ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Saturday, March 19, 2016

ဘာဆက်လုပ်ကြမလဲ။




ဘာဆက်လုပ်ကြမလဲ။
အလျှော့ပေး၊ အရှုံးပေးတာတွေအကြိမ်ကြိမ်လုပ်ခဲ့ဘူးတဲ့ ဒေါ်စုက အခုနောက်ဆုံး လူပြောသူပြောများပြီး စကားစစ်ထိုးပွဲတွေ၊ အငြင်းအခုံပွဲတွေဆူပွက်သွား တဲ့ သမတနေရာကိုလည်း လက်လွှတ်လိုက်ရပြန်ပါပြီ၊ ဒါဟာ နိုင်ငံရေးအရ သင်းသတ်ခံလိုက်ရတာကို မပြောဘဲ သိကြပါတယ်၊ ဒါပေမဲ့ အဖါးသန်၊ အမြှောက်သန်တဲ့ ကျွန်တော်တို့ လူထုတွေက သမတ အထက်မှာရှိတယ်လို့ မှန်းဆဖြေသိမ့်ရင်း သူရဲ့ အရှုံး ကို ကာကွယ် အမွှန်းတင်ကြတာကို ကြားတွေ့နေရပါတော့တယ်။အရှိကို အရှိအတိုင်းမြင်တာနဲ့ ကဲ့ရဲ့ အပြစ်တင်တာက တခြားစီဆိုတာကို ကျွန်တော်တို့ တတွေ ပြင်းပြင်းထန် ထန် လေ့လာထားကြရ ပါတော့မယ်။ ဒေါ်စုက မြန်မာ့ နိုင်ငံရေး သရုပ်လိုဖြစ်နေလို့သာ ညွှန်းနေရတာ ဖြစ်ပြီး လူထုတွေ သိသာစေချင်လို့သာ ပြောပြနေရတာကို သတိပြုစေချင်ပါတယ်။
 တခါ နံမယ်ဆိုးနဲ့ ကျော်ကြားတဲ့ ဗိုလ်မြင့်ဆွေကို  ဒုသမတ အဖြစ်ပေါ်လာရတာကလည်း ဗိုလ်သန်းရွှေက လာမည့်အစိုးရ အဖွဲ့ထဲ ချိန်ကိုက်ဗုံးထည့်လိုက်တာပါ၊ စစ်အာဏာရဲ့ သြဇာအရှိန်အ၀ါရှိစဲဆိုတာကို ထင်ရှားအောင်ပြသ သလို ဒေါ်စုအပါအ၀င် နောက်အစိုးရဆိုတာကိုလည်း လည်ပင်းထုံးထားလိုက်တာပါ ဘဲ။ ကောက်ကျစ်ယုတ်မာတဲ့ အကြံတခုသာဖြစ်ပါတယ်။ ဗိုလ်မြင်ဆွေက အစိုးရသစ်ထဲမှာ အဓိကချယ်လည် သူဖြစ်လာဦးမှာ ဆိုတာလည်း ကြည့်သော သူသည်မြင်၏ ဖြစ်နေပါတယ်။
ဒေါ်စုဘက်ကိုကြည့်တော့လည်း လူထုက ရွေးတင်ပေးလိုက်တဲ့ သူတွေကို တော်တော် ဖိနှိပ် ကွပ်ညှပ်နေ တယ်။ အမှိုက်ကောက်ခိုင်းလိုက်၊ စစ်အစိုးရဟောင်းတွေဆီမှာ သင်တန်းတက် တပြည့်ခံခိုင်းလိုက် ၊ ဟိုဟာ မလုပ်ရ၊ ဒီဟာမလုပ်ရ ဟိုဟာမပြောရ၊ ဒီဟာမပြောနဲ့ လူထုကိုယ်စားလှယ်ဆိုသူတွေဟာ သူငယ်တန်း ကျောင်းသားလေးတွေ လိုဖြစ်နေရတာ မြင်လို့ကြားလို့ မကောင်းပါဘူး၊ ဒီကြားထဲ ဗိုလ်သိန်းစိန်ခေတ်က  ဒုတိယ အမြဲတမ်းအတွင်းဝန်တွေကို စစ်တပ်က လူတွေ ထည့်ခန့်ထားတာကိုတော့ ဘာသံမှ မကြားမိ သေးပါဘူး။ ဒေါ်စုက သူ့ပါတီကလူတွေကို သူသိပ်ယုံပုံမရတာကလည်း အကြည့်ရ ဆိုးတဲ့ ပုံတခုပါဘဲ။
