ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Saturday, November 27, 2010

ဒေါ်စုရဲ့ “ non – violent revolution ” သည် မဖြစ်နိုင်

ဒေါ်စုက ရန်ကုန်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ နိုဝင်ဘာ ၁၄ ရက် BBC နဲ့ တွေ့ဆုံရာ မှာ “ Velvet revolution sounds a little strange in the context of the military, but a non- violent revolution. Let's put it that way ” လို့ပြောလိုက်ပါ တယ်။ လို့ AFP ရန်ကုန်သတင်းမှာ ဖေါ်ပြထားပါတယ်။

ဧရာဝတီ သတင်းမှာ non- violent revolution ဆိုတဲ့စကားလုံးကို “ငြိမ်းချမ်းပြီး သွေးထွက်သံယိုမှုကင်းသည့် တော်လှန်ရေး” ဆိုပြီးပြန်လိုက်ပါတယ်။

“non – violent” ဆိုတာကို ပြန်ရိုးပြန်စဉ်အတိုင်း ဆိုရင် “ အကြမ်းမဖက်” လို့ ပြန်ရမှာပါ။ ဒီတော့ “non – violent revolution” ကို “အကြမ်းမဖက် တော်လှန်ရေး ” လို့ပြန်ရမှာပါ။ ဧရာဝတီက မြန်မာစာဖတ် ပရိတ်တွေ အတွက် ကြိုတင်ရှင်းပြ ထားတာပါ။

ကျွန်တော်က “ အကြမ်းမဖက် တော်လှန်ရေး” ဆိုတဲ့ စကားကို အတည်ယူပြီး ရှင်းပြချင် ပါတယ်။

လူထုစိန်ဝင်းက အာဏာရှင်တွေဟာ ပြည်သူ အင်အားမသုံးဘဲ ဘယ်တော့မှ မဆင်းဘူး ဆိုတာ ပြောပြခဲ့ ပြီးပြီ ။ ဒီတော့ ဒေါ်စုရဲ့ “ အကြမ်းမဖက်တော်လှန်ရေး ” သဘောထားကို သုံးသပ်ဖို့ လိုလာ တော့တယ်။

ဒေါ်စုရဲ့ အကြမ်းမဖက်နည်းဟာ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်လောက် ကျင့်သုံးခဲ့ ပြီးတာလဲ ဖြစ်တယ်။ နောက်ကို ပြန်လှည့်ကြည့်ရင် သိသာတယ်။ ဆုတွေ၊ အားပေးချီးမွမ်းတဲ့ စကားတွေ ဒေါ်စုရပေမဲ့ ပြည်သူတွေက စစ်အာဏာရှင် သန်းရွှေတို့ အုပ်ရဲ့ ပိုမိုဖိနှိပ်မှု၊ ဆင်းရဲ့သထက်ဆင်းရဲမှု၊ လူ့သိက္ခာချို့တဲ့မှုတွေ အထပ်ထပ်ခံခဲ့ရတာပါဘဲ။

“တော်လှန်ရေး ” ဆိုတဲ့ စကားကို ဒေါ်စု သုံးတာ ကျွန်တော် လေ့လာမိသလောက် မရှိခဲ့ ပါဘူး။ ဒီစကားလုံးကို အလေးအနက်ထား သုံးရင်တော့ အားပေးပါတယ်။ ဒါပေမဲ့ တော်လှန်ရေးရဲ့ အနှစ်သာရတွေကို လျှော့ပါးမှာတော့ မဖြစ်စေချင်ပါ။ ကြီးမားတဲ့ အပြောင်းအလဲတွေ အတွက် တိုက်ပွဲဝင်တဲ့ လှုပ်ရှားမှာ “တော်လှန်ရေး ”ကို သုံးတာပါ။သာမန်ဖြစ်ရိုးဖြစ်စဉ်မှာ မသုံးရပါဘူး။ တော်လှန်ရေးကို ပေါ့ပျက်စေအောင်လုပ်တာ သာဖြစ်ပါတယ်။

“တော်လှန်ရေး”ဟာ လူ့အဖွဲအစည်းရဲ့ ဖြစ်ပေါ်တိုးတက်မှု အသစ်တစ်ခုခုကို ဖြစ်လာစေတဲ့ သဘောရှိပါတယ်။ နောက်ပြန်ဆုတ်တဲ့ လုပ်ဆောင်ချက်မဖြစ်ရပါဘူး။ ပြောင်းလဲတိုးတက်မှုကို ဆိုလိုတာပါ။ အဟောင်းနဲ့ အသစ်တို့ရဲ့ တိုက်ပွဲလို့ အလွယ်တကူ ဆိုနိုင်တယ်။တချို့ အသစ်တွေဟာ အဟောင်းက ဟန်ဆောင်ထားတတ်တာဖို့ သတိထားရဦးမယ်။ ပြောင်းလဲမှုဖြစ်စဉ် အကြောင်း မပါသေးပါဘူး။

