ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Wednesday, August 21, 2019

သမိုင်းကို ဒဲ့ပြောခြင်း


သမိုင်းကို ဒဲ့ပြောခြင်း

“ရှင်က အင်္ဂလိပ်ကို ဆန့်ကျင်ပြီးတော့ ဘာကြောင့် ခရစ်ယာန်ကျောင်းမှာ နေတာလဲ” လို့ မိန်းမက ပြောတော့၊ ငါက ငါ့အဖေ စီစဉ်သလို နေရတဲ့ ခလေးဘဲ ဘာသိမလဲ။ လို့ ပြန်ပက်လိုက်တယ်။ ဒီလိုစီစဉ်တဲ့ အဖေကို ကျေးဇူးတင်ပြီး တန်ဖိုးထားပါတယ်။ ဒါပေမဲ့ အသိတခုက မွေးကထည်းကပါလာတာမှမဟုတ်တော့ အတွေ့ အကြုံရလာမှသာ သိရတာကို ပြောပြချင်လို့ပါ။
ဗုဒ္ဓလောင်းလျှာ သိဒ္ဓတ္ထ လည်း တက္ကဒွန်းတွေ ဆီမှာ တပြည့်ခံခဲ့ရတာပါဘဲ။ နောက်မှ အတွေးအ ခေါ်အရ ဖေါက်ထွက်ပြီး ဘုရားဖြစ်တယ်လို့ လေ့လာဘူးပါတယ်။ အခုပြောချင်တာက တပြည့်ခံဘူးတာ ထက် ဖေါက်ထွက်နိုင်တာက အရေးကြီးတာကို သိစေချင်လို့ပါ။ ဒါက အတွေးအခေါ်အရ တိုးတက်လာမှုရဲ့ အရေး ပါပုံကို ထောက်ပြချင်လို့ပါ။ အင်္ဂလိပ်စာသင်ဖူးတာနဲ့ အင်္ဂလိပ် ကိုလိုနီစံနစ်ကို မဆန့်ကျင်ရဘူးမှ မဟုတ် တာ။
မြန်မာပြည် သမိုင်းကို ပြန်ဆန်းစစ်ကြည့်ရင်တော့ ထုံးစံအတိုင်းဘဲ သမိုင်းတွေက အုပ်စိုးသူတွေ သူ့ဘက်ပင်းပြီးရေးထားကြတာတွေဘဲ။ ကျွန်တော်တို့က လူသာမာန်တွေ ဆိုတော့ ရေးထား၊ ပြောထားတာ ကိုဘဲ လေ့လာမှတ်သားပြီး အဟုတ်လို့ ထင်ကြတာက ဓမ္မာတာဘဲလေ။ အခုဆောင်းပါးက သမိုင်းကို ဒဲ့မြင်ပြီး အမှားအမှန်ကို ဆုံးဖြတ်ကျင့်သုံးနိုင်ဖို့ပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဒါဟာ နှောင်းလူတွေ ထပ်မမှားဖို့၊ အမှား တရားတွေကို ဆည်းကပ်မကိုးကွယ်မိဖို့ ရေးပြတာပါ။ အကျိုးကျေးဇူးရှိသလို ထိခိုက်နစ်နာမှုတွေလည်း ရှိနိုင်ပါ တယ်။ ရပ်တည်တဲ့ဘက်ပေါ် တည်ပြီးဖြစ်မှာပါ။