လာမည့်အစိုးရဆိုတာကို ယေဘုယျ ကြည့်လိုက်ရင် “ လက်ဝေခံ အစိုးရ” လို့ ခေါ်နိုင်ပါတယ်။ ဒီလိုဖြစ်ရတာက ၂၀၀၈ ဖွဲ့စည်းပုံအောက်ကို ၀င်ကထည်း က ဖြစ်လာတဲ့ ရလာဒ်ပါ၊ တော်လှန်ရေးနဲ့ တက်လာတဲ့ အစိုးရ တွေသာ ဒီလို ထုံးတား ၊ အကြပ်ကိုင် ၊ ကန်သတ်ချုပ်ချယ်တာတွေကို ဖယ်ရှားနိုင်ပါတယ်။ အခုတော့ တော်လှန်ရေးကို နားမလည်၊ ယုံကြည်မှုမရှိတော့ ဖိနှိပ်သူက အိမ်ဦး ခန်းမှာနေပြီး ပြဿနာအမျိုးမျိး ဖန်တီးနေမှာ ဖြစ်တော့ နောက်အစိုးရ ဆိုတာက အပင်းသွင်းခံရ တဲ့ ရောဂါသည်လိုဖြစ်နေပြီး  မြန်မာပြည် သူလူထုတွေ ဆင်းရဲသံသရာနဲ့ ဒုက္ခသံသရာ ကို တလှည့်စီခံရင်း ပူပန်သောကနေ့တွေ ရှည်ကြာနိုင်ပါတယ်။
ဒါက ဖြစ်လာမည့် အခြေအနေပါ။ ကျွန်တော်တို့က ဒီအခြေအနေကို ထိုင်စောင့်ပြီးငုံ့ခံဖို့ ပြင်နေရမှာလား ဆိုတော့ ဒီစာက အဲလိုစိတ်ကူးတွေကို တိုက်ဖျက်ဖို့ ရည်ရွယ်တာဘဲ။ ကျွန်တော်တို့ ပြောပြောနေတဲ့ “ ၂၀၀၈ ဖွဲ့စည်းပုံ အခြခံဥပဒေ” ဆိုတာ စစ်အာဏာရဲ့ အရိပ်မျှသာဖြစ်တယ် ဆိုတာကို သေသေခြာခြာ သိစေချင်ပါတယ်။ တကယ်က ကျွန်တော်တို့ တိုက်ဖျက်ရမှာက အဲဒီဥပဒေကို ရေးတဲ့၊ ကာကွယ် တဲ့  စောင့်ရှောက်တဲ့ လေးစားတဲ့၊ လိုက်နာတဲ့ စစ်အာဏာရှင်တွေ၊ သူ့အလိုတော်ရှိတွေ ကို ဖေါ်ထုတ် တိုက်ဖျက် ရမှာပါ၊ စစ်အာဏာရှင်နဲ့ စစ်တပ် မတူတာကိုလည်း သတိကြီးကြီး ထားစေချင်ပါတယ်။ ခွဲခွဲခြားခြားမြင် စေချင်တယ်။
ကျွန်တော်တို့ လူထုတွေကြောက်နေကြတာက ဥပဒေ မဟုတ်ပါဘူး၊ သူနောက်မှာ ရှိတယ်လို့ ထင်ရတဲ့ စစ်တပ်ဖြစ်တာကို ဘာကြောင့် မပြောပြကြတာလဲ။ စစ်တပ်ဟာ ပြည်သူ လူထုကိုသာ ကာကွယ်တဲ့ တပ် ဖြစ်အောင်လုပ်ဖို့ရာက ဥပဒေပြင်ရေးထက် အရေးကြီးပါတယ်။
