ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Thursday, December 18, 2008

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) အနှစ် ၂ဝ မြောက်မွေးနေ့အတွက် သဝဏ်လွှာ


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ)
အနှစ် ၂ဝ မြောက်မွေးနေ့အတွက် သဝဏ်လွှာ

မကဒတ ရဲဘော်အပေါင်းတို့ -
ရဲဘော်တို့ဟာ ကြမ်းတမ်းခက်ထန်တဲ့ အနှစ်နှစ်ဆယ်ဆိုတဲ့ ခရီးရှည်တခုကို ဖြတ်သန်းလာခဲ့ပြီးပီ ဆိုတဲ့အသိနဲ့ ဂုဏ်ယူကြစေချင်ပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင် စံနစ်တိုက်ဖျက်ရေးလုပ်ငန်းက မအောင်မြင်သေးဘူး။ အခုဆို ရဲဘော်တို့ဟာ တော်လှန်ရေးဆိုတာကို တစုံတရာ မြည်းစမ်းပြီးပီလို့လဲ ပြောနိုင်တယ်။ ရဲဘော်တို့ သိလာ ကြတဲ့အတိုင်း တော်လှန်ရေးဟာ လွယ်ကူတဲ့ အလုပ်မဟုတ်ဖူးဆိုတာကို အလေးအနက် ထားစေချင်တယ်။ သမရိုးကျအသိလောက်၊ ခံယူချက်လောက်နဲ့ မရတာကို သိလာကြခဲ့ပြီ၊ ဒီတော့ တော်လှန်ရေးအောင်ချင်တဲ့၊ အများအကျိုးလုပ်ချင်တဲ့၊ စစ်အာဏာရှင်ကို ဖယ်ရှားချင်တဲ့ တို့တတွေဟာ တော်လှန်ရေးအောင်ပွဲရရေးအတွက် တော်လှန်ရေးခံယူချက်၊ တော်လှန်ရေးသမားတွေရဲ့ အကျင့်တွေကို လေးလေးနက်နက်လေ့လာပြီး ပိုမိုပီသ ထက်မြက်အောင် ပြင်းပြင်းထန်ထန် ကျင့်ကြံကြဖို့ လိုသေးတယ်။ အရင်အတိုင်း ပေါ့ပေါ့ပါးပါးနဲ့တော့ မရနိုင်ဘူး
ဆိုတာအခြေအနေကတို့ကို သင်ပေးနေတယ်။

ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေတဲ့ မကဒတ ရဲဘော်တို့ဟာ လူမျိုးရေး အခြေခံတွေကို ကျော်လွန်တယ် ဆိုတာကို တို့အလေးအနက်သိရမယ်။ ဒါကြောင့်ဘဲ တို့နိုင်ငံရဲ့ ဘယ်ဒေသ ဘယ်နေရာမှာရောက်ရောက် တို့တ တွေဟာ သဘောထားကြီးပြီး အမြင်ကျယ်ဖို့ လိုအပ်တယ်။ ဒီနေ့ခေတ်စကားနဲ့ပြောရရင် လုပ်ငန်းကို ဒေသ အလိုက်လုပ် - ရည်မှန်းချက်က လူမျိုးစုံအတွက်၊ ဒီမိုကရေစီရေးအတွက် ဆိုတာ မျက်ခြေမပြတ် အမြဲရှိရမယ်။

ဒီနေ့ မကဒတရဲ့ ချမှတ်ထားတဲ့ လူထုတိုက်ပွဲ လက်နက်ကိုင်တိုက်ပွဲလမ်းစဉ် ဟာ ဒီနေ့ပြည်သူတွေရဲ့ လိုလား ချက်နဲ့ တထပ်ထည်းဖြစ်တယ်။ ပြည်သူတွေရဲ့ ထွက်ရာလမ်းဟာ ဒီလမ်းစဉ်ဘဲ။ တခြားလမ်းစဉ်တွေဟာ အခု အခါမှာ ချွတ်ခြုံကျကုန်ပြီ။ အလုပ်မဖြစ်တော့ဘူး။ ရှေးရှေးက တော်လှန်ရေးလုပ်ခဲ့သူတွေဟာ ရန်သူနဲ့ မစေ့စပ် မဆွေးနွေးတတ်လို့ မဟုတ်ဘူး။ ဖိနှိပ်အုပ်ချုပ်သူတွေဆိုတာ စကားနဲ့ပြောတာလောက်နဲ့ မဖယ်ရှားနိုင်မှန်း သိခဲ့လို့ လက်နက်ကိုင်တော်လှန်ခဲ့ကြရတာပါ။ ဒီနေ့ နအဖလို အမျိုးသားစိတ်မပြောနဲ့ လူစိတ်တောင် ကင်းတဲ့ စစ်အာဏာရှင် သန်းရွှေတို့ အုပ်စုကိုဆို ပိုဆိုးသေးတယ်။

စကားပြောလို့ အရာထင်စရာ အကြောင်းမရှိတော့ဘူး။ ဒီတော့ ပြည်သူ့အားနဲ့၊ တော်လှန်တဲ့နည်းနဲ့ တိုက်ဖျက် ဖြုတ်ချဖို့သာရှိတယ်။ အဲဒီ ခက်ခဲတဲ့တာဝန်က တို့တတွေ မဖြစ်မနေထမ်းဆောင်ရမှာဘဲ။ ဒါဟာ ဒီနေ့တော် လှန်ရေး တာဝန်ဘဲ။

မကဒတ ရဲဘော်အပေါင်းတို့ နအဖတပ်ဟာ လူထုရဲ့ချဉ်ပတ်ဖြစ်နေတယ်။ နအဖစစ်သားတွေလဲ စစ်တပ်ထဲမှာ မနေချင်ကြတော့ဘူး။ တလတလ ရာချီ ထွက်ပြေးနေတယ်။ နအဖစစ်တပ်ဟာ ပြည်သူလူထုကို ဖိနှိပ် တာက လွှဲလို့ ဘာမှ လူထုအတွ က် အကျိုးမရှိဘူး။ ဒီတပ်ဟာ တို့တတွေ စည်းရုံးရေးနည်း စစ်ရေးနည်းတွေနဲ့ တိုက်ပွဲ ဝင်ရင် သူတို့တတွေ ကျေပြုန်းသွားနိုင်ပါတယ်။ တို့တတွေသာ အားစိုက်ခွန်စိုက် လှုပ်ရှားနိုင်ရင် ပြည်သူ တွေရဲ့ စစ်အာဏာရှင် စနစ်တိုက်ဖျက်ရေးနဲ့ ဒီမိုကရေစီထွန်းကားရေး မျှော်လင့်ချက်တွေကို ရှင်သန်ခိုင်မာ လာစေ ပါလိမ့်မယ်။ ပြည်သူတွေရဲ့ အားကိုးမှုနဲ့ ထောက်ခံမှုကို ပိုမိုရရှိလာပါလိမ့်မယ်။

စစ်အာဏာရှင်စံနစ်ကို တိုက်ဖျက်ကြ။
ဒီမိုကရေစီမုချရ ရမယ်။
ဦးဆောင်ကော်မီတီ။
ပြည်သူ့လွတ်မြောက်ရေးတပ်ဦး။
နိုဝင်ဘာ ၃၁ ။ ၂ဝဝ၈။