ဂဠုန်ဦးစောကို လူတွေ သိပြီး မုန်းကြပါတယ်။ မုန်းသင့်ပါတယ်။ ဒါပေမဲ့ ဂဠုန်ဆရာစံကို ကြိုးပေးတဲ့ သူကို သိပ်မသိကြသလို သိပ်မမုန်းကြဘူး။ ဂဠုန်ဆရာစံကို ကြိုးပေး သူကိုလည်း မုန်းသင့်တာပါဘဲ။ ထင်ထင် ရှားရှား ထားမုန်းသင့်ပါတယ်။ သူဘာသာ သမတဖြစ်ဖြစ် စင်္ကြာ ၀ဒေး မင်းဖြစ်ဖြစ်။ဒါပေမဲ့ အဲလိုမဖြစ် ဘူး ဆရာစံအရေးက ဘာမှ မဖြစ်သလိုလို ပြီးသွားတယ်။ သတ်သူက ရှောင်တိန်းသွားနိုင်တယ်။ တကယ်က အင်္ဂလိပ် အစိုးရ ဖြစ်ပေမဲ့၊ ကြိုးမိန့်ချသူကို ကျွန်တော်တို့ ဂဠုန်ဦးစောမုန်းသလို မုန်းသင့်တာဘဲ မဟုတ်လား။  ဘာဖြစ် လိုလဲ ဆိုတော့ အုပ်စိုးသူတွေက သိပ်ထင်ရှားအောင်မလုပ်ပေးခဲ့ လို့ဘဲ။ သူတို့ မလုပ်လည်း ကျွန်တော်တို့က လုပ်ရမှာဘဲ။ အမုန်းတရားကို ပွါးနေတာမဟုတ်ဘူး အမှန်တရားကို ဖေါ်ထုတ်ဖို့ပါ။
သူ့ခေတ်သူ့အခါတိုင်း သူရဲကောင်းတွေကို ဂုဏ်ပြုအပ်သလို၊ ဖေါက်ပြန်သူတွေကို လူထုက ရှုတ်ချကြ ပါတယ်။ ဒါပေမဲ့ မျက်နှာကြီးတဲ့သူတွေကိုတော့ မထိမတို့တတ်ကြပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ အကျိုးစီးပွါး ထိခိုက်မှာ စိုးလို့ပါ။ ဒီတော့ သမိုင်းဟာ ကွေးနေတော့တာပေါ့။
ဗိုလ်အောင်ဆန်း အကြောင်းကို ပြန်ကြည့်ရင် သူ့ကို ပါတီက တရုတ်ပြည်သွားခိုင်းတယ် လို့ လေ့လာဘူးတယ်။  ဂျပန်စပိုင်တွေက သူ့ကို မိတော့ ဂျပန်ဘက် ပြောင်းသွားတယ် ဆိုဘဲ။ ဒါတွေက မြန်မာ ပြည်ကို မိအေးနှစ်ခါနာစေခဲ့တဲ့ အကြောင်းကြီး၊ မြန်မာပြည် ကို အင်္ဂလိပ်က ဖျက်သွား၊ ဂျပန်လာ၊ ဂျပန်က အထွက်မှာ ထပ်ဖျက်၊ ဒီတော့ တိုင်းပြည် ဖွတ်ဖွတ်ညက်ညက် ကျေခဲ့တာဘဲ။  ဒါပေမဲ့ မျက်နှာကြီးပြီး ကပ်စားနိုင်စရာ အကြောင်းတွေ ရှိတော့ သူ့ကိုဝိုင်းဖါးစားကြတယ်။
သူကလည်းနောက်တော့ ပါတီကို စုံကန်တော့တာဘဲ။ သူကလည်း သူ့အကွက်နဲ့ သူ၊ အင်္ဂလိပ်က လည်း သူ့အကွက်နဲ့ သူဆိုတော့ ၊ အဆုံးမှာ သူခံလိုက်ရတယ်။ သင်းကွဲမျောက်လိုဖြစ်ခဲ့တယ်။   ဒါဟာ အင်မ တန် တန်ဖိုးကြီးတဲ့ သင်ခန်းစာပါ။