“ တော်လှန်ရေး” ဟာ သဘာဝတရားပါ။ ကြက်ဥထဲက ကြက်ကောင်လေး ဖေါက်ထွက်တာ၊ အမိဝမ်းတွင်းက သားမွေးဖွားတာ၊ ကြောင်ရှာသီးတွေ လေထဲမှာ ပေါက်ကွဲပြီး အစေ့တွေလွင့်ပျံတာ တွေဟာ အဆင့် တစ်ခုအတွက် အားစိုက်တွန်းကန်ရတာကို ပြတာပါဘဲ ။ တော်လှန်ရေးရဲ သင်္ကေတလို့ ပြောရမယ်။ အဆင့်တစ်ခုကို မပြောင်းသေးရင်တော့ တော်လှန်ရေးလို့ မပြောနိုင် သာမန် ကာလသာ ဖြစ်ပါတယ်။ ဒီလိုပြောင်းလဲ ရာမှာ အားကိုသုံးရတယ်။ စာမေးပွဲဖြေရမှာ ကြောက်ရင် အတန်း မတက်ပါဘူး။ သား မမွေးရဲရင် “အမေ” မဖြစ်ပါဘူး။ ဒါက နေ့စဉ်တွေ့နေကျတွေ။ သဘာဝ။

တော်လှန်ရေးရဲ့သဘာဝမှာက လူအဖွဲ့အစည်းအတွင်း စံနစ်တစ်ခုက တစ်ခုကိုပြောင်းမှာ ဆိုတော့ အထက်ကအားစိုက်သလောက်နဲ့ မရတော့ဘူး။ အုပ်စိုးသူနဲ့ အုပ်စိုးခံ။ ဖိနှိပ်သူနဲ့ ဖိနှိပ်ခံ တို့ရဲ့ တိုက်ပွဲဖြစ်တယ်။ အခွင့်အရေးတွေ အာဏာတွေရဲ့ အပြောင်းအလဲ ဖြစ်မှာ ဆိုတော့ တဖက်နဲ့ တဖက် အသဲအသန် တိုက်ပွဲဝင်ကြရတယ်။ ပြင်းထန်တယ်။ ရက်စက်တယ်။ ဒါက ဒီနေ့ မြန်မာပြည်ရဲ့ မြင်ကွင်းပါဘဲ။

သန်းရွှေ စစ်အာဏာရှင်နဲ့ သူ့လက်ပါးစေ၊ လက်ဝေခံတွေက တဖက်၊ အဖိနှိပ်ခံ သွေးစုတ်ခံ လူမျိုးပေါင်းစုံ ပြည်သူတွေက တဖက် အပြင်းအထန် တိုက်ခိုက်နေကြရတာပါ။ သဘာဝ အတိုင်းပြည် သူတွေက ဆန့်ကျင် တိုက်ခိုက် တော်လှန်နေတယ်။ သန်းရွှေတို့ကလဲ သူတို့ အခွင့်ထူးတွေ လက်မလွှတ်ရအောင် မဆုံးရုံးရအောင် မကြာခင်က ရွေးကောက်ပွဲ အပါအ၀င် နည်းမျိုးစုံနဲ့ ကာကွယ်တိုက် ခိုက် နေတယ်။ သူတို့ က ဖိနှိပ်သွေး စုတ်နိုင်ဖို့။ သဘာဝအတိုင်း က ဖိနှိပ်ခံ အများပြည်သူတွေ က နိုင်ရမယ်။ ဒါပေမဲ့ တော်လှန်ရေးဆိုတာ အင်အားနဲ့ စွန့်စွန့်စားစား အကြမ်းဖက်ရမယ်ဆိုတာကို သိမှနိုင်မှာ။ မသိရင် တော်လှန်ရေးသားလျှောဦးမယ်။ ၈၈ တို့၊ ၂၀၀၇ တို့ လိုပေါ့။

