်။ တကယ်လုပ်ချင်တဲ့ သူတွေတောင် အထက်ကပြောတဲ့   အချက်တွေကြောင့် အားက မတိုး လာတဲ့ အပြင် စိတ်ပျက်ပြီး ရပ်တန့်သွားသူတွေ အများကြီး။ ဒါတွေက ဘာကြောင့်ဖြစ်ရတာလဲ။ ကျွန် တော်တို့ဟာ လုပ်တဲ့ သူမရှိတော့လည်း လုပ်တဲ့ သူမရှိလို့မျှော်၊ လုပ်တဲ့သူရှိတော့လည်း တန်ဖိုးမထား မထောက်ကူ ကြတော့  လှုပ်ရှားမှုက သက်တန်းရှည်ဖို့ ခက် တာပေါ့။ လှုပ်ရှားမှုတိုင်းဟာ အစက သေးသေး လေးတွေချည့်ပါ။ ၀ိုင်းဝန်းထောက်ပံ့ရင်း ကူညီရင်းရဲ့ နည်းနာတွေပေါ်လာ၊ အင်အားတွေတိုးလာ၊ လမ်းမှန်ပေါ် ထိန်းညှိရင်း အောင်ပွဲ ဆီကို အရောက်တက်လှမ်းကြရတာပါဘဲ။
အင်အားနည်းချိန်မှာ ရန်သူကတမျိုး၊ မလိုလားသူ၊ ဂိုဏ်းဂဏဆန်သူ၊ရန်သူ့ ဒလံတွေက တဖုံရှိ နေကြ မှာဘဲ။ ဒါပေမဲ့ အဖိနှိပ်ခံ စိတ်ဓါတ်နဲ့ လှုပ်ရှားသူတွေ များလာရင် အားကြီးလာရင် ဖိနှိပ်သူတွေ၊ ဒလျှိုဒ လံတွေဟာ အလိုလို ပုန်းလျှိုးပြီး ဘက်ပြောင်းလာကြတာပါဘဲ။ ဒီတော့ ဖိနှိပ်ခံတွေ က တိုက်ပွဲကို အမြင် ကျယ်ကျယ် ဂိုဏ်းဂဏ အစွဲကင်းကင်းနဲ့ စလုပ်တဲ့ သူတွေကို အားပေးသင့်တယ်။ စလုပ်သူတွေဟာ အများ အားဖြင့် ပညာတတ်တွေ ဖြစ်တတ်တယ်။ ပညာတတ်တွေဘဲ စထောက်ခံ ၀န်းရံရင်းအားပေးရမယ်။ စလုပ်ဖို့ ၊ အားပေးဖို့ ပညာတတ်တွေမှာ တာဝန်ရှိတယ်။
“ပညာတတ်” ဆိုတာကို ကျွန်တော်အမြင်ရှင်းပြပါရစေ။အရေးအဖတ်တတ်ရင် “စာတတ်” ပေါ့၊ စာတတ်ပေမဲ့ စာမဖတ်မလေ့လာရင် ပညာမတတ်ဘူး။ ပညာရပ် တခုခုကို လေ့လာမှတ်သား လုပ်ဆောင်မှသာ “ပညာတတ်” လို့ဆိုနိုင်မယ်။ ဘွဲ့ရတာနဲ့ မရတာနဲ့ မဆိုင်ဘူးလို့ထင်တယ်။ ပညာတတ်တွေဟာ သူဘာသာ ပညာတတ်လာကြတဲ့ သူတွေမဟုတ်ပါဘူး မြန်မာပြည်လို တိုင်းပြည်မှာ ပြည်သူကဆောက်ထားကျောင်းတို့ ၊ တက္ကသိုလ်တို့က သင်ယူတတ်မြောက်ခဲ့ကြရတာပါ။ အဲဒီကျောင်း တက္ကသိုလ်ဆိုတာတွေက ကိုယ့်မိဘတ ယောက် ထည်းက ဆောက်ထားတာ မဟုတ်ဘဲ ပြည်သူတွေရဲ့ ချွေးနည်းစာနဲ့ ဆောက်ထားတာတွေပါ။ ပြည်သူတွေ သူတို့ဘ၀ မြင့်မားလာရေးအတွက် မျှော်လင့်ပြီး  ဒီကျောင်းတွေ၊ ဒီတက္ကသိုလ်တွေကို ဆောက် ခဲ့ကြတာ၊ ဒါပေမဲ့ အဲဒီ ကျောင်း အဲဒီတက္ကသိုလ်က ဆင်းလာတဲ့ သူတွေက ပြည်သူတွေရဲ့ မျော်မှန်ချက်နဲ့ ကျေးဇူးကို မသိဘဲ သူတို့တော်လို့တတ်လို့ ဘွဲ့ရကြတာလို့ ထင်ပြီး မာနနဲ့ ကိုယ်ကျိုးစီးပွါးနောက်ကို ကောက်ကောက်ပါ လိုက်ကြ တော့တာဘဲ။ ပညာတတ်တွေ တကိုယ်ကောင်းဆန်တတ်ပုံကို မြင်ဖို့ပါ။
တိုင်းပြည်တခု ချွတ်ခြုံကျနေတယ်၊ ကျရှုံးနိုင်ငံဖြစ်နေရင် အဓိကတာဝန်အရှိဆုံးက ပညာတတ်တွေဘဲ။ စစ်ဖက်အရပ် ဖက် နှစ်ရပ်စလုံးက ပညာတတ်တွေကို ဆိုလိုပါတယ်။ ပြည်သူလူထုရဲ့ ကျေးဇူးမကင်း တဲ့ ကျောင်း၊ သင်တန်း တက္ကသိုလ် မှန်သမျှ ကဆင်းသူတွေအားလုံးပေါ့။ ဒီတော့ ပညာတတ်တွေ ဖြစ်နေကြတဲ့ ကျွန်တော်တို့ မှာ တာဝန်အပြည့်ရှိပါတယ်။ ဒါကို ရှောင်လွှဲလို့မရပါဘူး။
ကျွန်တော်တို့ ပညာတတ်တွေမှာ - လေ့လာနိုင်အားရှိတယ်၊ သင်ယူလွယ်တယ်၊ ပြန်ဖြန့်ဖြူးနိုင်တယ်၊ ရှင်းပြနိုင်တယ်။ အဆက်အစပ်လည်းရှိတယ်၊ နည်းနာလည်းသိတယ်၊ ကျန်းမာရေးလည်းကောင်းပါလျှက်  ပြည်သူတွေ ရဆိုင်နေရတဲ့ စစ်အာဏာတို့ရဲ့ ဖိနှိပ်မှုဒဏ်၊ဒုက္ခဆင်းရဲခြင်းက ကင်းအောင် နည်းလမ်း ကိုမရှာဘဲ အူကြောင်ျာား ဖြစ်နေရင် ကျွန်တော်တို့ဟာ ပြည်သူတွေရဲ့ ကျေးဇူး စူးစရာဖြစ်လိမ့်မယ်။ ကိုယ်မစွမ်းလျှင်လည်း ရှာကြံလုပ်ကိုင်သူ ကြီးငယ်မရွေးကို  အားပေးရမယ်။
ကျွန်တော်တို့ သိထားဖို့က ပညာတတ်တွေဟာ လုပ်အားရောင်းစားသူမဟုတ်ကြဘဲ ၀န်ဆောင် လုပ်ငန်း မှာ အများဆုံးပါဝင်နေကြတော့ ပညာတတ်တွေဟာ တော်လှန်ရေးဘက်မှာ ရှိလျှင် ရှိ မရှိရင် ဖေါက်ပြန်တဲ့ ဘက်မှာ ရှိနေတတ်တယ်လို့ လေ့လာမှတ်သားဘူးပါတယ်။ဒီတော့ ကျွန်တော်တို့ မှာစူးနေတဲ့ ပြည်သူ့ ကျေးဇူးကို သိသောအားဖြင့် ပြည်သူအကျိုးကို သယ်ပိုးသူတွေကို ကြီးသည်သေးသည် မဟူ ၀ိုင်း အားပေး ကူညီပါဝင်ရင်း လှုပ်ရှားမှုကို ကြီးထွါးစေခါ အောင်မြင်မှုပန်းတိုင်းကို ထိန်းကျောင်းသွားသင့်တယ်လို့ ကျွန်တော်အလေးအနက် တိုက်တွန်းလိုက်ပါတယ်။