 အစိုးရအဟောင်းဖြစ်ဖြစ် အသစ်ဖြစ်ဖြစ် စစ်အာဏာရဲ့ အောက်မှာ ရှိမြဲရှိနေတာကို ဘယ်သူမှ ငြင်းနိုင် မယ်မထင်ပါ၊ ဒီတော့ စစ်အာဏာရှင် စံနစ်တိုက်ဖျက်ရေး၊ ဒီမိုကရေစီထူထောင်ရေး(စတဒထ)ဟာ ဒီနေ့ ဆက်လုပ် ရမည့်လုပ်ငန်းစဉ်ပါဘဲ၊ စစ်အာဏာကို မတိုက်ဖျက်ဘဲ ဒီမိုကရေစီထူထောင်လို့ မရတာကို တော့ ၆၂ ခုနှစ်ကစ ရာစုနှစ်ဝက်ကျော်ကာလတွေကို ပြန်ကြည့်ရင်သိပါတယ်။ဒီတော့ အိမ်ဦးခန်းမှာနေပြီး၊ အခွင့်ထူး ခံနေတဲ့ စစအာဏာရှင်ဗိုလ်ချုပ်တွေကို စတဒထ လမ်းစဉ်နဲ့ ဆက်လက်ဆန့်ကျင် တိုက်ချဖို့ လိုနေတာကို ရှင်းရှင်းသိ စေချင်ပါ တယ်။
အခုလို စစ်အာဏာရှင်တွေရဲ့ လက်ဝေခံ အစိုးရ ကာလမှာ ကျွန်တော်တို့ ဒီလုပ်ငန်းလမ်းစဉ်ကို ပီပြင် အောင် အကောင်အထည်ဖေါ်ကြရမှာပါဘဲ။ လူထုဘက်က ရပ်တည်မည့်ကိုယ်စားလှယ်တွေကို တိုက်တွန်း ရမှာဘဲ၊ ၊ ဒေါ်စုက စစ်အာဏာရှင်စံနစ်တိုက်ဖျက်ရေးလုပ်မှာ မဟုတ်ပါ၊ ပူပေါင်းမွေးမြူရေး သာလုပ်မယ်ဆိုတာ ၈၈ အရေးတော်ပုံစတော့ ကြားဝင်စေ့စပ်ပေးဖို့ လုပ်ကထည်းကသိနိုင်ပါတယ်။ု၊ စစ်ဗိုလ်ချုပ်တွေပေးတဲ့ လက်ကြား ယိုအခွင့်အရေးလေးတွေကို အမွန်းတင်ရင်း စစ်အာဏာရှင်စံနစ်ကို တိုက်ရိုက်ကော၊ သွယ်ဝိုက်ပါ ကာကွယ် နေပါလိမ့်ဦးမယ်။ ဒီတော့ ဖိနှိပ်ခံပြည်သူတွေက လက်ပံတောင်း တုန်းက လမ်းခွဲသလို ဖြစ်လာ နိုင်စရာရှိ ပါတယ်။ဒီတော့ မတရားတဲ့ ဖိနှိပ်မှုတွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေဟာ ပြည်သူတွေက ဘဲ ဖေါ်ဆောင်ကြမှာ ဖြစ်လို့ လူထုတိုက်ပွဲလမ်းစဉ်ဘဲ လူထုက အားကိုးကြရပါလိမ့်မယ်။
ကျင့်သုံးရမည့်နည်းနာက လူထုတိုက်ပွဲလက်နက်ကိုင်တိုက်ပွဲ ဖြစ်မြဲဖြစ်နေတယ်။ဒါဟာလက်ရှိလည်း ဖြစ်နေ တာပါ၊ ကျောင်းသားတွေရဲ့ပညာရေးအခွင့်အရေး တောင်းဆိုတိုက်ပွဲတွေ၊၊ အလုပ်သမားတွေ ရဲ့ လုပ်ခလစာအပြည့်ရရေးတိုက်ပွဲတွေ၊လယ်သမားတွေရဲ့လယ်မြေပြန်ရရေးထွန်တုံးတိုက်ပွဲတွေ နိုင်ငံအနှံ့ဖြစ် နေတာ၊ တိုင်းရင်းသားတွေ လက်နက်ကိုင် တိုက်ပွဲဝင်နေကြတာတွေ  တိုးပွါးကျယ်ပြန့်လာနေတာတွေဟာ လူထုတိုက်ပွဲလက်နက်ပွဲလမ်းစဉ်ကို စစ်အာဏာရှင်စံနစ်ဆန့်ကျင်ရေး သဘာဝအတိုင်း အကောင် အထည် ဖေါ်နေတာသာဖြစ်ပါတယ်။ ဒီတိုက်ပွဲ တွေကို တရားသော တိုက်ပွဲတွေ အဖြစ် အသိအမှတ်ပြုပြီး အားပေးထောက်ခံရမှာပါဘဲ။ စစ်အာဏာရှင်တွေရဲ့ လက်ပါးစေလက်ဝေခံတွေကို အပြတ်အသား ဆန့်ကျင်ကြ ရမယ်။