ဒါကြောင့် တော်လှန်ရေးဆိုတာ တိုးတက်တဲ့ လူတန်းစား တစ်ရပ်က ဖောက်ပြန်တဲ့ လူတန်းစား တစ်ရပ်ကို အင်အားသုံး ဖယ်ရှားတာဖြစ်တယ်။ အင်အားမသုံးရင် ဖယ်လို့ မရဘူး။ ဖိနှိပ် ရက်စက်မှုတွေ တောင်လိုပုံနေတဲ့ သန်းရွှေတို့လို အာဏာရှင်မျိုးတွေက ပိုဆိုးတယ်။ ကိုယ်ကျိုးစီးပွါး ထိပ်တန်းတင် နေကြသူတွေကို စိတ်ကောင်း စေတနာဆိုတာ သက်သက်နဲ့ ထိန်းချုပ်လို့ မရပါ။ ဒါကြောင့်ဘဲ ရှေးကတည်းက ထောင်တွေ တန်းတွေ ထားခဲ့ကြရတာ။ ဒီတော့ ကျွန်တော်တို့ ပြည်သူတွေ လုပ်ရမှာက တော်လှန်ရေးဆိုတာ ပြင်းထန်တယ်ဆိုတာကို သိရှိပြီး စိတ်ဓါတ်တွေ၊ နည်းနာတွေ၊ အင်အားတွေ ပြတ်သားခိုင်မာအောင် လုပ်ပြီး တိုက်ပွဲဝင် အောင်ပွဲယူရမှာပါ။

စစ်ထက် ကြောက်စရာကောင်းတဲ့ အရာဟာ စစ်ကို ကြောက်ခြင်းဘဲ။

အဖိနှိပ်ခံတို့ ညီညွတ်ကြ။

စစ်အာဏာရှင်ကို ၀ိုင်းတိုက်ကြ။

ဒီမိုကရေစီ မုချရရမယ်။

အပြတ်အသတ် အောင်ပွဲဆီသို့ -

ဦးအေးဆောင်

နိုဝင်ဘာ ၁၇၊ ၂၀၁၀

အောင်ဝေးစစ်တမ်းနှင့် ပတ်သက်၍

ဝေဖန်တဲ့အလုပ်ကို မလုပ်ဖြစ်တာရဲ့အကြောင်းရင်းကို စီစစ်ကြည့်မိတဲ့အခါ ဥပက္ခာ ပြုတတ်တဲ့အကျင့်ကို ကိုယ့်ကိုယ်မှာ ပြန်တွေ့မိတယ်။ ဒီအကျင့်ကို ကောင်း မကောင်း ဆန်းစစ်တော့လဲ ကောင်းတဲ့နေရာရှိသလို မကောင်းတဲ့ နေရာတွေလဲ ရှိနေတာတွေ့ရပြန်တယ်။ အခုလို နိုင်ငံရေးအရ သေရေးရှင်ရေးတမျှ အရေးကြီးနေတဲ့အချိန်မှာ ဘုန်းကြီးတွေက အစအသေအကျေခံပြီး စစ်အာဏာရှင် နအဖကို ဆန့်ကျင် အံတုနေချိန်မှာ ဥပက္ခာတရားဟာပိုလို့တောင် မထားသင့်ဘူးလို့ယူဆပြီး “အောင်ဝေးစစ်တမ်း” ကို အမြင်ဖလှယ်တဲ့ သဘောအနေနဲ့ ဒီစာတမ်းကိုရေးဖြစ်ပါတယ်။

“အောင်ဝေး စစ်တမ်း” ဟာ နအဖ စစ်အာဏာရှင်တွေကို ဆန့်ကျင်တဲ့ သူတွေကို အားပေးချင်တဲ့ စေတနာက “တစ်နှစ်အတွင်း အနိုင်တိုက်ရေး၊ အာဏာသိမ်းပိုက်ရေးလမ်းစဉ်” လို့ ခေါင်းစဉ် တပ်ထားတာကဘဲ သိသာနေပါတယ်။ စိတ်ဓါတ်ကို မြှင့်တင်ဖို့ “တစ်နှစ်” ဆိုတာကိုလဲ ဖေါ်ပြပေး ထားပါတယ်။ ဒီအတွက် သူ့စေတနာကို ကျွန်တော်တို့ ကျေးဇူးတင်ရပါလိမ့်မယ်၊

