ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Monday, July 11, 2011

သတင်းနှစ်ပုဒ်နဲ့ ကျွန်တော့် အမြင်

သတင်းတပုဒ်က ကြပ်ပြေး( နေပြည်တော်) မြို့မဈေးမှာ ဗုံးပေါက်တာနဲ့ ကချင်ပြည်နယ် မှာ ဂျွန်လ ၁၁ ရက်နေ့က ဖြစ်တဲ့ တိုက်ပွဲသတင်းပါ။

ကြပ်ပြေးဈေးမှာ ဗုံးပေါက်တဲ့ကိစ္စကို အထူးပြောစရာ မရှိပေမဲ့ ကချင်ပြည်နယ်တိုက်ပွဲနဲ့ ပတ်သက်ပြီး KIO က ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်ပြောတာနဲ့ ပတ်သက်ပြီး ဘ၀င်မကျ ဖြစ်မိ ပါတယ်။

“အစိုးရဘက်က ထိန်းထိန်းသိမ်းသိမ်း လုပ်သွားမယ်ဆိုရင် အခုသူတို့ တိုက်ခိုက်နေတာကို ရပ်ပြီးတော့ နဂိုအတိုင်း ပြန်နေသွားမယ်ဆိုရင် အဲဒီ စစ်မက်ဟာ ပြည်နယ်တခုလုံး အတိုင်း အတာအထိ ပျံ့ဖို့တော့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမဲ့ သူတို့ လုပ်ဆောင်ချက်ကို မူတည်ပြီး တော့ အဲဒီစစ်မီးပွါးဟာ ကျနော်တို့ ပြည်နယ်တခုလုံး ပျံ့နှံ့နိုင်တဲ့ အခြေအနေမျိုး တော့ရှိ တယ်။”လို့ ဦးလနန်က ဆိုရာမှာ ပျံ့နှံ့ရေး မပျံ့နှံ့ရေးဟာ ကြံ့ဖွတ်စစ်တပ်ပေါ်မှာတည်နေ တာကို တွေ့နိုင်တယ်။ ဆိုလိုတာက ကြံ့ဖွတ်တပ်ရဲ့ အဆုံးအဖြတ်မှာတည်ပြီး KIO က လုပ်နေရတာကို ဖေါ်ပြနေတယ်။ KIO ဟာဒီပွဲမှာ “ကံပုဒ်” သာ ဖြစ်နေတာကို သနား စဖွယ်တွေ့ နေရပါတယ်။

ဒီလို သနားစဖွယ် ဖြစ်နေရအောင် တမင် ဖန်တီးနေတာကိုက KIO ရဲ့ ပေါ်လစီဆိုရင်တော့

ကချင်လူထုတွေအတွက် အားကိုး မျှော်လင့်စရာ ဘယ်မှာရှာကြမလဲ ကျွန်တော်ဖြင့် လှိုင်ဘွဲ့ ဘက်က လူတွေစကားနဲ့ ပြောရရင် တွေးမထိဘူး ဖြစ်နေတယ်။

KIO ကြိုက်တဲ့ နိုင်ငံရေး စစ်ရေးကို ကြံ့ဖွတ်တပ်က ဘယ်တော့မှ မလုပ်ပေးခဲ့ ဘူးဆို တာကို လူထုက သိနေပေမဲ့ KIO လူကြီးတွေ မသိတာကို ထူးဆန်းအံ့သြစရာ အဖြစ် တခုပါဘဲ။ အခုလဲ KIO ကို ဖြုတ်ဖို့ လာတိုက်နေတာကို မှားပစ်တာလား၊ အကြီး အကျယ်ဖြစ် ကုန်မယ်နော် ဆိုပြီး တိုက်ပွဲ မဖြစ်အောင် အကြောင်းအမျိုးမျိုးနဲ့ လှီးလွှဲနေရ တာကို မြင်ရတဲ့ ဘေးကလူက စာနာရမှာလား အပြစ် တင်ရမလား စဉ်းစားစရာ ဖြစ်လာရ တော့တယ်။ စာနာတယ်ဆိုတာလဲ အကြောင်းအကျိုး ဆီလျှော်မှ စာနာမှာပါ။ တမင် စနာ အောင် ငိုပြနေလို့တော့ လူထုတွေရဲ့ ယုံကြည်မှု လျှော့ပါး လာနိုင်ပါတယ်။ ကျားဆိုးကို ဘယ်လိုရင် ဆိုင်ရတယ်ဆိုတာ ကချင်လူမျိုးတွေက ပိုသိမှာပါ။