ဒီနေရာမှာ ဆရာတော်ဦးဥတ္တမ အကြောင်းကို ချန်ထားလို့ မရပါဘူး။ သူဟာ မြန်မာပြည်သမိုင်းမှာ အထင် ကရ ဆရာတော်တပါးပါ။ သူကဂျပန် လိုလားသူ ဖြစ်ပါတယ်။ ဒါကြောင့်ဘဲ အင်္ဂလိပ်ပြန်ဝင်လာတော့ သူဟာ ပစားပေးမခံရတော့ပါဘူး။ ဒါပေမဲ့ ဆရာတော်က ဗိုလ်အောင်ဆန်းလို အင်္ဂလိပ် အောက် မကြို့ပါဘူး။ သူဘာသာ ငတ်ငတ်ပြတ်ပြတ်နဲ့ နေရင်း လမ်းဘေးမှာ ပျံလွန်ရရှာတယ်။ ကျွန်တော် ပြောချင်တာ ဆရာတော် ဟာ သူယုံကြည်ချက်အတိုင်း ဘက်မပြောင်း အခိုင်အမာ ရပ်တည်ရင်း သူ့ဘ၀ပေးဆပ်တာကို အလေးအနက် ဂုဏ်ပြုရမှာပါ။ မူမဲ့ ပန်းပြားပင်လို လေယူရာယိမ်းတဲ့ လူမဟုတ်တော့ ယုံကြည်အားကိုးထိုက်တဲ့ ဆရာတော်ဖြစ် တယ်။ သူ့ရဲ စိတ်ဓါတ်ကို စံယူရမယ်။  လမ်းစဉ် အမှား အမှန်က နောက်တကိစ္စ။
ခုတော့ ဗိုလ်အောင်ဆန်းကို တရုတ်ပြည်ကိုသွားခိုင်းတာ ဂျပန်ပြည်သွားသလို - ဒေါ်စုကလည်း ဒီမိုကရေစီဆီ သွားခိုင်း တာ စစ်အာဏာရှင်တွေ ဘက်သွား လိုက်တော့ ဒီမိုကရေစီရေးက သောင်ခုံပေါ် ရောက်နေတဲ့ ငါးလိုဖြစ်နေတာ မြင်လို့မှ မကောင်းတော့ဘူး။
ကျွန်တော်တို့ သမိုင်းကို ရဲရဲ ကြည့်ပြီး ရဲရဲ မြင်ဖို့လိုပါတယ်။
ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ကြ။
စစ်အာဏာကို တိုက်ဖျက်ကြ။
ဦးအေးဆောင်
သြဂုတ် ၂၂၊ ၂၀၁၉။





Tuesday, August 20, 2019

တော်လှန်ရေး အဆင့်သစ်


တော်လှန်ရေး အဆင့်သစ်

သြဂုတ်လ ၁၅ ရက်နေ့ AA, TNLA နဲ့  MNDAA တို့ နောင်ချိုဘက် တိုက်ပွဲဟာ မြန်မာပြည်က တော်လှန်ရေး အဆင့်သစ် တခုကို လက်တွေ့ ဖေါ်ပြလိုက်တာဖြစ်တယ်။ တပ်ပေါင်းစု အသွင်ကို သရုပ်ဖေါ် တာလည်းဖြစ်တယ်။
ရက်ပိုင်းအတွင်းက UNFC ဖျက်သိမ်းပြီး နောက်ပိုင်းမှာ လက်တွေ့ကျတဲ့ ညီနောင်သုံးဖွဲ့ ပေါ်လာ တာဖြစ်လို့ တပ်ပေါင်းစု စိတ်ဓါတ်ဟာ မြန်မာပြည်မှာ ရှင်သန်နေတုန်းဘဲဆိုတာကို ထင်ရှားတဲ့ သက်သေပြ လိုက်တာလည်းဖြစ်တယ်။ တပ်ပေါင်းစုတွေ ဖြစ်လိုက် ပျက်လိုက် ဖြစ်တာက မဆန်းဘူး။ ဒါပေမဲ့ ညီနှောင် သုံးဖွဲ့က လက်တွေ့ တိုက်ပွဲဝင် တဲ့ တပ်ပေါင်းစု ဖြစ်လို့ ဆန်းတယ်။ အထူးသဖြင့် တပ်ပေါင်းစု ဆိုတာကို မှီစားဖို့ အမြတ်ထုတ်ဖို့လောက်နဲ့ ရည်မှန်းပြီး စုစည်းကြတာကို အများအားဖြင့်တွေ့ခဲ့ရတယ်။ တကယ်လက် တွေ့ တိုက်ပွဲဝင်တဲ့ တပ်ပေါင်းစု ဆိုတာ တန်ဖိုးထားအပ်တဲ့ အရာဘဲ။
အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုတွေရဲ့ နယ်မြေစွဲ လူမျိုးစွဲမှုကို ကျော်လွန်ပြီး  အဖိနှိပ်ခံ ညီညွတ်ရေး စိတ်ဓါတ်နဲ့ တိုက်ပွဲဝင်ကြတာကို အသိအမှတ်ပြုဖို့လိုအပ်ပါတယ်။ နယ်မြေစွဲလူမျိုးစွဲ ဘယ်လောက် ပြင်းတယ် ဆိုတာ တော်လှန်ရေးနဲ့ အကျွမ်းဝင်သူတွေ သိကြမှာပါ။ အခုတော့ ညီနောင်သုံး ဖွဲ့ဟာ ဒီဥခွံကို ဖေါက်ထွက်ပြီး ရှင်သန်ကြီးထွားလာကြပါပြီ။ ဒါဟာခရီး တသောင်းရဲ့ ကောင်းမွန်တဲ့ ပထမ ခြေလှမ်းဖြစ်ပါတယ်။
လက်နက်တိုက်ပွဲလမ်းစဉ် က မြန်မာပြည်မှာ မတရားဖိနှိပ်မှုဆန့်ကျင်ရေး အတွက် ပေါ်နေခဲ့တာကြာ ပါပြီ။ ဆရာစံခေတ်က ဘဲ ဆိုပါစို့။ လက်နက်ကိုင်တိုက်ပွဲတွေ ဘာကြောင့် ပေါ်လာရသလဲ ဆိုတာကို အုပ်စိုးသူ တွေက ဖုံးဖိပြီး သေးသိမ်အောင်လုပ် ပစ်လေ့ရှိကြတယ်။ တော်လှန်ရေးဟာ ဆာလောင်တဲ့ ၀မ်းဗိုက်ထဲက ပေါ်လာတယ် ဆိုတာကို သူတို့ မျက်ကွယ်ပြုထားကြတယ်။
ပါးစပ်နဲ့ ပြောလို့ မရတဲ့ အခါမှာ သေနတ်နဲ့ ပြောရတာက လူသမိုင်းမှာ တားမရတဲ့ ဖြစ်စဉ်ဘဲ။ တပ်ပေါင်းစု စိတ်ဓါတ်က မြန်မာပြည်မှာ လိုကိုလိုတယ်။ဘာဖြစ်လို့လဲ ဆိုတော့ လူမျိုးများသလို၊ သဘောတရား တွေလည်းများတယ်။ ဒါပေမဲ့ တပ်ပေါင်းစု သဘောထား၊ ဘုံသဘောထားကို လက်တွေ့ လုပ်ဆောင်နိုင်တဲ့ ခေါင်းဆောင်တွေ ရှားတယ်။
အဖိနှိပ်ခံ ညီညွတ်ရေး စိတ်ဓါတ်ဟာ ဒီနေ့ မြင့်မြင့်မားမား စိုက်ထူရမည့် စိတ်ဓါတ်ဖြစ်သလို၊ လက်တွေ့ တိုက်ပွဲမှာ စွဲကိုင်ရမည့် သဘောထားလည်း ဖြစ်ရမယ်။ မြန်မာပြည်ပြည်သူလုထု ဟာ စစ်အာဏာရှင်ကို  တိုက်ရင် နိုင်နိုင်တယ် ဆိုကို ကမ္ဘာမှာ သက်သေပြရမည့် ခွင်လည်းဖြစ်နေတယ်။