ဒီနေရာမှာ ကြားဘူးထားတဲ့ “စစ်အနိုင်တိုက်ရေး အာဏာသိမ်းရေး ”ဆိုတာနဲ့ နှိုင်းယှဉ်မိတော့ “စစ်” ဆိုတာ မပါတာကို တွေ့နိုင်ပါတယ်၊ ဒီအတွက်သူ့မှာ အကြောင်းတွေ ရှိပါလိမ့်မယ်။ စစ်တပ်မရှိလို့ ဖြစ်ရင်ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ စစ်တပ်မရှိလို့၊ သေနတ်မရှိလို့၊ စစ်သားမရှိလို့ ဆိုရင်တော့ စစ်တပ်ရှိအောင်။ စစ်သားရှိအောင်၊ သေနတ်ရှိ အောင်လုပ်ရပါလိမ့်မယ်။ ကျွန်တော်တို့ ဒီနေ့ ကြုံနေရတာ ဒီပြဿနာပါဘဲ။ ပြဿနာရဲ့ အစက စစ်တပ် တကယ်လို ချင်သလားဆိုတာကို ကိုယ့်ကိုယ်ကို မေးသင့်ပါတယ်။ ကျွန်တော်ကတော့ လိုချင်တယ်။ မရှိရှိအောင် လုပ်ရမယ်။ “ခင်ဗျားမှာ နေရာရှိလို့လား၊ ကြွေးထားနိုင်လို့လား” လို့မေးမှာ သိပြီးသားပါ။ ကျွန်တော်ကလဲ “လီနင်တို့၊ အရာတိုလာ ခိုမီနီတို့ကကော ကြွေးနိုင်လို့ စစ်တပ်နဲ့ အာဏာသိမ်း နိုင်ကြတာလား” လို့ ပြန်မေးကြည့် ချင်ပါတယ်။ ကျွန်တော်တို့ စစ်တပ်လိုပါတယ်။ ပြည်သူ့ဘက်က ရပ်မည့် စစ်တပ်ကိုရှာရမယ်။ မမြင်သာတဲ့ စစ်တပ်ဖြစ်ရင်လဲ ဖြစ်မှာဘဲ။ စစ်တပ်တော့ မရှိရှိအောင် လုပ်ရလိမ့်မယ်။ ဒီနေ့နအဖနဲ့ မြန်မာပြည်က ပြည်သူတွေ စစ်ဖြစ်နေတာပါ။ ဒါကြောင့် “စစ်” အနိုင်တိုက်ရေးဘဲ။ ဒါကြောင့် ပြည်သူ့ ဘက်ကရပ်မည့် စစ်တပ် လိုကို လိုအပ်တယ်။

ဒီနေရာမှာလဲ စစ်ဆိုရင်ရေတောင် စစ်မသောက်ချင်ဘူးဆိုသူတွေ ရှိနေတတ်တယ်။ လူထုက အသင့်မဖြစ်သေးဘူးလို့ ဆိုသူက ဆိုမယ်။ လူမှု အဖွဲ့အစည်းတွေက စရမယ်ဆိုတာတွေလဲ ရှိမယ်။ ဒါကတော့ သူ့ ဒီမိုကရေစီ၊ ကိုယ့် ဒီမိုကရေစီဘဲ။ လက်တွေ့အခြေအနေနဲ့ ပြည်သူတွေက အဆုံးအဖြတ်ပေးသွားမှာပါ။

Revolution – Resistance ဆိုတဲ့ စကားကို ဗမာလို ပြန်ရင် “ခုခံ ကာကွယ်တော်လှန်ရေး” လို့ ပြန်ရမယ် ယူဆတယ်။ ကျွန်တော်က “တော်လှန်ရေးဟာ ထိုးစစ်ဘဲ ကာကွယ်တာ မပြောနဲ့ ခံစစ် သက်သက်တောင် မဟုတ်ရဘူးလို့ ယူဆပါတယ်။ ကျွန်တော်တို့ဘက်က လူတွေ ဘာကြောင့် တော်လှန်ရေးကို ချွေချွေတာ လုပ်ချင်နေကြတာလဲ ဆိုတာလဲ ကျွန်တော် စိတ်မကောင်း ခြင်း တစ်ခုပါဘဲ။ အခုလဲ မူလ ပြည့်စုံပြီးသား Revolution ဆိုတာရှိရက်နဲ့ ဘာကြောင့် Resistance ထည့်ချုပ်ထားရမှာလဲ၊ မလိုအပ်ပါဘူး။