Tuesday, August 19, 2008

စူးနေသော မျှားနှစ်ချောင်း

ဆုတောင်း မေတ္တာပို့သခြင်း သက်သက်မျှသာလုပ် တတ်တဲ့ ရဟန်းသံဃာများကို ရိုက်နှက် ခုတ်ထစ် သတ်ဖြတ်လိုက်တဲ့ သန်းရွှေရဲ့စစ်တပ်တွေကို ဘယ်လိုအနုနည်းနဲ့ ထပ်ရင်ဆိုင်ဦးမလဲ ကျွန်တော်တို့ လူသာမာန်တွေ စဉ်းစားနိုင်ပါသေး သလား။ နောက်ကျန်မည့်အနုနည်းတွေဟာ လိုက်လျှော အလျှော့ပေးခြင်း၊ အညံ့ခံခြင်း၊ ကျိုးနွံနာခံခြင်းမှ လွဲ၍ ဘာမှမဖြစ်နိုင်တော့ တာကို အထင်းသား တွေ့နိုင်ပါတယ်။ ဒီလမ်းအတွက်လည်း ရေလာမြောင်းပေး လုပ်သူကလုပ်၊ ဘေးတီးပေးသူကတီးနဲ့ မြန်မာပြည် နိုင်ငံရေးဟာ မျှော်လင့်ချက်မဲ့သလို ဖြစ်နေတယ်။
နိုင်ငံခြားကို အားကိုးမျှော်လင့်သူက လည်းမျှော်နေတယ်။ နိုင်ငံခြားကလဲ ဆွေးနွေးပွဲတွေ ထုတ်ပြန်ချက်တွေလုပ်ရုံ၊ ဂရုဏာကြေးလေးပေးရုံက လွှဲလို့ စစ်အာဏာ ဖယ်ရှားပစ်ရေးကို လေသံတောင် မဟ ကြတော့ ပြောင်ရက်စက်မှု အလီလီလုပ်ပြတဲ့ စစ်တပ်အခန်းကို အသိအမှတ်ပြုလက်ခံဖို့ တောင်ပြောနေ ကြပြီအနှိပ်စက်ခံ မြန်မာပြည် သူများအတွက် အားကိုးရာ မရှိသလိုပါဘဲ။
ကျွန်တော်တို့ ဘာကြောင့်ဒီလိုအားကိုးရာမဲ့ ၊မျှော်လင့်ချက်မဲ့ ဖြစ်နေရမှာလဲ။ ကျွန်တော်တို့ဟာ ထွန်းပြောင်တဲ့ သမိုင်းရှိတဲ့ ပြည်သူတွေဖြစ်ခဲ့ကြတာကို သတိမရကြတော့ဘူးလား။
သူများကို ဘာကြောင့် အားကိုးချင်ကြတာလဲ။ ကျွန်တော်တို့ ကိုယ်ကျွန်တော်တို့ မယုံကြည်ကြတော့ ဘူးလား။
ကျွန်တော်တို့ ဘက်ကဘာတွေများ ချို့ယွင်းနေလို့လဲ။ သေချာပါတယ် ကျွန်တော်တို့ဘက်က ချိုးယွင်းချက်တွေကြောင့်သာ ဒီလောက် ရက်စက် ယုတ်မာတဲ့ အုပ်စိုးသူ စစ်အာဏာရှင်တွေ ကြာရှည်ကြီးစိုးနိုင်ခဲ့ကြတာပါ။ကျွန်တော်တို့သက်ကမချို့ ယွင်းခဲ့ရင် ဒီတိုင်းပြည်က စစ်အာဏာရှင်တွေ သူ့ကိစ္စနဲ့သူတောင် ပြီးသွားလောက်ပါပြီ။
ဒီတော့ ကျွန်တော်တို့ဘက်ကချို့ယွင်းချက်တချို့ကို လေ့လာကြည့်ချင် ပါတယ်။ အတိတ်က အကြောင်းတွေပြန်ပြောင်း ပြောပြနေရင်လဲ အငြင်းအခုံဖြစ် နေတာတွေနဲ့ လိုရင်းမရောက်တတ်တာနဲ့ မျက်မှောက်ကိစ္စကိုဘဲ စိစစ်လိုက်ပါတယ်။
ဒီနေ့ ကျွန်တော်တို့ လိုအပ်နေတာက ဘာလဲ။ ကျွန်တော်တို့လိုအပ်နေတာ“တော်လှန်ရေး ”ပါ။ ငြိမ်းချမ်းရေးတို့ အမျိုသားသင့်မြတ်ရေး တို့မဟုတ်ဘူး။ စစ်အာဏာရှင်စနစ် ဖြုတ်ချရေးပါ။တော်လှန်ရေးဆိုတာ ခြေဆုံးခေါင်းဆုံးပြောင်းလဲရေးဖြစ်တယ်။ပြုပြင်ယူတာမဟုတ်ဘူး၊ နအဖ စစ်အာဏာရှင်တွေဟာ ဂိတ်ဆုံးနေပါပြီ။ သူတို့ဟာ အစွယ်ရော အမြီးပါပေါက်နေတဲ့ ဘီလူးတွေပါ။ လူသား မစားရင်နေလိုမရတဲ့ အကောင်တွေ၊ သူတို့ရှိနေသ၍ ကျွန်တော်တို့ ပြည်သူတွေ မရှင်သန်နိုင်ပါဘူး။ လက်ငင်းဖြစ်ပျက်နေတာတွေဟာ ဒီအချက်ကို သက်သေပြနေတာပါဘဲ။
တော်လှန်ရေး ဆိုတာ ဖေါက်ပြန်တဲ့လူတန်းစားတရပ်ကို တခြားတော်လှန်တဲ့ လူတန်းစားက အကြမ်းဘက်ဖယ်ရှား တာဖြစ်ပါတယ်။ အကြမ်းမဖက်ဘဲနဲ့ ဖယ်ရှားလို့မရပါဘူး။ဒါကို ပြတ်ပြတ်သားသားကျွန်တော်တို့လူတွေ ယုံသလား။ မယုံသေးရင် တော်လှန်ရေး မဟုတ်တဲ့ နည်းတွေနဲ့ ထပ်စမ်းဦးပေါ့၊ နောက်ထပ် ဆယ်စုနှစ် နှစ်ခုလောက်။
ကျွန်တော်တို့ချို့ ယွင်းနေတာက တော်လှန်ရေးကို တော်လှန်ရေးလို မလုပ်ခြင်းပါဘဲ။ ရှင်းအောင်ပြောရရင် ရန်သူကို အကြမ်းဖက် မြုဖတ်ချခြင်းဘဲ။ ၈၈ကလဲဒီအမှား၊ အခုလဲဒီအမှားပါဘဲ။