ပျက်ခဲ့ တပ်ပေါင်းစုတွေက ဘုံရန်သူတိုက်ဖျက်ရေး အမြင် ထက် ကိုယ်ကျိုးရှာ အမြင်တွေ၊ လူလည်ကျ အမြတ်ထုတ်တဲ့ အမြင်တွေ၊ ရန်သူနဲ့ ပေါင်းပြီး ကိုယ် ဖိနှိပ်ခံ အချင်းချင်း အပေါ် သစ္စာဖေါက်တဲ့ အမြင်တွေ ကြောင့် တပ်ပေါင်းစုတွေ ပျက်ရတာဘဲ။ နယ်မြေနဲ့ လူမျိုး အကန့်အသတ်တွေက အခုလို ကမ္ဘာပတ် စံနစ် (Globalization) ခေတ်မှာ သုံးစားလို့ မရတော့သလို ကိုယ့်ကိုယ်ကို ချုပ်နှောင်ထား ရာကျ ခဲ့ကြတယ်။ ဒီတော့ ခေတ်နဲ့ မလျှော်ညီတဲ့ စုဖွဲ့မှုတွေဟာ ပျက် သွားကြရတာဖြစ်တယ်။
အခုတော့ နောက်တက် ခေါင်းဆောင်သစ်တွေဟာ ခေတ်မီတိုးတက်တဲ့ တော်လှန်ရေး အမြင်နဲ့၊ မတရားတဲ့၊ သဘာဝမကျတဲ့ ဖိနှိပ်မှုတွေကို အများတကာအများစုကြီး အတွက်လုပ်ဆောင်နိုင်ကြရပါ မယ်။ ဖိနှိပ်မှုကို တွန်းလှန်တာတရားတယ်။ တယောက်အားနဲ့ ယူသော်မရ တသောင်းအားနဲ့ ယူသော်ရ၏ ဆိုတဲ့ စကားတိုင်း ပြည်တင်းလျှင် ဘယ်မင်းမှ  ခံနိုင်မည်မဟုတ်ပါ။
ဒီနေ့ မြန်မာပြည်ရဲ့ တော်လှန်ရေးတာဝန်က စစ်အာဏာရှင်စံနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး ဖြစ်ပါတယ်။ တခြားအရာတွေက တော်လှန်ရေးလမ်းကြောင်းကိုေ၀၀ါးစေရန်သာဖြစ်ပါတယ်။
အဖိနှိပ်ခံတို့ ညီညွတ်ကြ။
ဘုံရန်သူစစ်အာဏာကို တိုက်ဖျက်။
တော်လှန်ရေး မုချအောင်ရမယ်။
ဦးအေးဆောင်
သြဂုတ် ၂၀။ ၂၀၁၉။


မြန်မာပြည်ပြဿနာ


မြန်မာပြည်ပြဿနာ

ဗြိတိသျှက မြန်မာပြည်ကို လွတ်လပ်ရေး ပေးလိုက်တဲ့ နောက် မြန်မာပြည်ဟာ ဓနရှင် ဒီမိုက်ရေစီ စံနစ်နဲ့ မျှောလိုက်ခဲ့ပါတယ်။ လွတ်လပ်ရေး ရခါစ ခေတ်နာက်ကျ တဲ့ နိုင်ငံတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အတိုင်း စစ်ဗိုလ်ချုပ်တွေက ရွေးကောက်ခံ အရပ်သား အစိုးရတွေဆီက အာဏာသိမ်းသလို ဗိုလ်နေ၀င်းကလည်း ဦးနု ဆီက အာဏာသိမ်းလိုက်ပါတယ်။ ၁၉၆၂ ခုက။ ဒီမှာဘဲ ဓနရှင် ဒီမိုကရေစီ စံနစ်က မြန်မာပြည်မှာ ရပ်ဆိုင်းသွားပြီး စစ်တပ်အာဏာနဲ့ ဗိုလ်ချုပ်တွေ မင်းမူ နေခဲ့တာ အခုထိဘဲ။ နံမည်တွေ ပုံစံတွေ အမျိုးမျိုး ပြောင်းပေမဲ့ အနှစ်သာရက စစ်အာဏာက စစ်အာဏာပါဘဲ။အပြော့ အပျင်းသာကွာတယ်။ ပုံစံသာကွာတယ်။