“သားသုံးသား” ဆိုတဲ့ စကား ဒီနေ့ တော်တော် ခေတ်စားနေတာကို သတိပြုမိပါတယ်။ ဒါဟာ တပေါင်လို နမိတ်လိုလို စကားမျိုးပါ၊ စကားလုံးကို ရှေးရိုးစွဲဝါဒီတွေကသုံးပြီး အောက်လမ်းနည်းနဲ့ စည်းရုံး လှုံ့ဆော်တာသာ ဖြစ်ပါတယ်။ ဘာကြောင့် ဆင်းရဲသားတို့ ထောင်သားတို့ဆိုတဲ့ “သား” ကို မထည့်ကြတာလဲ ကျွန်တော် တွေးမိတယ်။ တော်လှန်ရေးရဲ့ အဓိက ကျောရိုးလို့ သတ်မှတ်ခံထားရတဲ့ အလုပ်သမား၊ လယ်သမားတွေကိုရော ကျွန်တော်တို့ မေ့ထား သင့်သလား။ လူတန်းစား အမြင်ကို ကျွန်တော်တို့ တင်သင့်ပါတယ်။

နအဖစစ်ဗိုလ်ချုပ်တွေဟာ အခွင့်ထူးခံ ရက်ရက်စက်စက် ဖိနှိပ်သွေးစုပ်တဲ့ လူတန်းစား ပါ။ တခြားလူတွေက ယေဘူယျအားဖြင့် ဖိနှိပ်ခံတွေဘဲ။ ကျွန်တော်တို့နဲ့ အကျယ်အပြန့် လက်တွဲနိုင်တဲ့လူတွေ များလှပါတယ်။ ကျွန်တော်တို့ စည်းရုံးရေး အမြင်တော့ ကျယ်ဖို့ လိုပါလိမ့်မယ်။

စေ့စပ်အဖွဲ့တွေနဲ့ ပတ်သက်လို့ သဘောထားဟာ ကျွန်တော်တို့ တော်လှန်ရေး အဖွဲ့တွေအတွင်း သဘောထား အမျိုးမျိုးရှိကြတယ်။ DAB ကရန်သူနဲ့ စေ့စပ်တဲ့ အဖွဲကို ထုတ်ပစ်ပေမဲ့ NDF က မထုတ်ဘူး။ ကျွန်တော်အနေနဲ့ ရန်သူနဲ့ ဒီအချိန်မှာ ဘယ်လိုအဖွဲ့ပဲဖြစ်ဖြစ် ကြီးကြီးငယ်ငယ် စေ့စပ်တာဟာ ပြည်သူကို သစ္စာဖေါက် တယ်လို့ဘဲ သဘောပေါက်တယ်။ ဒေါ်စုတွေ့တာကရောလို့ မေးရင် သူက ထားရာနေရ ပို့ရာသွားရတဲ့ အကျဉ်းသားဘဝဘဲ။ ကျွန်တော်တို့က အများကြီးနေ သာပါတယ်။ စေ့စပ်အဖွဲ့ကို စည်းရုံးရေးနည်းနာက သပ်သပ်ဖြစ်ရပါမယ်။

အောင်ဝေး စာတမ်းဟာ အနိုင်တိုက်ရေးလို့ ခေါင်းစဉ်တပ်ပေမဲ့ အကျဉ်းသားလွှတ်ရေးနဲ့ တွေဆုံးဆွေးနွေးရေးလမ်းကိုဘဲ ဦးတည်ထားတာကြောင့် အခု ပိတ်မိနေတဲ့ နိုင်ငံရေးလမ်းကြောင်းအတိုင်းဘဲ ဖြစ်နေတော့တယ်။ ဆွေးနွေးရေး အလုပ်အတွက် ကျွန်တော်တို့ နှစ်ပေါင်း မည်မျှ စောင့်ခဲ့ရပြီလဲ၊ ဆွေးနွေး ရေးဟာ တော်လှန်ရေး မဟုတ်ပါဘူး။ ခေါင်းစဉ်မှာ “အာဏာသိမ်းပိုက်ရေး”လို့ ဆိုထားပေမဲ့ နအဖစစ်အာဏာရှင်ဖြုတ်ချရေးမဟုတ်ဘဲ နအဖနဲ့ ညှိနှိုင်းပြီး တွဲလုပ်ရေးသာ ဖြစ်နေပါတယ်။ စကားလုံးအရသာ ရှုပ်ထွေး စေတာပါဘဲ။