ရန်သူကို အနုနည်းနဲ့ ရင်ဆိုင်လို့ ရန်သူလဲ ပြော့ပြီး ကိုယ့်ကိုမသတ်ဘူးလို့အခုလိုအချိန်မှာ ထင်စရာရှိပါသေးသလား။ ဒီတော့ စစ်အာဏာရှင် ဘီလူးတွေကို ကွယ်ပျောက်စေချင်ရင် အင်အားသုံး အကြမ်းဘက် တိုက်ခိုက်ရမှာ ပါ။ ပြည်သူလူထုရဲ့စွမ်းပကားက အင်အားပါဘဲ။ ပြည်သူဘက်က အင်အားကို ရန်သူတိုက်ဖို့မသုံးရင် ကိုယ့် ကိုယ်ကို ကြိုးချည်းပြီး လည်စင်းပေးရာသာ ကျနေလိမ့်မယ်။ တော်လှန်ရေးကို ဆန့်ကျင်လေ့ရှိတတဲ့နိုင်ငံခြာကမြှောက်ပေးတိုင်း စိတ်ကူးမယဉ်မိဖို့ အရေးကြီးပါတယ်။ ဒီတော့ အကြမ်းဖက်ရေးဟာ စစ်အာဏာရှင်လို ရန်သူနဲ့ ရင်ဆိုင်ရာမှာ မသုံးမဖြစ်လိုအပ်ချက် တခုဖြစ်ပါတယ်။
နိုင်ငံခြားကလူတွေက ရန်သူကို အချိန်တွေကြာ ညောင်းပြီး ကျွန်တော်တို့အောင်ပွဲမဆင်နိုင်ရင် ကျွန်တော်တို့ကိုဘဲ အပြစ်တင် ကြပါလိမ့်မယ်။ ကျွန်တော်တို့ကို စွန့်ခွာသွားပါလိမ့်ဦးမယ်။ ဒီတော့ ကျွန်တော်တို့ ကြမ္မာကျွန်တော်တို့ဘဲ ဖန်တီးရမှာပါ။
နောက်ချို့ ယွင်းချက်က “စေ့စပ်ရေး ရောဂါ” ပါ။ စေ့စပ်ရေးကို လုပ်ဖို့အရေး အချိန်တွေဘယ်ဖလာက်ပေးခဲ့ ပြီလဲ။ နအဖကဒီပဲယင်း လူသတ်မှုလိုဟာမျိုး ကိုကျူးလွန်ကထည်းက ကျွန်တော်တို့ သဘောပေါက်သင့် ပါတယ်၊နအဖရဲ့ ရည်ရွယ်ချက်က ချေမှုန်းရေးဘဲ ဖြစ်တာကို အကြောင်းအချက်များစွာမှာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့ကကော သူတို့ကို ဘာကြောင့်ချေမှုန်ရေး စနစ် မသုံးနိုင်တာလဲ ။ဘာတွေက တာဆီးနေပါသလဲ။ စေ့စပ်ရေး မျှော်လင့်ချက် ဟာ ရန်သူချေမှုန်းရေး အဆင့်ကို ဘယ်တော့မှ ရောက်စေမှာ မဟုတ်ပါဘူး။ ဒီတော့ ဘယ်အပြတ် အသတ်နိုင်စရာ ဘယ်ရှိတော့မှာလဲ။ နိုင်စရာ မရှိတော့ အားပေး ထောက်ခံတဲ့ လူတွေ အထူးသဖြင့် စစ်တပ်ထဲက အရာရှိတွေက ဘက်ပြောင်းပါ့မလား။ စေ့စပ်ပြီးရင်လဲ သူတို့က ဒုံရင်းဟာ ဒုံရင်းဘဲ ဖြစ်မယ် ဆိုတာသူတို့သိထားမှာဘဲ။ ဘာကြောင့် အလုပ်ရှုပ်ခံကြမှာလဲ။ ဒီတော့ ရန်သူစစ်အာဏာရှင်ကြိုဖတ်ချချင်ရင် စေ့စပ်ရေးအတွေးအခေါ်ကို အခုအချိန်မှာ လုံးဝ ကင်းစင်နေရမယ်။ ဒါမှ မဟုတ်ရင် ဘယ်လိုလှုပ်ရှားမှုဘဲလုပ်လုပ် ခဲဆွဲထားသလို စေ့စပ်ရေးအတွေးအခေါ်ကြောင့် လေးကန်နေပြီး တဘက်ရဲ့ဖြိုချ တာကိုဘဲ ခံရနေရပါလိမ့်မယ်။ ရန်သူကလည်း သူ့အကြပ်အတည်း အခြေအနေအလိုက် အမြတ်ထုတ်နိုင်အောင် နောက်ဖေးတံခါးဖွင့်ထားပေး သလိုရှိ ပါလိမ့်မယ်။ ဒါကြောင့် ဒီနေ့စပ်ရေးလုပ် သင့်တဲ့ အချိန်အဟုတ်ပါ။တိုက်ခိုက်ရေ စိတ်ဓါတ်ကိုသာ ပြည်သူတွေကို ပေးသင့်ပါတယ်။
သန်းရွှေက ဒေါ်စုကို အကန့်အသတ်တွေ လုပ်သလိုဘဲ။ ကျွန်တော်တို့ကလဲ “စေ့စပ်ရေး ”ကို သင့်တော်တဲ့အခြေအနေတရပ် မပေါ်မချင်းလုံဝမစဉ်းစား သင့်ပါ။ ယခုလို အချိန်ဆိုလျှင်ပို ၍ပင် ဝေးဝေးရှောင် ရပါလိမ့်မယ်။အလွန်မသင့်တော်သော အချိန်ပါဘဲ။
“တော်လှန်ရေး” ဆိုတာ ခက်ခဲကြမ်းတမ်းပါတယ်။ ဒါပေမဲ့ ဒါဟာ သဘာဝ တရားပါ။ ရေဆူတာတို့ မီတောင်ပေါက်တာတို့၊ မီးဖွါးတာတို့ဟာ အဆင့်တခုအတွက် အားစိုက် ပန်ပမ်းကြရတာပါဘဲ။
ကျွန်တော်တို့ တော်လှန်ရေးလှုပ်ရှားမှုနဲ့တူတဲ့ကိုယ်ခန္ဓာမှာ စူးဝင်နေတာက အဲဒီမျှားနှစ်ချောင်းပါ။ “အကြမ်းမဖက်ရေး”နဲ့ “စေ့စပ်ရေးပါ။ ” အဲဒီမျှားတွေကို နုတ်ပယ်နိုင်တာနဲ့အမျှတော်လှန်ရေးဟာ အားကောာင်းမောင်းသန်ပြီး စစ်အာဏာရှင်စံနစ်ကို အမြစ်ကနေ နုတ်ပယ်နိုင်မှာ ပါ။
လူတင့် ၁၈ ၊၁၀ ၊၂၀၀ရ။