အောင်ပွဲကို တိုက်ယူကြ။
အဖိနှိပ်ခံတို့ ညီညွတ်ကြ။
ဒီမိုကရေစီ မုချရရမယ်။
ဦးအေးဆောင်
၁၅၊၁၊၂၀၁၈။

“မင်းကဘာကောင်မို့လဲ”



“မင်းကဘာကောင်မို့လဲ”
“မင်းကဘာကောင်မို့လဲ “ ဆိုတဲ့စကားကို ကျွန်တော်သိပ်မုန်းပါတယ်။ ဒါဟာ စစ်သားအကျင့်မကုန် သေး တာ၊ ခေါက်ရိုးကျိုးနေတဲ့ ရှေးရိုး ဆရာသမားကြီးတွေရဲ့ တပြည့်ဖြစ်ခဲ့ရတာ၊ ပဒေသရာဇ် အစွဲအလမ်းမ ကင်းစင် သေးတာ၊ ကွန်ဖြူးစီးယပ် ၀ါဒ လောင်းရိပ်အောက်မိနေတာသာဖြစ်တယ်။ အနောက်နိုင်ငံတွေမှာ ခလေး တွေရဲ့ မေးမြန်းမှု၊ ဆင်ခြေတက်မှုတွေကို အားပေးတဲ့ စံနစ်နဲ့ ပညာသင်ပေးကြတယ်။ဒါကြောင့် ဆန်းသစ်တီထွင်မှုတွေ အမြင်သစ်တွေ ပေါ်လာနေကြတယ်။ ကျွန်တော် တို့မှာက စစ်အာဏာ ယဉ်ကျေး မှုလောင်းရိပ်နဲ့ ရှေးရိုးစွဲ ပညာရေး အောက်မှာ စားဝတ်နေရေးက ဆင်းဆင်းရဲရဲနဲ့  ၅၆ နှစ်ကြာနေနေရတော့ “ မင်းကဘာကောင်မို့လဲ ”ဆိုတဲ့ စကားတွေက မိုးမွှန်နေတာမဆန်းပါဘူး။ ဆန်းတာက အဲဒီလူတွေဘဲ ခေတ်ပေါ် နည်းပညာတွေ၊ ဆန်းသစ်တီထွင်မှုတွေ ရဲ့ ရလာဒ်ကို ဦးဦးဖျားဖျား ခံစားကြပြီး မခံစားနိုင်တဲ့ သူတွေကို အဲဒီစကားနဲ့ ဘဲ ပြန်နိပ်ကွပ် ဖိနှိပ် နေကြတယ်။ ဒါကြောင့်တိုးတက်တဲ့ခေတ်မရောက်ဘဲ ပြည်ူတွေက သူများနောက်က အောက်တန်းကျ နေနေရတာ ဖြစ်တယ်။
မြင်တာကိုပြောနိုင်တဲ့ လွတ်လပ်မှုလောက်တော့ လူတိုင်းမှာ ရှိသင့်ပါတယ်။ ဆင်ခြေတက်၊ ထောက် ပြတာ၊ ဝေဖန်တာကို ဆိုကရေတီးစ် တို့ ဗုဒ္ဓတို့ အားပေးခဲ့ကြတယ်။ အမှန်တရားကို ငြင်းခုံရင်း ရှာဖွေခဲ့ကြတယ်။ နိုင်ရာစားတဲ့ အာဏာရှင်အောက်မှာတော့ ဒီအခွင့်အရေးကို ရရှိစရာမရှိပါဘူး။ ဒါပေမဲ့ မြင်တာ၊ ယူဆတာ ကို ပြောတာကျွန်တော်တို့ ရဲ့အခွင့်အရေးဘဲ။ ကြီးကြီးကျယ်ကျယ်ပြောရင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးပေါ့။ ရအောင် ကျင့်သုံးရမှာဘဲ။