တိုက်ပွဲဦးဆောင်မှုကို “တိုက်ပွဲ ဦးဆောင်မည့် Soldiers – Led အနေအထားကို မုချ ဆိုက်ရောက်လာရပေမည်။” လို့ ဆိုထားတော့ စစ်သားတွေက ဦးဆောင် ကြမည်လို့ ဆိုနိုင်ဖို့ စစ်တပ်ကို လှုပ်ရှားမှုထဲ ပါလာအောင်ပင် မည်သို့ လုပ်ရမည်လဲ မဆိုထားဘဲ ထိုင်၍ မျှော်လင့်နေရမလိုဖြစ်နေတာကလဲ တော်လှန်ရေးအမြင်ကို ရှုပ်ထွေး စေနိုင်ပါတယ်။ “စစ်တပ်အပေါ် နားလည်မှုပေးရမည်။” ဆိုတာကလည်း စစ်တပ်မှာ ခေါင်းမာဂိုဏ်း ဆိုတာရှိတယ်။ သူတို့နဲ့ ပတ်သက်ပြီး သဘောထား ချထားရမယ်၊ မခွဲခြားဘဲ နားလည်မှုယူယုံနဲ့ ရနိုင်စရာ မရှိနိုင့်ဘူး။

“သုံးပွင့်ဆိုင်” ဆွေးနွေးပွဲတွေ ခေါ်ဖို့ ဒုတိယ အဆင့်မှာ ဖေါ်ပြထားပေမဲ့ နိဂုံးပိုင်း ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရန်သူနဲ့ မစေ့စပ်မကြေအေးစတမ်း” လို့ရေးထားပြန်တော့ “အောင်ဝေး စစ်တမ်း” ဟာ ရှေ့နောက်မညီသလို ၊ လက်တွေ့ ကျင့်သုံးဖို့ ခက်နေလိမ့်မယ်။

နယ်စပ်ဒေသရှိ အဖွဲ့အစည်းတွေကို တန်းစီရေး ပြထားပေမဲ့ အများအပြား ကျန်နေပါတယ်။ ထပ်နေပါတယ်။ ရေးလို့မစုံနိုင်တာကိုက ဒီနေ့ပြန့်ကျဲနေတဲ့ လှုပ်ရှားမှုကို ထင်ဟပ်နေတာပါ။ ဒီအစုအဖွဲ့တွေ “ဦးဆောင်မှုနှင့် နောက်လိုက်မှု မှန်ကန် ညီညွတ်နေဖို့ပင်” ဆိုရင် ကျွန်တော်တို့ လှုပ်ရှားမှုတွေ ပြောင်းလဲ မှုတွေလိုပါတယ်။ ဒီအတွက်လဲ ပင်ပန်း အနစ်ခံစရာတွေ ရှိလာနိုင်ပါတယ်။ ဒီအတွက် ပြင်ဆင်ထားရပါလိမ့်မယ်။

ဒီတော့ “အောင်ဝေး စစ်တမ်း” ဟာ လက်တွေ့နယ်ပယ်နဲ့ ကွာလှမ်းနေပြီး စစ်ကူးပေါ်မှာ အခြေခံနေတာကို သိသာနေပါတယ်။

ဒီအတွက် အကြံပြုရမယ်ဆိုရင် တော်လှန်ရေးအဖွဲ့အစည်း တစ်ခုထဲမှာ ထဲထဲဝင်ဝင် ပါဝင်ပြီး နိုင်ငံရေး လမ်းစဉ်ပေါ်လစီတွေကို ပြုပြင်နိုင်အောင် ကြိုးပမ်းရင် တော်လှန်ရေးကို တစုံတရာအရှိန်မြှင့်တင် နိုင်ပါ လိမ့်မယ်လို့ ယူဆပါကြောင်း ရေးသားအပ်ပါတယ်။ လူတင့် ၈ ၊ ၁၁ ၊ ဝ၇

Saturday, November 13, 2010

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအတွင်း မှားယွင်းခဲ့သော အတွေးအခေါ်တချို့

၁၉၆၂ ခုမတ်လ ၂ ရက် နေ့ကစပြီး မြန်မာပြည်မှာ အုပ်စိုးလာတဲ့ စစ်အာဏာရှင်တွေကို တိုက်ဖျက်ရာမှာ ရန်သူ့အားကောင်းချက်ထက် မိမိတို့ဘက်က ချို့ယွင်းချက်က ပိုများနေတာကို ယေဘုယျ တွေ့နိုင်တယ်။