Wednesday, July 30, 2008

စစ်အာဏာရှင်နအဖဒေါက်တိုင်တို့ကို လက်တုန့်ပြန်သည့် စွမ်းအားမြှင့်ကျောင်းသားစစ်သည်တော်တို့ လုပ်ရပ်ကို ထောက်ခံသည်၊

ရန်ကုန်ရွှွှွှေပြည်ယာ ကြံ့ဖွံ့ရုံးးကိုဗုံးခွဲခြင်းအတွက် ကျွန်ုပ်တို့ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးမှ အားပေးထောက်ခံသည်၊ကြံ့ဖွံ့နှင့် စွမ်အားရှင် ဆိုသူတို့သည်၊ နအဖစစ်အာဏာရှင်တို့၏ လက်ပါးစေ လက်ကိုင်ဒုတ်များဖြစ်ခါ ကျော်မကောင်း ကြားမကောင်း ဒီပဲယင်းကျည်ရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် လူထုလှုပ်ရှားမှုတို့တွင် ရဟန်းသံဃာနှင့် ပြည်သူတို့ကို ရက်ရက်စက်စက် တိုက်ခိုက်သူများဖြစ်သည်၊ သူတို့သည် ပြည်သူထဲမှ လောက်ကောင်များဖြစ်သည့်အားလျှော်စွာ စစ်အာဏာရှင်တို့ကို မိုက်မိုက်မဲမဲ အကျိုးပြုနေသူများ ဖြစ်သည်၊သူတို့အား တုန့်ပြန်အရေးယူခြင်း။ တိုက်ခိုက်ချေမှုန်းခြင်းသည် တရားမှန်ကန်သော လုပ်ရပ်ဖြစ်သည်၊
“ပြည်သူတို့တွင် စစ်တပ်မရှိလျှင် ဘာမှမရှိနိုင် ” ဆိုသည့် စကားအတိုင်း ဖိနှိပ်ခံပြည်သူတို့သည် ကိုယ့်ကိုယ်ကို ကာကွယ်ရန် စစ်တပ်တခု ရှိရန်မဖြစ် မနေလိုအပ်နေသည်၊ လူမဆန်သည့် စစ်အာဏာရှင်သန်းရွှေ မောင်အေး ဂိုဏ်းသားတို့ လက်အောက်တွင် ပြည်သူကို ကယ်တင်မည့် စစ်တပ်တခု “ပြည်သူ့ တပ်မတော်တရပ် ” သည်ပို၍ပင် လိုအပ်လှပေသည်၊
ပြည်သူ့ဘက်က ရပ်တည်မည့် စစ်တပ်တရပ်ပေါ်ပေါက်လာရေးအတွက် နအဖနှင့် လမ်းခွဲသော။ ပြည်သူကို ဒုက္ခပေးသူတို့အား တိုက်ခိုက်သော ပြည်သူကိုကာကွယ်သော လှုပ်ရှားမှုမှစကာ စုစည်း တည်ဆောက် ရမည်သာဖြစ်သည်၊
ယနေ့ပြည်သူလူထုသည် “ လက်နက်ကိုင်လှုပ်ရှားမှုကို ဗဟိုပြု တခြားတိုက်ပွဲသဏ္ဍာန်နှင့် ပေါင်းစပ်” ဟူသောလမ်းစဉ်အောက်တွင် စုစည်း ညီညွတ်စွာ ပါဝင်သင့်ပေသည်၊ ပြည်သူလူထု၏မျက်နှာကို စိုးစင်းမျှ မထောက်ဘဲ သူတို့အာဏာတည်မြဲရေး တခုတည်းကိုသာ ဇွတ်အတင်းလုပ် ဆောင်လေ့ရှိသည့် စစ်အာဏာရှင် ဘုရင်ရူးသန်းရွှေနှင့် သူ့နောက်လိုက်လက်ပါးစေ လက်ဝေခံတို့ကို တိုက်ခိုက်ရန်မှာ ယနေ့တော်လှန်ရေး၏ အဓိက ကျသော တာဝန်ဖြစ်ပေသည်၊
ထိုကြောင့် စစ်အာဏာရှင် တိုက်ဖျက်ရေး။ ပြည်သူကို ကာကွယ်နိုင်ရေးအတွက် ကျွန်ုပ်တို့ပြည်သူအပေါင်းသည် နအဖစစ်တပ်နှင့် လမ်းခွဲခါ။ ပြည်သူလူထုအကျိုးကို သယ်ပိုးသော ။ ပြည်သူကို ကာကွယ်သော စစ်အာဏာရှင်နှင့်သူ့လက်ပါးစေလက်ဝေခံတို့ကို တိုက်ခိုက်သော လှုပ်ရှားများလုပ်ခါ ပြည်သူဘက်က ရပ်တည်သော ပြည်သူ့တပ်မတော် အဖြစ် ဖေါ်ထုတ်လျှက် ပြည်သူ့တိုက်ပွဲ မီးပင်လယ်ဖြင့်နအဖ စစ်အာဏာတို့ကို တိုက်ခိုက် ကြရပါတော့မည်၊
ကျွန်ုပ်တို့ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးသည် စစ်အာဏာရှင်တို့ နှင့်ပတ်သက်၍ပြတ်သားသော သဘောထားရပ်တည်ချက်တို့နှင့် ခိုင်မာစွာ အစဉ် ရပ်ခံခါ လက်နက်ကိုင်လှုပ်ရှားနေခဲ့သည့်အလျှောက် စွမ်းအားမြှင့်ကျောင်းသားစစ်သည်တော် တို့၏ ရန်သူအပေါ် ပြတ်ပြတ်သားသား တိုက်ခိုက်ရေး လုပ်ရပ်များကိုလည်း ဆက်လက်လုပ်ဆောင်နိုင်ရေးအတွက် ဆက်လက်အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်လိုက်သည်၊