ဒီနေ့လုပ်ရမှာ ကြံ့ဖွတ်တပ်ကို “ လူထု တိုက်ပွဲ မီးပင်လယ်” နဲ့ ၀ိုင်းပတ် ချေမှုန်းရမှာပါ။ ပျံ့နှံ့နိုင်သမျှ ပျံ့နှံ့ ကျယ်ပြန့်သထက် ကျယ်ပြန့်တဲ့ တိုက်ပွဲတွေနဲ့ တိုက်ရမှာပါ။ ကြံ့ဖွတ် တပ်က လုပ်လုပ် မလုပ်လုပ် ကျွန်တော်တို့ပြည်သူတွေက လုပ်ရမှာပါဘဲ။ လူထုရဲ့အားဟာ ကျယ်ပြန့်ခြင်း။ ပြင်းထန်ခြင်း ပါဘဲ။ ဒီစွမ်းအားကို အသုံးမချဘဲ ဒီတိုင်း ထားရင် လူထုဆိုတာ “ဒို့အရေး” အော်ယုံလောက်ဘဲ တတ်တယ်လို့ ဖိနှိပ်သူတွေက ထင်နေဦးမှာ။

ကြပ်ပြေးဈေးမှာ ဗုံးပေါက်တယ်။ ကချင်ပြည်နယ်ရဲ့ အပြင်ဘက်မှာ။ ဒီတော့ လှုပ်ရှားမှုက ကျယ်ပြန့် ပျံ့နှံ့နေတာဘဲ။ ကရင်ပြည်နယ်ဘက်မှာ ရှမ်းပြည်နယ်ဘက်မှာလဲ တိုက်ပွဲတွေ ပျံ့နှံ့နေတာဘဲ။ လှိုင်သာယာမှာလဲ ဆန္ဒပြပွဲတွေ ဖြစ်နေတာဘဲ။ ဒီတော့ ပျံ့နှံ့ ဒါဟာ အပြစ်တင်စရာ မဟုတ်ဘူး လူထုလှုပ်ရှားမှုဟာ ဒီလိုဘဲ ပြန့်နှံ့ နေမယ်။ ဦးလနန် ပြောသလို ကန့်လတ်ထားဖို့ လူထုတွေက နားထောင်နေမှာ မဟုတ်ဘူး။ မတရားမှုကို သူတို့တတ်တဲ့ နည်းနာနဲ့ ဆန့်ကျင်ကြမှာပါဘဲ။ ပျံ့နှံ့လာမှာကို ကြောက်တဲ့ သူဟာ ဖိနှိပ်သူ စစ်အာဏာရှင် လက်တဆုတ်စာဘဲ ဖြစ်ပါတယ်။

လူထုဆီမှာ အားကိုးစရာ လူထုတိုက်ပွဲဘဲ ရှိပါတယ်။ ဒီတိုက်ပွဲဟာ ကျယ်ပြန့် ပျံ့နှံ့ပြီး အင်အားလဲ ကြီးပါတယ်။ ဒီလိုဖြစ်မှဘဲ ရန်သူ စစ်တပ်ဟာ သီးခြား ၀ကွက် ချေမှုန်းတာ မလုပ်နိုင်တော့ဘဲ အရူး မီးဝိုင်းသလို လူထုရဲ့ ၀ိုင်းဝန်း တိုက်ခိုက်တာကို ခံရပြီး အရှုံးပေး လာမှာဖြစ်ပါတယ်။