မြန်မာပြည်မှာ ပြည်တွင်းစစ်ပွဲတွေ တွေ ဓနရှင် အစိုးရခေတ်မှာရှိခဲ့တယ်။ နိုင်ငံရေး အယူအဆ စစ်ပွဲ လက်ဝဲလက်ျာတိုက်ပွဲ နဲ့ လူမျိုးရေးတိုက်ပွဲလို့ အကြမ်းပျဉ်း ဆိုကြပါစို့။ စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း စစ်အာဏာရှင်စံနစ် ဆန့်ကျင်ရေးတိုက်ပွဲဖြစ်လာတယ်။ အရင်တုန်းကလို အယူအဆတိုက်ပွဲ၊ လူမျိုးရေး တိုက်ပွဲလည်းမဟုတ်တော့ဘူး။ အာဏာကို လက်ဝါးကြီးအုပ်ထားတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ အာဏာ ကို ဆန့်ကျင်တိုက်ခိုက်ကြတာပါ။ လူမျိုးတွေ နယ်မြေတွေ အဓိက မကျတော့ဘဲ စစ်အာဏာ ဖြိုချရေး ကိုဘဲ ဦးတည်လာကြပါတယ်။ စစ်အာဏာကို ကျားကန်ပေးသူနဲ့ စစ်အာဏာကို ဆန့်ကျင်သူဘဲ ရှိပါတယ်။ လူမျိုးစုတွေ အထဲမှာ ဒီလိုအစုတွေကွဲသွားပါပြီ၊ အဖိနှိပ်ခံဘက်လား၊ ဖိနှိပ်သူဘက်လားဆိုပြီးကွဲပါပြီ။
ဓနရှင် ဒီမိုကရေစီခေတ်က တိုင်းပြည်အခြေအနေက စုစည်းတိုးတက်တော့မလိုဖြစ်ခဲ့ ပြီးမှ စစ်အာဏာ သိမ်း လိုက်လို့ တိုင်းပြည်ကမောက်ကမ ဖြစ်ခဲ့ရတာ၊ အရင်က ဒီမိုကရေစီ (ဓနရှင်) ဆိတ်သုန်းသွားခြင်းကြောင့် ဆိုတာ ထင်ရှားပါတယ်။ ဒီတော့ ရှိရင်းစွဲ ဒီမိုကရေစီ ရရှိအောင်လုပ်ရမှာပါ။ ဦးနုခေတ် ဒီမိုကရေစီ လောက်တော့ မဖြစ်တော့နိုင်တော့ ဘူး။ သူ့ဒီမိုကရေစီက ကွန်မြူနစ် ဆန့်ကျင်ရေး ဒီမိုကရေစီ ဖြစ်ခဲ့ လို့။ ပြည့်ဝတဲ့ အရင်းရှင် ဒီမိုကရေစီ လုပ်ဖို့လိုတယ်။ ပါတီတွေ၊လူမှု အဖွဲ့အစည်း လွတ်လွတ်လပ်ထောင်နိုင်ရမယ်။ နိုင်ငံရေးအရလုံးဝလွတ် လပ်ရမယ်။ သတင်းမီဒီယာတွေ လွတ်လပ်ရမယ်။ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲရှိ ရမယ်။ အစိုးရကို လူထုကရွေးကောက်ပြီး၊ လူထုအစိုးရ အုပ်ချုပ်ရမယ်။ တရားဥပဒေမဏ္ဍိုင် အခိုင်အမာ ရှိရမယ်။ ဆိုလိုတာ က ပြည့်ဝတဲ့ ပါတီစုံ အရင်းရှင် ဒီမိုကရေစီကို ဆိုလိုတာဘဲ။