စစ်အာဏာရှင်ကို ၀ိုင်းတိုက်ကြ။
တော်လှန်ရေးမုချအောင်ရမည်၊
လူထုအစိုးရ ပေါ်ထွန်းရမည်၊

ဦးစီးကော်မီတီ၊
ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊
ဇူလိုင် ။ ၆ ။၂၀၀၉

အချောင်သမား ၀ါဒ အန္တရာယ်၊

ကျွန်တော်တို့ကို ဒုက္ခပေးနိုင်သူဟာ အဝေးက ရန်သူမဟုတ်ဘဲ အနီးက မိတ်ဆွေဟန်ဆောင်နေသူတွေဘဲဖြစ်နေတော့တယ်။ ဒီအဖြစ်အပျက် မျိုးတွေ သမိုင်းစာမျက်နှာမှာ အများအပြားရှိနေခဲ့ကြတယ်၊ ဒါပေမဲ့ အချိန်ကာလတွေ အဖြစ်အပျက်တွေ ပြောင်းလာသလို မိတ်ဆွေဟန်ဆောင်တဲ့ ရန် သူတွေဟာလဲ ပုံစံနဲ့နည်းနာတွေပြောင်းလာတယ်၊ သူတို့က အထက်စည်းရသူတွေ။ ဖိနှိပ်နေသူတွေနဲ့အပေးအယူလုပ်ထားကြတော့ ငွေကြေး။အချိန်။ လူအင်အားတွေ။ ဆက်သွယ်ရေးစံနစ်တွေ ကောင်းမွန်ကြတယ်။တတ်နိုင်ကြတယ်၊ဒီတော့ ကျွန်တော်တို့ထက် တပန်း အမြဲသာသလိုဖြစ်နေတော့တယ်၊
ဘယ်လိုဘဲ သာပါစေ ဘယ်လိုဘဲ ဟန်ဆောင်ကောင်းပါစေ။ ရန်သူဖြစ်တယ် ဆိုတာဟာ အနှေးနဲ့အမြန်ပေါ်လာရမှာပါဘဲ၊ လစေ့တော့ မမွေး ဘဲ မနေနိုင်သလိုပါဘဲ၊ ဒီလိုသိဖို့က ကျွန်တော်တို့ သတိထားကြရပါမယ်၊ သတိဟာ ပညာဥာဏ်ရဲ့အစဘဲမဟုတ်လား၊
ဒီကနေ့ စစ်အာဏာရှင် ဆန့်ကျင်ရေးလို့ပြောကြတဲ့သူတွေ။ လုပ်တော့ စစ်အာဏာရှင် အကြိုက်လိုက်လုပ်နေတဲ့သူတွေ အများကြီး ဘဲ၊မဲ ထည့်ခဲ့ကြသူတွေ နအဖရဲ့မဲစနစ်ကို တစုံတရာ ယုံကြည်ခဲ့ကြသူတွေဖြစ်တယ်၊ သူတို့တတွေ ယနေ့ဘာပြောကြဦးမလဲ၊ လှုပ်ဆော်ခဲ့ကြသူတွေက ဘာကြောင့်လှုပ်ဆော်ခဲ့ကြသလဲ၊ ပြည်သူတွေရဲ့အချိန်တွေ။ လုပ်အားတွေ။ ငွေတွေကုန်ရကျိုးနပ်ပါသလား။ ဒီလိုပြန်စဉ်စားရင် ကျွန်တော်တို့ လော လောလပ်လပ် မှားခဲ့ပုံကို သိနိုင်မယ်ထင်ပါတယ်၊ ဒါဟာသတိထား ကြရပါမယ်ဆိုတဲ့ စကားကိုပြန်ရှင်းပြတာပါ၊ နအဖကို ဆန့်ကျင်မယ်ပြောပြီး သူကို ကူညီခဲ့တာလို့ဆိုနိုင်ပါတယ်၊နအဖအပေါ် ပြတ်ပြတ်သားသားမရှိတာပေါ်လွင်နေခဲ့ပါတယ်၊
အခုတခါ နအဖရဲ့၂၀၁၀ ရွေးကောက်ပွဲကို မျှော်ဖို့ ၀င်နိုင်ဖို့စတင် ခြေလှမ်းပြင်နေကြပါပြီ၊ဒါကလဲ ဆန္ဒခံယူပွဲတုန်းကလို ဖြစ်သွားအောင် တောခြောက်ပေးတာပါဘဲ၊ သူတို့ ဆင်တဲ့ အကွက် အတိုင်း သွားနေမယ်ဆိုရင် ကျွန်တော်တို့ပြည်သူတွေဟာ နအဖရဲ့လှည့်ကွက်နဲ့ သူ့ရဲ့ အလံရှူး တွေ ရဲ့လေသံ အောက်မှာ မျိုးဆက်တခုပြီးတခု ဖိနှိပ်ခံ သွားကြရပါလိမ့်မယ်၊ ကျွန်တော်တို့ ဟာသူတို့ကြောင်းတဲ့ လမ်းသာလိုက်လို့ကတော့ မိုးကြီးသာ ချုပ်သွားမယ် ရွာတော့ တွေ့စရာမရှိတော့ဘူး၊ဒီမိုကရေဒီ။ လူ့အခွင့် အရေးမပြောနဲ့ အသက်ပင်မှန်မှန်ရှူဖို့ ခက်လာပါလိမ့်မယ်၊
ဒီတော့ ကျွန်တော်တို့ဘာလုပ်ကြမလဲ၊ ကျွန်တော်တို့မှာ လုပ်ငန်းနှစ်ခုရှိလာတယ်၊ နအဖကို တိုက်ဖျက်ဖို့ နဲ့ နအဖရဲ့သူလျှို မိတ်ဆွေဟန် ဆောင် နေတဲ့ အချောင်သမားဝါဒီတွေကို ဆန့်ကျင်ဖို့လိုပါတယ်။ နအဖနဲ့ပတ်သက်ပြီး ပြတ်ပြတ်သတ်သတ်ဆန့်ကျင်သလို။ အချောင်သမားဝါဒနဲ့ပတ် သက်ပြီး ပြတ်ပြတ်သတ်သတ် ဆန့်ကျင်ရပါလိမ့်မယ်၊
သူတို့ဟာ နအဖဆန့်ကျင်ရေး မှိုင်းလုံးနဲ့ ပြည်သူတွေကို လမ်းလွဲပို့နေသူတွေဖြစ်တယ်၊ တကယ်က သူတို့ကိုယ်တိုင်နအဖကို အပြတ်အ သတ်မဆန့်ကျင်ဘဲ တခြားလူတွေ အပြတ်အသတ်ဆန့်ကျင်ဖို့ တိုက်တွန်းမယ်ဆိုတော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ နည်းကို သုံးနေကြတာပါဘဲ၊ လေသံက တော့ တကယ့် ၀ါရင့်တော်လှန်ရေး ဒေါင်ဒေါင်မြည် လေသံ၊ နအဖကို ပြတ်ပြတ်သတ်သတ် ဆန့်ကျင်ဖို့ရည်ရွယ်ချက် မရှိဘဲ ဘယ်လိုထက်မျက်တဲ့ ယူဂျီတွေ တည်ဆောက်လို့လဲရ စရာ မရှိပါ၊
ဒီတော့ နအဖကို ဆန့်ကျင်တိုက်ဖျက်ဖို့ရာ နည်းနာကလွယ်ကူလှပါတယ်၊ နအဖကို မစေ့စပ်စတမ်းတိုက်ဖျက်ဖို့ပါဘဲ၊ အချောင်သမား ၀ါဒ ကိုဆန့်ကျင်ရာမှာတော့ ကျွန်တော်တို့ကိုယ့် တိုင်က နအဖကို တကယ်ဆန့်ကျင်တိုက်ဖျက်ဖို့ သံဓိဌါန်ချထားဖို့ လိုပါတယ်၊ရန်သူ့ထံက အချောင်ရ လာ မည့် အခွင့်အရေးကို မမျှော်လင့်သင့်ပါဘူး၊ မိတ်ဆွေလိုလိုနဲ့ နအဖရဲ့လမ်းကြောင်းဘက် မသိမသာ ဆွယ်တတ်တဲ့ အချောင်သမား နအဖအလံရှူး တွေ ကို စီစစ်ဆန့်ကျင်ဖို့ ဖွင့်ချဖို့လဲလိုပါတယ်၊
ဒီနေ့ နအဖကို ဆန့်ကျင်တိုက်ဖျက်ရေးလမ်းကြောင်းက ရန်သူနဲ့ မစေ့စပ်စတမ်း “လူထုတိုက်ပွဲလက်နက်ကိုင်တိုက်ပွဲ ”လမ်းကြောင်းပါ၊ရှင်း သထက်ရှင်းလာနေပေမဲ့ နအဖအလံရှူး အချောင်သမားတွေက ရှင်းနေတဲ့ လမ်း ကြောင်းကို ရှုပ်ထွေးသွားအောင် လူထုကို မှိုင်းတိုက်တတ်လို့ပါဘဲ၊
မကြာမှီက အဖြစ်အပျက်တခုကို သတိရမိတယ် ၊ မိတ်ဆွေ တဦးက သူ့သမီးချော ၁၇ နှစ်ကို သူအိမ်မှာ အလုပ်လုပ်နေတဲ့ လူယုံ အမျိုးသမီးတ ယောက်က မြူဆွယ်ခိုးထုတ်သွားလို့ စိတ်ပူနေရကြောင်းပြောပြပါတယ်၊ တကယ်တော့ ကိုယ်နားမှာနေပြီး ရန်သူ့ကိုအကျိုးပြုနေသူတွေ “ကိုယ့်လူသူ့ ဘက်သား”တွေဟာ အင်မ တန်အန္ဒရာယ်ကြီးလှပါတယ်၊ဒီနေ့ပြည်သူတွေရဲ့ မျက်စေ့ကို သဲနဲ့ပက်သူတွေလဲဖြစ်တယ်၊ကျွန်တော်တို့ နိုငိငံရေးသတိ ကြီး စွာထားပြီး ရန်သူ့အကြိုက် ပြောဆိုမှုတိုင်း လုပ်ကိုင်မှုတိုင်းကို စီစစ်ဖို့လို နေပါတယ်၊