စစ်အာဏာရှင် နေ၀င်းဟာ လူတွေကို “ဇဝေဇ၀ါ” လုပ်ပြီး အုပ်ချုပ်ခဲ့တာပါ။ တက်စက “ဆွေငြိမ်း” ဘက်ကလိုလိုနဲ့ ဆွေငြိမ်းဘက်သားတွေကို ချွေးသိပ်ထားတယ်။ ဒီတော့ သူ့မှာ ရန်သူ နည်းတာပေါ့။ “ငြိမ်းချမ်းရေး ဆွေးနွေးပွဲ” တို့ “၃၃ ဦး အကြံပေးအဖွဲ့” တို့ကိုလုပ်ပြီး “ဇူလိုင် ၇ ရက်” ကိစ္စကို မျက်ခြေ ပြတ်စေခဲ့တယ်။ စစ်ဘီလူး သရုပ်ကို ဖုံးနိုင်ခဲ့တယ်။ နောက် ၇၄ မဆလ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲတွေက ဆက်ခါ ဆက်ခါ ဖုံးကွယ်သွားတော့တာဘဲ။ စစ်အာဏာရှင် စနစ်ဟာ မဆလအနေနဲ့ ဆက်လက်ကြီးစိုး နေခဲ့တော့တာဘဲ။

၈၈ ခုမှာတော့ လူထုအုံကြွခဲ့ပေမဲ့ာ လူထုဟာ တော်လှန်ရေးလမ်းကြောင်းအတိုင်း မသွားဖြစ်ဘဲ စစ်အာဏာရှင်တွေခင်းတဲ့ ရွေးကောက်ပွဲ ထောင်ချောက်မှာ အနှစ် နှစ်ဆယ် လောက် ပိတ်လှောင် ခံခဲ့ရတယ်။ ၈၈ လူထုအုံ ကြွမှုအရှိန်ကြောင့် ပေါ်ခဲ့တဲ့ လက်နက်ကိုင် လှုပ်ရှားမှုမှာ မှေးမှိန် သွားခဲ့ရတယ်။ ရန်သူရဲ့ “စေ့စပ်ရေး” ထိုးစစ်က လက်နက်ကိုင် အင်အားစုတွေရဲ့ အချောင်သမားတွေကို ဖြိုခွဲစည်းရုံး သွားပြန်တယ်။ ဗိုလ်ချုပ် မြ တောင် သွားဆွေးနွေးတဲ့ ဘ၀ ရောက်ခဲ့ ရတယ်။ ဒါကြောင့် နအဖဟာ အရှိန်တက်လာ တော့တယ်။ ဒါပေမဲ့ စစ်ဘီလူးရဲ့ စရိုက်က ပိုပို ပေါ်လာတာကြောင့် နအဖစစ်တပ်ဟာ လူထု ချဉ်ဖတ်ဖြစ် လာပြီး အရည်အသွေးရော အရည်အတွက်ပါ ဆုတ်ယုတ် လာနေတယ်။ ဒါတွေကို အဖတ် ဆယ်ဖို့ရယ်၊ နိုင်ငံတကာရဲ့ ရှုတ်ချမှုကို ကာကွယ်ဖို့ ၂၀၁၀ ရွေးကောက်ပွဲကို လုပ်ရပါ တော့ တယ်။ “ရွေးကောက်ပွဲ ထိုးစစ်” လို့ ခေါ်နိုင်တယ်။

ဒီဖြစ်စဉ်တွေကို အကြမ်းဖျင်း သုံးသပ်လိုက်ရင် လူထုအုံကြွမှုတွေကို တော်လှန်ရေး အဖြစ် မပြောင်းလဲနိုင်ခဲ့တာကို တွေ့နိုင်တယ်။ ဒါက တော်လှန်ရေး အသိနိမ့်ကျနေပြီး တော် လှန်ရေး မဆန်တဲ့ အတွေးအခေါ်တွေက လွှမ်းမိုးနေတာကို အရှင်းသားတွေ့နိုင်တယ်။ တော် လှန်ရေးဟာ ပုတီး စိပ်တာ မဟုတ်၊ ပန်း သီတာ မဟုတ် ဆုတောင်းတာ မဟုတ်ဘူး ဆိုတာကို ကျွန်တော်တို့ ပြည်သူတွေ သေသေချာချာ မသိခဲ့ကြဘူး။ စာရေးဆရာ လူထုစိန်ဝင်းက တောင် အာဏာရှင်ဆိုတာ လွယ်လွယ် မဆင်းဘူးဆိုတာ ပြောနေရတယ် ဒီတော့ ကျွန်တော်တို့ တော်လှန်ရေး အသိပညာ၊ တော်လှန်ရေး အတွေးအခေါ်တွေကို အားစိုက်ခွန်စိုက် လေ့လာ ကျင့်သုံးကြ ရတော့မယ်။