ကျွန်တော်တို့ လတ်တလောလိုအပ်ချက်တွေ ဖြစ်တဲ့-သတင်းလွတ်လပ်မှု၊ နိုင်ငံရေးလွတ်လပ်မှု၊ မတရားမှုတွေ တိုက်ဖျက်ရေး၊ နိုင်ငံရေးအကျဉ်းသား မရှိရေး၊ မြေယာနဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှု အသိအမှတ်ပြုရေး၊ ဘ၀လုံခြုံရေးတွေအတွက် လူထုတိုက်ပွဲ လက်နက်ကိုင်တိုက်ပွဲနည်းနာ ကို ပေါင်းစပ်ကျင့်သုံးဖို့ လိုအပ်မြဲ လို အပ် နေတယ်။ပြည်သူတွေဟာကိုယ့်ဘာသာကာကွယ် နိုင်အောင် ဖွဲ့စည်း လှုပ်ရှား တတ်ဖို့ စုစည်း ကြရလိမ့်မယ်။
နိုင်ငံရေးလွတ်လပ်ခွင့်ဆိုတာ - အဖွဲ့ အစည်းထူထောင်ခွင့်၊ စီတန်းလှည့်လည်ခွင့်၊ ပါတီစုံစံနစ် ပီပြင်စွာ ကျင့်သုံးရေး တို့ ဖြစ်တော့ ကျွန်တော်တို့ ဟာ “ ပန်းတိုင်းပွင့်ပါစေ” ပေါ်လစီလို ကျင့်သုံးကြရ လိမ့်မယ်။ စစ်အာဏာရဲ့ ဖိနှိပ်မှုကို ဆန့်ကျင်တဲ့ လွတ်လပ်တဲ့ နိုင်ငံရေးပတ်ဝန်းကျင်ကိုဖန်တီးထူထောင်ကြရလိမ့်မယ်။ ဒါဟာ စစ်အာဏာရှင်စံနစ်တိုက်ဖျက်ရေး ဒီမိုကရေစီထူထောင်ရေးအတွက် စစ်အာဏာကို ဖြိုချတဲ့လှုပ် ရှား မှုဖြစ်ပါတယ်။
ရွေးကောက်ပွဲတွေ၊ သမတရွေးပွဲတွေ၊ လွှတ်တော်တက်ပွဲတွေက အဓိကဖိနှိပ်သူ စစ်အာဏာရှင်ကို မျက်ခြေပြတ်သွားအောင်လုပ်နေတဲ့ ပရိယာယ်များသာဖြစ်တယ် ဆိုတာကို လည်း အစဉ် အမြဲ သတိထားကြရမယ်။
 ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ ကမ္ဘာလွှမ်းမိုးရေး စီမံကိန်းတွေထဲမှာ မြန်မာပြည်ဟာ ကင်း ပြတ်လို့ မရသလို ရှောင်လို့လည်း မလွှတ်နိုင်ပါဘူး၊ ဒီတော့ ကျွန်တော်တို့ ပြည်သူတွေ အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ဖို့လူတန်းစေ့နေနိုင်ဖို့အရေးအင်အားကြီးနိုင်ငံတွေကြားထဲမဖြစ်ဖြစ်အောင်လုပ်ဖို့ရာမှာ ပြည်သူတွေကို အတွင်း လှိုက် ဒုက္ခပေး ဖိနှိပ်သွေးစုတ်နေတဲ့  စစ်အာဏာကို အဓိကတိုက်ရင်း၊ ဒီတိုက်ပွဲအတွက် အထောက် အကူပြုမည့် ပြင်ပအင် အား တွေကိုလည်း စဉ်းစားစရာဖြစ်လာတယ်။