စစ်အာဏာရှင်နအဖကို တိုက်ဖျက်ကြ၊
အချောင်သမားဝါဒ ဆန့်ကျင်ကြ၊
ပြည်သူ့အစိုးရ ပေါ်ထွန်းရမယ်။

လူတင့်
ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊
ဇွန် ၆ ။ ၂၀၀၈ ၊

Tuesday, June 17, 2008

ပြည်သူ့စစ်ပွဲမီးပင်လယ်ထဲမှာ နအဖစစ်အာဏာရှင်စနစ်ကို သဂြိုလ်ပစ်။

လူထုဆန္ဒမဲဖြင့် ရွေးကောက်ထားသော ဦးနု အရပ်သားအစိုးရကို စစ်ဦးစီးချုပ် ဗိုလ်နေ၀င်းက သစ္စာဖေါက်ခါ စစ်တပ်အားကိုးနဲ့ ၁၉၆၂ မှစ၍အကြမ်းဖက် အာဏာသိမ်းခဲ့ပြီးနောက် ၁၉၆၃ အတုအယောင်ငြိမ်းချမ်းရေးလုပ်ခဲ့သည်၊ သူကပင်ဖျက်လိုက်သည်၊ ၁၉၇၄ တွင် သူ့စိတ်ကြိုက် မဆလ ဖွဲစည်းပုံ ဆိုသည်ကို ရေးဆွဲခါ အဖြူအမဲဟန်ပြဆန္ဒခံယူ ပွဲလုပ်ခဲ့ပြီး ၉၃% ကျော်ရသည်ဆိုကာ အတည်ပြုလိုက်သည်၊ မဆလ စစ်တပ်လွှတ်တော် ဖြင့် ၁၉၈၈ အထိ ကြီးစိုး အုပ်ချုပ်ခဲ့သည်၊ ၁၉၈၈တွင် နေ၀င်းနောက်လိုက် ဗိုလ်စောမောင်က ဆန့်ကျင်ဆန္ဒပြသော ကျောင်းသားများတွေ ကို ထောင်ချီသတ်ဖြတ်ပြီးနောက် ဆန့်ကျင်သူများ ပြိုကွဲရန်နှင့် ငြိမ်သွားရန် ဟန်ပြ ၁၉၉၀ ရွေးကောက်လုပ်ခဲ့ပြန်သည်။ အာဏာကိုတော့မလွှဲ။
ဗိုလ်စောမောင်နောက် ဗိုလ်သန်းရွှေက စစ်တပ်နဲ့ လက်ပါး စေများပေါင်းခါ ဒီပဲယင်း ကျည်ရွာတွင်ကျော်မ ကောင်းကြားမကောင်း လူသတ် မှုကိုလုပ်ပြန်သည်၊ ၂၀၀၇ သြဂုတ် စက်တင်ဘာ ကုန်ဈေးနှုန်းကျဆင်းရေး၊ သံဃာဆန္ဒ ပြပွဲများကို အမျိုးသားရေး၊ ဘာသာရေးတို့ကိုပင်မထောက်ထား ဘဲ ငြိမ်းချမ်းစွာ ဆုတောင်းမေတ္တာပို့သည့်သံဃာတော် များကို ရက်ရက်စက်စက် စစ်တပ်နဲ့ နှိမ်နင်းသတ်ဖြတ်ခဲ့သည်။
စစ်အာဏာရှင်စနစ် ရေရှည်တည်တန့်ရန်အတွက် နအဖဖွဲစည်းပုံကို သူ့လက်ပါးစေများနှင့်ရေးဆွဲခါမသမာ သောနည်း အဓမ္မနည်းများဖြင့် ဆန္ဒခံယူပွဲဆိုသည်ကိုလုပ်ပြန်သည်။ လူထုက ကန့်ကွက်မဲပေးသည့်တိုင် ၉၄ %ကျော် ထောက်ခံမဲရသည်ဆိုကာ ပြောင်လိမ်အတည်ပြုလိုက်ပြန်သည်။
ထိုမျှသာမက၊ နာဂစ်မုန်တိုင်းဒဏ်ခံရသော ပြည်သူ အသိန်းအသန်းတို့အပေါ် အကူအညီရနိုင်ရေးနည်းလမ်း များကို ထောက်ထားညှာ တာမှုကင်းစွာ ၊ ကောက်ကျစ်ယုတ်မာစွာ တားဆီးပိတ်ဆို့ ဖြတ်တောက်စားသောက်သော လုပ်ရပ်များလည်းလုပ်ရက်သည်၊ ထို့အပြင် ပြည်သူများကို အတင်းအဓမ္မနေရာရွှေပြောင်းခိုင်းရာတွင် လျှို့ဝှက်သတ်ဖြတ် မှုတွေ လုပ်ခါ ပြည်သူလူထုအပေါ် အဘက်ဘက်မှ အမျိုးမျိုး ဒုက္ခပေးနေပေးသည်။
မြန်မာပြည်သည် စစ်အာဏာရှင်စနစ်ကြီးစိုးခံခဲ့ရသည်မှစ၍ အဖက်ဖက်တွင်ဆုတ်ယုတ်ပျက်စီးကာပြည်သူ လူထုမှာ ကြိမ်မီးအုန်း သကဲ့သို့ လည်းကောင်း၊ စကောတွင် အလှိမ့်ခံရသော ဇီးဖြူသီးများကဲ့သို့လည်းကောင်း၊ ဆောက် တည်ရာမဲ့ ဒုက္ခအဖုံဖုံ အထပ်ထပ် ခံစားနေကြရစဲ ဖြစ်ပေသည်။
စစ်အာဏာရှင်စံနစ် သက်ဆိုးရှည်နေသရွေ့ ပြည်သူလူထုတို့ဘ၀သည် အေးချမ်းသာယာစရာလုံးဝမရှိပေ။ စေ့စပ်ဆွေနွေးခြင်းသည် စစ်အာ ဏာရှင်ဘီလူးတို့အား အားပေးအားမြှောက် ပြုရာကျခဲ့သည်။ ထိုကြောင့် စစ်အာဏာရှင် သန်းရွှေ မောင်အေးဂိုဏ်းကိုတိုက်ဖျက်ချေမှုန်းနိုင်ရေးအတွက် ပြည်သူတ ရပ်လုံးသည် လှည်းနေလှေအောင်းမြင်းဇောင်း အကျန် ကိုယ်ကျရာနေရာမှ စစ်အာဏာ ရှင် စနစ်တိုက်ဖျက်ရေးကိုလုပ် ကြရန်သာရှိပါသည်။
စစ်အာဏာရှင့် လက်ပါစေ လက်ဝေခံများ. ခြောက်လုံး၊ လှန်းလုံးများ၊ မြူလုံးဆွယ်လုံးများ၊ လှိမ့်လုံးပတ် လုံးများကို ၆၂ ခုနှစ်မှ စ၍ အထပ် အခါခါ တွေ့ကြုံခံစားရပြီးဖြစ်ရာ မတွေမဝေမကြောက်မလှန့်ဘဲ တော်လှန်ရေး လမ်းကြောင်းပေါ်မသွေမဖီ ခိုင်ခိုင်မာမာ ရပ်တည်လျှောက်လှမ်းကြ ရန် လိုလှပါသည်။
တကိုယ်တော်ကောင်းစားရေး၊ ဆွေမျိုးညာတကာကောင်းစားရေး၊ မိမိအုပ်စုကောင်းစားရေးတို့အတွက် နိုင်ငံရေးနှင့် တော်လှန်ရေးကို ခုတုံး လုပ်ခါ နအဖစစ်အာဏာရှင်တို့နှင့် ပေါင်း၍ ပြည်သူလူထုအပေါ် ခွစီးအမြတ်ထုပ် သွေးစုတ်နေကြသည့်ဖေါက်ပြန်သူတို့ကိုပြတ်သားသော သတိမြင့်မစေ့ စပ်စတမ်းတိုက်ဖျက်ကြရပါတော့မည်။
စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရန်မှာ လူထုတိုက်ပွဲနည်း၊ လက်နက်ကိုင်တိုက်ပွဲနည်း၊ မြေပေါ်မြေအောက် နည်း များသာဖြစ်ပါသည်၊ွှသို့လုပ်ဆောင်နိုင်ရေးအတွက် မြန်မာပြည်သူများသည် အင်္ဂလိပ်ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး တိုက်၊ ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေးတိုက်ပွဲ အတွေ့ အကြုံများသာမက စစ်အာဏာရှင် စနစ်အောက် မြောက်များစွာသော သပိတ်တိုက်ပွဲ၊ ဆန္ဒပြပွဲ၊ လက်နက်ကိုင် တိုက်ပွဲအတွေ့ အကြုံများရရှိကြပြီးဖြစ်သည်။
ထိုသို့အတွေ့အကြုံများရရှိခဲ့သည်တိုင် စစ်အာဏာရှင်စံနစ်အား အောင်ပွဲမဆင်ခဲ့ရခြင်းမှာ - ကိုယ်ကျိုး ကြည့်လွန်းမှု၊ လူမျိုးရေးအမြင်ကျဉ်း မှု၊ မဟာလူမျိုးကြီးဆန်မှု၊ အောင်ပွဲကို အချောင်နည်းနှင့် ရလိုပြီး ဖြတ်လမ်းလိုက်မှု၊ ယနေ့ဆင်နွဲနေသော တော်လှန်ရေးသည်၊ လက်တ ဆုတ်စာ စစ် အာဏာရှင် ဗမာစစ်ဗိုလ်တစုကို တိုင်းရင်းလူမျိုးပေါင်းစု အပါအ၀င် ဖိနှိပ်ခံ ဗမာများက ဖိနှိပ်သူဗမာစစ်အာဏာရှင်တို့အပေါ်ဆင်နွဲနေသောလူတန်းစား တိုက်ပွဲကြီးဖြစ်နေသည် ကို သဘောမပေါက်ကြခြင်းကြောင့် သာဖြစ်ပေသည်။
ယနေ့လုပ်ဆောင်ရမည့် ပြည်သူ့စစ်ပွဲမီးပင်လယ်မှာ - ရွာသားများ၊ ရပ်ကွက်သားများက ရပ်ကွက်လူကြီး ဆိုးများကိုတိုက်ခိုက်ခြင်းအမှုထမ်း တို့က အရာရှိဆိုးများကို တိုက်ခိုက်ခြင်း။ ရဲသားတို့က ရဲ အရာရှိဆိုးကိုတိုက်ခိုက်ခြင်း၊ စစ်သားများက စစ်အရာရှိဆိုးများကို တိုက်ခိုက်ခြင်းဖြစ် ပါသည်။
ဤအချက်တို့ကို ကျေလည်စွာသဘောပေါက်ကျင့်သုံးပါက စစ်အာဏာရှင် သန်းရွှေမောင်အေးဂိုဏ်း သာမက တခြာတခြားသော မတရား ဖိနှိပ် သွေးစုတ်အုပ်စိုးသူတို့ကို ပြည်သူများအနေနှင့် မလွှဲမသွေတော်လှန်ချေမှုန်းနိုင်မည် သာဖြစ်ကြောင်း တင်ပြလိုက်ပါသည်။

ဘုံရန်သူစစ်အာဏာရှင်စံနစ်ကို ၀ိုင်းတိုက်ကြ၊
ပြည်သူဏ္ဍစစ်ပွဲမီးပင်လယ်ကို ဖန်တီးကြ၊
လူထု အစိုးရထူထောင်ကြ၊
ဒီမိုကရေစီ မုချရရမည်၊