နောက်တခုက “ကာကွယ်စစ်” ဆိုတဲ့ သဘောထားပါ။ ဒါကလဲ သက်ညှာထောက်ခံမှုကို မျှော်လင့်တဲ့ အမြင်က လာတာပါဘဲ။ ကျွန်တော်တို့ကို ဖိနှိပ်တိုက်ခိုက်မည့် ရန်သူဟာ ရှိနေသမျှ ကျွန်တော်တို့ ကာကွယ်လို့ ဆုံးမှာ မဟုတ်ပါဘူး။ ဖိနှိပ်သွေးစုတ်တဲ့ လူတွေ ကျွန်တော်တို့ တိုက်ဖျက် ပြစ်ရမှာ။ ရန်သူနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ထားရမည့် သဘောထားက “ထိုးစစ်” သဘောထားဘဲ။ “ခံစစ်” သဘောထား မထားရဘူး။ “ခံစစ်” ဟာ နိုင်ဖို့ အလားအလာ နည်းသလို ရှုံးဖို့ များနေတတ်လို့ပါ။

ရန်သူကို မြန်မြန် အောင်မြင်ဖို့ ဆိုရင်တော့ စနစ်တကျ စုစည်းမှုနဲ့ ရှင်းလင်းတဲ့ လမ်းညွှန် မှုပေးနိုင်တဲ့ ဦးဆောင်ပါတီအဖွဲ့အစည်း လိုတာပေါ့။ နည်းနာတွေက မြန်မာပြည်လို အဖွဲ့အစည်းတွေ၊ လူမျိုးရေးတွေ များနေတော့ သဘာဝအတိုင်းဘဲ နည်းနာပေါင်းစုံ ရှိမယ်။

ဒါပေမဲ့ ဖိနှိပ်သွေးစုတ်တဲ့ စစ်အာဏာရှင်ကို တိုက်တဲ့ နည်းဘဲဖြစ်ရမယ်။ တခြား နည်းတွေက အလုပ်မဖြစ်တော့ဘူးဆိုတာ ခါးသည်းတဲ့ လက်တွေ့ သင်ခန်းစာတွေက ပြသခဲ့ပြီ။

အတွေ့အကြုံတွေက ကျွန်တော်တို့ စုစည်းဖို့ လိုအပ်တာ၊ ရန်သူဆီက သနားငဲ့ညှာမှုကို မမျှော်လင့်နိုင်တာ သင်ပေးနေပါတယ်။ ယူ မယူက ကျွန်တော်တို့ အရည်အသွေးပေါ့။

ဒီတော့ လီနင်ရဲ့ ဆောင်းပါးထဲက မှာကြားထားသလို အပျော်တမ်း မဆန်ကြဘဲ စံနစ်လဲ ကျ။ စည်းကမ်းလဲရှိ။ ဦးဆောင်မှု ထက်မြက်တဲ့ အဖွဲ့အစည်းအောက်မှာ လုပ်နိုင်ကြဖို့ လိုပါတယ်။ လီနင်မှ မဟုတ်ဘဲ တခြားလူတွေက မှာကြားတာရှိရင်လဲ ဖတ်ချင်ပါတယ်။ မတွေ့ရသေးလို့ပါ။

ဒီတော့ သတင်းနှစ်ပုဒ်ဟာ ဒေသတွေ ဝေးလံပေမဲ့ တကယ်တော့ လူထုလှုပ်ရှာမှုရဲ့ ပျံ့နှံ့နေတဲ့ ပုံသဏ္ဍာန်တွေသာဖြစ်လို ပိုပိုပြန့်နှံ့အောင် ကျယ်ပြန့်အောင် တတ်တဲ့နည်းနဲ့ လုပ်ဆောင်ရမှာ ဖြစ်တယ်ဆိုတာ လေးနက်စေချင်လို့ပါ။

လူထုအားကို ယုံကြည်ပါ။

ဘုံရန်သူစစ်အာဏာရှင်ကို ၀ိုင်းတိုက်။

ဒီမိုကရေစီနဲ့ လွတ်လပ်မှုရကို ရရမယ်။

ဦးအေးဆောင်

ဂျွန် ၁၄၊ ၂၀၁၁