ပြဿနာက ဒီအခွင့်အရေးကို လူတိုင်းမှာ ရှိပါလျှက်၊ ဖိနှိပ်ခံ အချင်းချင်း “မင်းကဘာကောင်မို့လဲ” နဲ့ ဖိနှိပ် နှောက်ယှက် ဟန့်တားနေတာက ကိုယ့်ဘ၀ကိုယ်နားမလည်ရာကျသလို လူသမိုင်းရဲ့ ဖြစ်ပေါ်တိုးတက်မှု စံနစ်ကို နားမလည်ရှာတဲ့ သနားစရာလူတွေဖြစ်နေတယ်။ တဘက်ကပြန်ကြည့်တော့ သူတို့ဟာ ခေတ်ဟောင်း၊ သခင် ဟောင်းတို့ရဲ့ ကျွန်ကောင်းတွေ ဖြစ်နေတာတွေ့ရမယ်။ ဒီလူတွေဟာ ဗမာပြည်မှာသာမက လူသား တွေရဲ့ တိုးတက်မှုကို ဟန့်ထားနေတဲ့ မိုက်လုံးကြီးသူတွေဖြစ်တယ်။
ဆရာဝန်ကောင်းမကောင်း၊စွမ်းမစွမ်း  လူနာတွေက ပြောနိုင်တယ်။ ရွှေစစ်မစစ် မှတ်ကျောက်က ပြနိုင်တယ်။ ပရွက်ဆိတ်က သကြားရှိရာကို ပြနိုင်တယ်။ ဟင်း စပ်တာကို ခလေးက ပြောမှာဘဲ။ ပြောရ ကောင်းလားလိုရိုက် လို့မရဘူး။ မှန်ကန်တဲ့ တုန့်ပြန်မှုရဲ့ အခြေခံ ကျတဲ့ အချက်တွေကို သိထားမှသာ အမှန်ကို ဖေါ်ထုတ်နိုင်မှာဖြစ်တယ်။ ပြဿနာကိုဖြေရှင်းနိုင်မှာဖြစ်တယ်။။
အခုတော့ ဦးသူဆဲစတမ်း၊ ကောင်းဘွင်ကားထဲကဦးသူပစ်စတမ်း၊ ဦးသူဟောက်စတမ်း လုပ်နေ လို့တော့ ပြဿနာက ပြေလည်စရာမရှိသလို ပဋိပက္ခတွေက ကြီးသထက်ကြီးယုံဘဲရှိတော့မယ်။
စစ်အာဏာ ယဉ်ကျေးမှုစရိုက်တွေက ပြန့်သထက်ပြန့်နေပါတယ်။ ကြမ်းတမ်းတဲ့ရိုင်းစိုင်းတဲ့  အကျင့် တွေက ပြန့်သထက်ပြန့်နေပါတယ်။  ဒါတွေကို တော်လှန်ရေး ယဉ်ကျေးမှုနဲ့ ဆန့်ကျင်ရမှာပါ။ ဆန်ကျင်တယ် ဆိုရာမှာ တတ်နိုင်တဲ့နည်းနဲ့ ဆန့်ကျင်ရမှာပေါ့။ ဥပမာ ခါကျဉ်က သူတတ်နိုင် သလောက် ကိုက်မှာဘဲ။ ကျီးတွေက သူတို့ အော်နိုင်သလောကအော်၊ဆိပ်နိုင်သလောက် ဆိပ်ကြရတာပါဘဲ။ ကျွန်တော်တို့လည်း “မင်းက ဘာကောင်လဲ” လို့ ဆိုတဲ့ သူတွေကို အဖက်မလုပ်၊ ၀ိုင်းကျဉ်ရမယ်၊ ဆန့်ကျင်ရမယ်။ သူဟာ တခြားလူကို ဖိနှိပ်တဲ့ သဘောထားရှိနေလို့ မလိုလားကြောင်း ပြတာ ဆန္ဒပြတာ တမျိုးပေါ့။