ဦးစီးကော်မီတီ၊
ဂျွန်။ ၁၆ ။ ၂၀၀၈၊

Wednesday, April 9, 2008

ဒီနေ့နိုင်ငံရေးသည် အင်အားနိုင်ငံရေးဖြစ်သည်

မြန်မာပြည် နိုင်ငံရေးသည် အင်အားနိုင်ငံရေးသာ ဖြစ်သည်။ သို့ဆိုရခြင်းမှာ “မဲ” နိုင်ငံရေး။ “ပါလီမန်” နိုင်ငံရေး “ဥပဒေ” နိုင်ငံ ရေး “အမျိုးသား” နိုင်ငံရေးမဟုတ်ဘဲ၊ “အင်အား” နိုင်ငံရေး အဖြစ်လက်တွေ့ ဘ၀အဖြစ် အပျက်များက ပြဌါန်း လိုက်သောကြောင့်သာ ဖြစ်ပါသည်။ ထိုသို့ ပြဌါန်းသူမှာ တခြားသူများ မဟုတ် စစ်တပ်အင်အားဖြင့် ၆၂ ခုမှစ၍ အရပ်သား အစိုးရ လက်ထဲမှ အာဏာသိမ်းယူခဲ့သော စစ်အာဏာရှင် များသာဖြစ်သည်၊ သူတို့ အင်အားသုံးအနိုင်ကျင့် မှုများက ဤသို့သော အဓ္ဓိပါယ်ကို ထင်ထင်ရှားပြနေသောကြောင့် ဖြစ်သည်။
ဤသို့ ပြသနေသည့်တိုင် တချို့သော သူတို့သည် သူတို့ သန်ရာသန်ရာ ဆွဲ၍ တခြားအကြောင်းအရာ တို့ အပေါ် အာရုံစိုက် စဉ်းစားနေကြပေ သေးသည်။ သူတို့သည် သူတို့ကိုယ်သူတို့ ထူးခြားပြောင်မြောက် သောသူများအဖြစ် ထင်နေကြသလား မပြောတတ်ပေ၊
“အင်အား” နိုင်ငံရေးကို ယခုကြီးစိုးနေသော စစ်အာဏာရှင် သန်းရွှေ အောင်သောင်းဂိုဏ်း ကဖေါ်လှစ်ပြသလိုက် ခြင်း အတွက် ကျွန်ုပ်တို့ဘက်က နိုင်ငံရေးအရမြတ်သည်ကို သူတို့မမြင်ကြပေ။ သူတို့သည် စစ်တပ်သည်သာလောက ၌ အင်အားအကြီးဆုံး ဖြစ်သည်ဟု ထင်နေကြသူများဖြစ်သည်။ ကြွက်တို့သည်ကြောင်ကိုအထင်ကြီး သကဲ့သို့ဖြစ်နေကြသည်။ ပြည်သူသည်နိုင်ငံ၏ ခွန်အားဟု ပြောနေကြသော်လည်း တကယ်ယုံကြည်သူများမဟုတ်ကြပေ။ ထိုကြောင့်ပင် စစ်အာဏာရှင်ကို ရင်ဆိုင်တိုက်ခိုက်ရန် မည်သို့မျှ မတွေးတတ် သူများဖြစ်နေ ကြပေသည်။ အပေးအယူ လုပ်ရန်သာ စိတ်ထက်သန် နေကြပေသည်။ “စေ့စပ်” ပါလို့ ဘုန်းကြီးတွေက ပြောမည်၊ “ဆွေးနွေးရေးလမ်း မှတပါး တခြားမရှိ” ဟု ဓမ္မဆရာက ပြောသည်။ သူတို့သည် တော်လှန်ရေး၏ ပြင်းထန်ရက်စက်မှုကို ခံနေရသည့်တိုင် သူတို့၏ တရားသေ ကျသော သူတော်စဉ် အကျင့်မှ ရုန်းထွက်ရန်ခက်ခဲနေကြသူများဖြစ်ပါသည်။ သူတို့သည် လောကနှင့် နိဗ္ဗာန်ကိုရောထွေး စဉ်းစားနေပုံပေါက်ပေသည်၊ တော်လှန်ရေးသည်ဘုန်းကြီးကျောင်းနှင့်ဘုရာရှိခိုးကျောင်းတို့မှထွက်ပေါ်လာရန် ဖြစ်နိုင် ချေ မရှိပါ၊ ရဟန်းသံဃာများ၊ ဆန္နပြခြင်းကို လမ်းညွှန်ချက်အဖြစ်သာ သဘောပြီးပြည်သူများကအောင်ပွဲရသည် အထိ အဆုံးတိုင် တိုက်ပွဲဝင် သွားရမည် သာဖြစ်ပါသည်။
“အင်အား” နိုင်ငံရေးဖြစ်လာခြင်းကြောင့် အင်အားအကြီးဆုံးသော သူကသာနိုင်ရမည် ဖြစ်ပါတော့သည်၊သန်းရွှေ အောင်သောင်းဂိုဏ်းသည် မြန်မာပြည်သူတို့အထွတ် အမြတ်ထားသော သံဃာ၊ မည်သို့သော ယုတ်ကြမ်းမှုကိုမျှ မလုပ်တတ်သော သံဃာတို့ကို ခုတ်ထစ်သတ်ဖြတ်ပြလိုက်ခြင်းကြောင့် တိုင်းပြည်၏ အရေးပါသော သာသနာမဏ္ဏိုင်ကြီးသည် သူတို့ဘက်၌ ဆုံးရှုံသွားခဲ့ပေပြီ၊ ဥပဒေမဲ့အင်အားသုံးခြင်းကြောင့် ပြည်သူများမှလည်း အင်အားသုံးရန်အမြင် ပြင်းပြင်းထန်ထန် ပေါ်လာနေတော့သည်။ ဤသည်မှာ အိပ်နေသော ခြင်္သေ့ကို နိုးထစေသကဲ့သို့ ဖြစ်ခဲ့ပေသည်။

ပြည်သူတို့ကသာ အင်အားကို အပြည့်အ၀ အသုံးချရန် လိုနေပါတော့သည်။ မည်သို့သော ချွေးသိပ်မှု၊ အာဏာလွှဲပြောင်းမှု၊ အကောက်ကြံမှု တို့ကို နအဖက လုပ်လာသည့်တိုင် ပြည်သူများက အရေး မစိုက်ဘဲ“အင်အားသုံး တိုက်ခိုက်ရေး” ဟူသောလမ်းကိုသာ ခိုင်ခိုင်မာမာဖြောင့် ဖြောင့်တမ်းတမ်း လျှောက်ပါက စစ်အာဏာရှင် နအဖသည် ပြိုကျပျက်သုန်းသွားခါ ပြည်သူတွေလိုလားသော အရပ်သားအစိုးရနှင့် ဒီမိုကရေစီစနစ်သည် မုချပေါ်လာပါလိမ့်မည်။