ဒီလိုမျိုး ဒီမိုကရေစီ နဲ့မှ လူမျိုးစုံ၊ အရောင်စုံတဲ့ မြန်မာနိုင်ငံဟာ ညီညွတ်လာနိုင်မယ်။ ဒီတော့ စစ်အာ ဏာ ကို တိုက်ဖျက်တဲ့ ဒီမိုကရေစီရေး ဟာ ပထမဆုံးလိုအပ်ချက်ဖြစ်တယ်။ စစ်အာဏာက ဒီဒီမိုကရေစီ ရေးကို အမျိုးမျိုးနှောက်ယှက် ဟန့်တားမှာဖြစ်လို့ “စစ်အာဏာကို တို့ဖျက်တဲ့” ဆိုတဲ့ ၀ိသေသန ပုဒ်ကို ထည့်ထားရ တာဘဲ။
ဒီမိုကရေစီရေး ပြီးမှ ပြည်သူလူထုတွေရဲ့ လွတ်လပ်တဲ့ ဆန္ဒနဲ့ အညီ ပေါ်လာတဲ့ ခေါင်းဆောင် ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းပြီး ညီညွတ်ရေးကို တည်ဆောင်ကြရမှာပါ။ လွတ်လပ်တဲ့၊ မျှတတဲ့ ရွေး ကောက်ပွဲ က တင်မြှောက် လိုက်တဲ့ ကိုယ်စားလှယ်တွေဖြစ်တာကြောင့် လူထုရဲ့ ယုံကြည်မှုကို ကိုယ်စားပြု နိုင်လို့ ညီညွတ်ရေးကို တည်ဆောက်နိုင်ပါလိမ့်မယ်။ ဒါကြောင့် ဒီမိုကရေစီရေး ပြီးမှ ညီညွတ်ရေးကို တည်ဆောက်လို့ ရနိုင်မှာပါ။ ဒီမိုကရေစီ မရှိဘဲ လူထုကိုယ်စားလှယ် မဟုတ်ဘဲ ညီညွတ်ရေး တည် ဆောက်လို့ရနိုင်မှာ မဟုတ်ပါ။ ဒီနေ့ ဖြစ်ပျက်နေတာတွေဟာ စစ်အာဏာရဲ့လက်ကြားယို ဒီမိုကရေစီ ကြောင့်သာ ဖြစ်နေကြတာပါဘဲ။
လူထုကိုယ်စားလှယ် တွေနဲ့ ဖွဲ့ထားတဲ့ အစိုးရကသာ တိုင်းပြည် အေးချမ်းသာယာရေး ၊ ဖွံ့ဖြိုးရေး တို့ကို လူထုကိုယ်စားလုပ်နိုင်မှာဖြစ်သလို လူထုရဲ့ ယုံကြည်မှု၊အားကိုးပါဝင်ပူးပေါင်းမှုတို့နဲ့ တိုင်းပြည်တိုး တက်ရေးကို အမှန်တကယ် ရှေ့ရှုနိုင်ပါလိမ့်မယ်။  ဒါကြောင့် ထားရမည့်ရည်မှန်းချက်မှာ “ဒီမိုကရေစီရေး၊ ညီညွတ်ရေး၊ ငြိမ်းချမ်းရေး” ဖြစ်ပါတယ်။