စစ်အာဏာရှင်တွေနဲ့အခွင့်ထူးခံသူ့လက်ပါးစေလက်ဝေခံအာဏာအစွယ်အပွါးတွေကိုတိုက်ဖျက်ရမှာဖြစ်တော့  ဓနရှင် ဒီမိုကရေစီတော်လှန်ရေး အသွင်ဖြစ်တယ်။ဒီတော့ ဖိနှိပ်ခံ ဆင်းရဲသားအလုပ်သမားလယ်သမား လူတန်းစား  ကို အခြေခံပြီး အမျိုးသားဓနရှင်တွေ၊  အလည်အလတ် ဓနရှင် ပေါက်စတွေ ၊လယ်ပိုင်ရှင် လေးတွေ ၊ ပညာတတ်တွေကို လက်တွဲခေါ်ဆောင်တိုက်ပွဲဝင်ကြရမှာ ဖြစ်တယ်။ လွတ်လပ်တဲ့ ပါတီစုံ ဓနရှင် ဒီအမိုကရေစံနစ်ဖြစ်လို့ အမေရိကန်စံနစ်နဲ့ တူပါတယ်၊ ဒါပေမဲ့ အမေရိကန်ကလည်း အရင်းရှင် ပီပီ သူ့အ ကျိုးစီးပွါးသာကြည့်မှာ ဖြစ်တော့ ကျွန်တော်တို ခံစားနေရတဲ့ စစ်အာဏာရဲ့ဖိနှိပ်တဲ့ ဒဏ်ကို ပျောက်ကင်းအောင် ကုပေးခြင်းထက် လက်ငင်းအမြတ်ကို ကြည့်ရင်း စစ်အာဏာရှင်တွေနဲ့ အပေးအယူလုပ်နေမှာပါ၊ ဒါကြောင့်  အမေရိကန်လိုစံနစ်ဖြစ်ပေမဲ့ စစ်အာဏာ တိုက်ဖျက်ရေး ၊ ဒီမိုကရေစီထူထောင်ရေး ( စတဒထ) လုပ်ငန်းက မြန်မာပြည်က တိုးတက်တဲ့ တော်လှန်တဲ့ အဖိနှိပ်ခံ  ပြည်သူလူထု ပခုံးပေါ် ကျမြဲ ကျနေမှာပါ။ ဒီအချက်ကို အလေးအနက် မသိရင်တော့ နောင်လှုပ်ရှားမှုတွေမှာ ထင်ယောင်ထင်မှားဖြစ်တာ၊တွေဝေယိမ်းယိုင်တာ၊ ဖေါက်ပြန်တာတွေကို ကြုံတွေ့နိုင်ပါတယ်။
ဒီတော့ ဒီနေ့ စစ်အာဏာက မြန်မာပြည်မှာ ပန်းပန်နေတုန်း၊ အိမ်ဦးခန်းမှာ တက်ကြီးစိုးနေတုန်း ဆိုတော့ ကျွန်တော်တို့ ပြည်သူလူထုတွေ အနေနဲ့ လွှတ်တော်ထက် လွှတ်တော်ပြင်ပ လူထုလှုပ်ရှားမှုတွေ တိုးတက် လုပ်ဆောင်ရင်း စစ်အာဏာရဲ့ လက်မဲကြီးနဲ့ အငွေ့အသက် တွေကိုရိုက်ချိုးရမယ်၊ လက်ဝေခံ အစိုးရရဲ့ ဖေါက်ပြန်မှုတွေကို မြင်တဲ့နေရာတိုင်းမှာ ဖေါ်ထုတ်ဖွင့်ချခါ လူထုလှုပ်ရှားမှုနဲ့ ဆန့်ကျင်ကြရပါ လိမ့်မယ်၊ လူထု ကိုယ် စားလှယ်တွေ လူထု အတွက် ကာကွယ်ဖို့ တိုက်တွန်းရပါမယ်။ တိုင်းရင်းသားတွေ ကိုယ်ပိုင်ပြ ဌါန်းခွင့် ရရှိရေးအတွက် လက်တွဲလုပ်ဆောင်ရင်း စစ်အာဏာရှင် တိုက်ဖျက်ရေး၊ ဒီမိုကရေစီဖေါ်ဆောင်ရေး( စတဒထ) ပေါ်လစီကို လူထုတိုက်ပွဲ လက်နက်ကိုင်တိုက်ပွဲ နည်းနာ နဲ့ ဖေါ်ဆောင် ကြဖို့  တင်ပြလိုက်ပါတယ်။

ဘုံရန်သူ စစ်အာဏာရှင်တွေကိုဝိုင်းတိုက်ကြ။
အဖိနှိပ်ခံတို့ ညီညွတ်ကြ။
တော်လှန်ရေး မုချအောင်ရမယ်။

ဦးအေးဆောင်
မတ်လ ၁၉၊ ၂၀၁၆