ပြည်သူတို့သည် စစ်တပ်ထက်အားကြီးကြောင်း အမှန်တရားကိုလည်း ကမ္ဘာတခုလုံးအား ပြသရာရောက် ပေလိမ့်မည်၊သို့ဖြစ်ရန်မှာ အင်္ဂလိပ်ကိုလိုနီဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် ဖက်ဆစ်ဂျပန် တိုက်ဖျက်ရေးကာလ လှုပ်ရှားမှု များမှ နည်းနာများကိုသုံးရန် အပြင် ယနေ့ရင်ဆိုင်နေရသော အမျိုးသားချင်းဖိနှိပ်သူ စစ်အာဏာရှင်တို့ကို ဖိနှိပ်ခံလူတန်း စားစိတ်ဓါတ်ဖြင့် တိုက်ပွဲဝင်ရန် လိုအပ်ပါသည်။ ကိုလိုနီခေတ်လွတ်လပ်ရေးလှုပ်ရှားမှုနှင့် ဖက်ဆစ်ဂျပန်တိုက်ဖျက်ရေး ကာလအတိုင်း မျိုးချစ်စိတ်လောက်ဖြင့် မရတော့သည်ကို အသေအချာသိစေရပါမည်။ ဖိနှိပ်ခံလူမျိုးစုံသွေး စည်းရေးနှင့် လူတန်းစားတိုက်ပွဲတို့ ပြင်းထန်သဲသန်မှုအကြောင်းများကို အလေး အနက်လေ့လာ ကျင့်သုံးရပါလိမ့်မည်၊ ဤနေရာတွင် အနီကြောက်ရောဂါ ။ အနက်ကြောက်ရောဂါတို့ ၀င်လာနိုင်သည်ကိုလည်း သိထားရမည်။ လယ်သမား စကားနှင့် ပြောရလျှင် ချိုထောင်၊ ချိုကုတ်အရေးမကြီးလှည်းဆွဲနိုင်ဖို့သာ အရေးကြီးသည်ဆိုသည်ကို ရှင်းလင်းစွာသဘော ပေါက်သင့် ပါသည်။
“အင်အား” နိုင်ငံရေးကွင်းသည် ပြည်သူတွေ နိုင်မည့်ကွင်း ဖြစ်သည်။ နအဖစစ်အာဏာရှင် ဗိုလ်ချုပ်တို့ သည်လက်တ ဆုတ်စာသာ ရှိသည်။ သူ့နောက်တွင် နည်းလမ်းမမြင်၍ ရောယောင်လိုက်သူ လက်ပါးစေတချို့သာရှိသည်။ ဖိနှိပ်ခံပြည် သူများ ဘက်တွင် သာမန်စစ်သားတွေကအစ။ ဓနရှင်များ၊ ပညာတတ်များ၊ လက်လုပ်လက်စားများ ၀န်ထမ်း များ၊ ဆင်းရဲသားများ၊ ရဟန်းသံဃာများ၊ ကျောင်းသားများ၊ မြောက်များစွာသော တိုင်းရင်းသားများ ပါဝင်ပါသည်။
ဤမျှ အင်အားများပြားသော အင်အားတို့သည် အင်အားကို အသုံးချလိုက်ပါက စစ်အာဏာရှင် နအဖ အင်အားကို လုံးဝ ဖြိုချဖျက် သိမ်းနိုင်မည်သာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါသည်၊
လူတင့် ၂၃ ။ ၁၁ ။ ၀၇ ။

Monday, March 10, 2008

နအဖ ဆန္ဒခံယူပွဲကို အယုံအကြည်မရှိ

ရန်ကုန်တက္ကသိုလ်ကျောင်းသားများကို ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက် နေ့က သတ်ဖြတ် ပြီး သမိုင်းဝင်ကျောင်းသား သမဂအဆောက်အဦးကို မိုင်းနှင့် ခွဲ၍ဖျက်စီးခဲ့သော အာဏာသိမ်း ဗိုလ်နေ၀င်းသည် သူ့အပစ်ကို ဖုံးကွယ်ပြည်သူလူထုကို လှုစားရန် ၆၃ ခုနှစ်တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ခေါ်ပါ သည်၊ ထိုနောက်ဆွေးနွေးပွဲကို တဖက်သတ် ဖျက်သိမ်းခါ သူထင် သလိုစိုင်းပါတော့သည်၊
၁၉၈၈ ရှစ်လေးလုံး လူထုလှုပ်ရှားမှုကို ဗိုလ်စောမောင်က လူထောင်ချီသတ်ပြီးရန်ကုန်တက္ကသိုလ်ကျောင်းသားများကို ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက် နေ့က သတ်ဖြတ် ပြီး သမိုင်းဝင်ကျောင်းသား သမဂအဆောက်အဦးကို မိုင်းနှင့် ခွဲ၍ဖျက်စီးခဲ့သော အာဏာသိမ်း ဗိုလ်နေ၀င်းသည် သူ့အပြစ်ကို ဖုံးကွယ်ပြည်သူလူထုကို လှည့်စားရန် ၆၃ ခုနှစ်တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ခေါ်ပါ သည်၊ ထိုနောက်ဆွေးနွေးပွဲကို တဖက်သတ် ဖျက်သိမ်းခါ သူထင် သလိုစိုင်းပါတော့သည်၊
၁၉၈၈ ရှစ်လေးလုံး လူထုလှုပ်ရှားမှုမှာ ဗိုလ်စောမောင်က လူထောင်ချီသတ်ပြီးနောက် လူထုကို ချွှေးသိပ်လှည့်စားရန် ရွေးကောက်ပွဲဆိုသည်ကို ၁၉၉၀ တွင် ကျင်းပပေးပါသည်၊ ထိုနောက် အနိုင်ရ ပါတီကို အာဏာမပေးဘဲမျက်နှာပြောင်စွာ နည်းမျိုးစုံဖြင့် ဖိနှိပ်ဖျက်ဆီး ပြန်ပါသည်၊
ယခုတခါ ၂၀၀၇ ခုနှစ်သြဂုတ်စက်တင်ဘာ သံဃာများအေးချမ်းစွာ လမ်းလျှောက် ဆုတောင်းသည်ကို ရက်စက်စွာ သတ်ဖြတ်လိုက်ပြီးနောက် ဗိုလ်သန်းရွှေသည် လူထုအမျက်ကို ဖျောက်ဖျက် လှည့်စားရန် အခြေခံဥပဒေအတွက် ဆန္ဒမဲပေးပွဲကို လုပ်ရန်ကြံစည်နေပြန်ပါပြီ၊ ထိုဥပဒေမှာလည်း သူတို့အကြိုက်ရေးထားသော ဥပဒေများသာဖြစ်ပါသည်၊
ဤသို့ယုတ်မာကောက်ကျစ်စွာ လှည့်စားလုပ်ဆောင်လေ့ရှိသောစစ်အာဏာရှင်အဆက်ဆက်တို့ကိုကျွန်ုပ်တို့ပြည်သူ့ လွတ်မြောက်ရေးတပ်ဦးက လုံးဝအယုံအကြည်မရှိ၊နည်းမျိုး စုံဖြင့် ဆန့်ကျင်သွားပါမည်၊
တိုင်းပြည်ပြဿနာကို မှန်ကန်စွာဖြေရှင်းလိုပါက နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး။ စာနယ်ဇင်း လွတ်လပ်ခွင့်။ ဟောပြောစည်းရုံးခွင့် အပြင် တပြည်လုံးအပစ် အခတ် ရပ်စဲရေး။ နိုင်ငံရေး အဖွဲ့အားလုံးပါဝင်သော ပါတီပေါင်းစုံ ကွန်ဖရင့် ခေါ်ရေးတို့ကို လုပ်ဆောင် ရပါလိမ့်မည်၊
တခြားသော လုပ်ရပ်များမှာ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေး အတွက်ပရိယာယ်များ သာဖြစ်လေရာ ကျွန်ုပ်တို့ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးမှ ပြင်းထန်စွာ ကန့်ကွက် ပါသည်၊
၂၀၀၇ သြဂုတ်စက်တင်ဘာ ရဟန်းရှင်လူပြည်သူအပေါင်း ငြိမ်းချမ်းစွာ လမ်းလျှောက် ဆုတောင်းခြင်းကိုနအဖကရက်စက် ကြမ်းကြုတ်စွာ ပစ်ခတ်သတ်ဖြတ်မှုသည် မြန်မာ့သမိုင်း တွင် သာမက ကမ္ဘာ့ယဉ်ကျေးမှုသမိုင်းတွင်လည်း အကျည်းတန်လှသော ဖုန်းကွယ်လို့မရသည့် အမဲ စက်ကြီး ဖြစ်ခဲ့ပေရာ စစ်အာဏာရှင် သန်းရွှေ။ မောင်အေး။ ရွှေမန်းတို့ဂိုဏ်းကို ပြည်သူအပေါင်းက ထိုက်သင့်သော ဒဏ်ခတ်နိုင်ရေးအတွက် လူထုတိုက်ပွဲ လက်နက်ကိုင်တိုက်ပွဲ ပေါင်းစပ်၍ နအဖ ကိုအင်အားသုံးဖြုတ်ချရန်မှတပါး တခြားမရှိကြောင်း တင်ပြလိုက်ပါသည်၊

စစ်အာဏာရှင်စနစ်ဆိုးကို ၀ိုင်းတိုက်ကြ၊
တော်လှန်ရေး မုချအောင်ရမည်၊
ဒီမိုကရေစီမုချ ရရမည်၊

ဦးစီးကော်မီတီ
ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊
မတ်လ ၇ ရက် ၂၀၀၈၊


ဆက်သွယ်ရန် - မင်းသစ် - ၀၈၇ ၅၇၁ ၇၁၅၅ ၊