ဒီနေ့လူတွေက အလုပ်သိပ်များနေကြတယ်။ အချိန်ပို သိပ်မရှိကြဘူး။ ဒီကြားထဲက အမြင်တို့ သုံး သပ်ချက်တို့ ပေးဖို့၊ ကော်မန့် ပေးဖို့ တို့ တောင် မပေးနိုင်ကြတော့ဘူး။ စိတ်ဝင်စားလို့သာ  ကော်မန့်ပေး တာကို “မင်းဘာကောင်မို့လဲ” ဆိုပြီး အထက်စည်းက နှိမ်သလိုလို၊ ချိုးသလိုလို ပြောဆိုတာတွေက ဗိုလ်ကျ နည်း တမျိုးပါဘဲ။ ဒါတွေက မလုပ်သင့်ပါဘူး
ဘာကောင်မှ မဟုတ်တဲ့ သူက ဘာမှမပြောရတော့ဘူးဆိုရင် ဘာကောင်ကြီးဖြစ်မှ ပြောရမလဲ လို့ မြန်မေး ရမည့်ပုံဘဲ - အကောင်ကြီး ဖြစ်လို့ ပြောလိုက်ရင်တော့ မှန်မှန်မမှန်မှန် ဒီလူငုံ့ခံမှာ သေချာတယ်။  ဒီတော့ သူ့ရဲတန်ဖိုးက ဘယ်မှာရှိမလဲ အထက်ဖါး အောက်ဖိ သမားဘဲ ဖြစ်တော့မယ်။ ဒီလိုစရိုက်မျိုးက ရုန်းထွက် ကြရမယ်။ ကျင့်သုံးသူကိုဆန့်ကျင်ရမယ်။ ဒါမှမဟုတ်ရင်တော့ ကုန်းခံဘ၀နဲ့ ၊ ဘ၀ဟာ ငုံးတိတိနဲ့ အညွန့် တက်စရာ အကြောင်း မရှိတော့ဘူး။
လူလူချင်း လေးစားသင့်တယ်။ သူ့အဆင့် သူအသိကို နားလည်မှုပေးသင့်တယ်။ ဒီနေ့ သူများကို ပိတ်ပင် တဲ့ သူဟာ နောက်နေ့မှာ သူကိုယ်တိုင် အပိတ်ပင်ခံရတဲ့ သူဖြစ်သွားလိမ့်မယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ပိတ်ပင်တဲ့ အလုပ်ကို၊ နည်းကို သူကအားပေးခဲ့လို့ပါဘဲ။
လွတ်လပ်မှုအတွကနေ ပိုမိုလွတ်လပ်မှု အတွက်  နည်းမျိုးစုံ နဲ့ ကမ္ဘာအရပ်ရပ် လူသားတွေ လှုပ်ရှား တိုက်ပွဲဝင်နေတဲ့  ဒီနေ့လိုကာလမှာ တခြားသူရဲ့  အခွင့်အရေးကို အားမပေးတဲ့ အပြင် တားဆီးပိတ် ပင်တဲ့ “ မင်းကဘာကောင်မို့လဲ” လို့ ပြောတတ်တဲ့ သူကို ကျွန်တော်တို့ ၀ိုင်းဝန်းရှုတ်ချ ဆန့်ကျင်သင့်ပါတယ်။
လူလူချင်းလေးစားကြ။
ဖိနှိပ်မှုကို ဆန့်ကျင်ကြ။
အခွင့်အရေးကိုကာကွယ်ကြ။

ဦးအေးဆောင်
၎၊၁၊၂၀၁၈။