နအဖ စစ်အာဏာရှင်တွေရဲ့ စေ့စပ်ရေး ပရိယာယ်အောက်က တော်လှန်ရေး အင်အားစုတွေ ပြန်ရုန်းထွက်ရဦးမယ်။ စောစောက ၈၈ အုံကြွမှုသာ တော်လှန်ရေး ပီခဲ့ရင်။ စစ်အာဏာ ရှင်စံနစ်ဟာ ဇာတ်သိမ်းသွားပြီ။ ၉၀ ခုနှစ်ရွေးကောက်ပွဲကို မ၀င်ဘဲ ကြားဖြတ်အစိုးရကို ဖွဲ့နိုင်ရင် သမိုင်းဟာ တမျိုး ပြောင်းသွားမယ်။

အခုတော့ နှောင်ကြိုးတွေ အထပ်ထပ်နဲ့ ရွေးကောက်ပွဲဆိုတာ လုပ်ပြီးသွားပြီ။ နအဖ စစ်အာဏာရှင်တွေ အကွက်ချထားတဲ့ အတိုင်း ဖြစ်တော့မယ်။ ဒါပေမဲ့ လူထုရဲ့ စွမ်းပကားက ကုန်တယ် မရှိပါဘူး။ လူထုကို ဖိနှိပ်လွန်းတဲ့ စစ်အာဏာရှင်တွေနဲ့ သူလက်ပါးစေ လက် ဝေခံတွေကို နည်းနာသစ်တွေသုံး တိုက်ခိုက်ကြမှာပါဘဲ။

နည်းနာသစ် ဆိုတဲ့ စကားဟာ အထက်ကပြောခဲ့တဲ့ အမှားတွေ၊ ချို့ယွင်းချက်တွေကို ကျော်လွန်ပြီး စစ်အာဏာရှင်နဲ့ လက်ပါးစေ လက်ဝေခံတွေကို ပြတ်ပြတ်သားသားဆန့်ကျင်တဲ့ တော်လှန်စစ် ဆင်နွဲကြရမှာကို ဆိုလိုတာပါ။ အရင် စေ့စပ်နည်း၊ အနုနည်း၊ တော်လှန်ရေးမဆန်တဲ့ နည်းတွေကို လုံးဝ ဆန့်ကျင်သွား ရပါလိမ့်မယ်။

စစ်အာဏာရှင် စံနစ်ကို အမြစ်ကမကျန် တိုက်ဖျက်ပစ်ရမည့် အချိန်မှာ နအဖစစ် အာဏာရှင်တွေနဲ့ “ရွှေပြည်အေး ၀ါဒ” “ ချော့မြူရေး ၀ါဒ” ငြိမ်းချမ်းရေးရူး” ၀ါဒတွေကို ဆန့်ကျင်ကြရမယ်။ ဒီဝါဒတွေဟာ တော်လှန်တိုက်ပွဲဝင်တဲ့ စိတ်ဓါတ်ကို အသွားတုန်းစေ တယ်။ ရန် ငါ စည်းကို ရှုပ်ထွေး စေတယ်။ လှုပ်ရှားမှုတွေကိုေ၀၀ါးစေတယ်။

စေ့စပ်ရေး အတွေးအခေါ် ရှိနေသ၍ တော်လှန်ရေးဟာ ရှေ့ မရောက်နိုင် ဘူးတဲ့။ စစ်ထက် ကြောက်စရာကောင်းတဲ့ အရာဟာ “စစ်ကိုကြောက်ခြင်း” ဘဲဖြစ်တယ်။

ဒီတော့ ကျွန်တော်တို့ ချို့ယွင်းချက်တွေကို ချုပ်လိုက်ရင်

၁။ တော်လှန်ရေးကို တော်လှန်ရေးလို မလုပ်တာ

၂။ အာဏာ ဆိုတာကို ဆွေးနွေးယူ လို့မရနိုင်ဘူးဆိုတာကို မသိတာ

၃။ အုပ်စိုးသူတွေရဲ့ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲဆိုတာ လူထုအတွက် မဟုတ်ဘူးဆို တာ

၎။ စေ့စပ်ရေးတို့၊ ငြိမ်းချမ်းရေးတို့ဆိုတာ စစ်အာဏာရှင် စံနစ်အောက်မှာ မရှိနိုင်ဘူးဆိုတာ

၅ ။ တိုက်ပွဲမပါဘဲ တောင်းဆိုမှု သက်သက်တွေဟာ အလဟဿမျှသာ ဖြစ်တယ်ဆို တာကို - ကျွန်တော်တို့ တတွေ ရင်ထဲ အသဲထဲက သိထားသင့် နေပါပြီ။

ဦးအေးဆောင်
၈၊ ၁၁ ၊ ၂၀၁၀