ဒါကို မလုပ်ဘဲ ငြိမ်းချမ်းရေးအရင်၊ ညီညွတ်ရေး အရင် ဆိုပြီး လုပ်နေရင်တော့ အမြီးနဲ့ ခေါင်း မှားတပ်နေသလို  ဘာ ပုံမှ မယ်မယ်ရရပေါ်လာစရာရှိမှာ မဟုတ်တာကို သတိချပ်စေချင်ပါတယ်။ ဒီနေ့ လိုအပ် ချက်က ဒီမိုကရေစီရေး၊ စစ်အာဏာဖြိုချရေး၊ ဒီတာဝန်ကိုပြီးမှ သာ တခြားအရာတွေကို မျှော်လင့်နိုင် ပါတယ်။ လူမျိုးတိုင်း အစုတိုင်းမှာ ဒီနေ့ကွဲနေတာက ဒီမိုကရေစီရေး မရှိသေးတော့ ညှိမရ၊ မညီညွတ်၊ မငြိမ်းချမ်း ဖြစ်နေတာဘဲ။ တဆင့်ချင်းအခိုင်အမာ လုပ်ရမှာမသိရင်  အမောနဲ့ ဆုံးရှုံးမှုသာ အဖတ်တင် နိုင်ပါတယ်။
ဘုံရန်သူစစ်အာဏာရှင် စံနစ် တိုက်ဖျက်ရေးမူပေါ်မှာ စုစည်းကြ။
အချောင်သမားဝါဒကို ဆန့်ကျင်ကြ။
တော်လှန်ရေး မုချအောင်ရမယ်။
ဦးအေးဆောင်
သြဂုတ် ၁၉၊၂၀၁၉။



Wednesday, May 1, 2019

လူဘယ်နှစ်မျိုးရှိလဲ။


လူဘယ်နှစ်မျိုးရှိလဲ။

သင်တန်းပေးရတဲ့ အချိန်တွေမှာ သင်တန်းသားတွေကို “ လူဘယ်နှစ်မျိုးရှိလဲ” ဆိုတဲ့ မေးခွန်း ကိုမေး ကြည့် လေ့ရှိပါတယ်။ သူတို့က လူတန်းစားလေးမျိုးတို့၊ ခွနနှှ်စ်ရက်သားသမီးကြောင့် ခွန်နှစ်မျိုးတို့။ ၁၃၆ မျိုးတို့ ။ ဖိနှိပ်သူနဲ့ ဖိနှိပ်ခံတို့  စုံနေအောင်ဖြေကြပါတယ်။
ကျွန်တော်ပြောချင်တာ က လူဆိုတာကသုံးမျိုးပါဘဲ - ကိုယ်ကို ထိမှ သိတဲ့လူရယ်၊ သူများကို ထိက ထည်းက သိတဲ့ သူရယ်။  သူများကိုထိလည်းမသိ၊ ကိုယ့်ကိုထိလည်း မသိတဲ့ သူရယ်လို သုံးမျိုးပါဘဲ။ ကိုယ် ကိုထိမှ သိတဲ့ လူတွေက များပါတယ်။ သူတို့ကို ထိတဲ့ အချိန်မှာ သူတို့ဟာ ကြိုတင် ကာကွယ် ရမှန်း မသိထားတော့ ရောဂါ ဖြစ်ဖြစ်၊ ရန်သူဖြစ်ဖြစ် က လက်ဦးမှုရယူတာခံလိုက်ရတော့ ရောဂါကျွမ်းတာ၊ အခြေမှုန်း ခံရတာ များပါတယ်။ ဒီတော့ကိုယ့်ကို ထိမှသိရတော့ သိရတဲ့ အသိက နောက်ကျအ သိဖြစ်သွား ပါတယ်။ သူတပါးရဲ့ သားကောင်ဘ၀နဲ့  အဆုံးသတ်ရတာများပါတယ်။ တတိယ အမျိုးအစားကတော့ ဘာမှကို ဆန်းစစ် ဝေဖန်တာ လုပ်မနေဘဲ ဖြစ်သ မျှအကြောင်း ကံအပေါ်ပုံချရင်း ဒုက္ခဆင်းရဲခြင်း သံသရာမှာ လည်နေတဲ့ သူတွေပါဘဲ။ ပျော်ပျော်သာနေ ကိုယ်လူရေ ဆိုတဲ့သူတွေပေါ့။သူတို့မှာ ဘ၀ရဲ့ရည် မှန်းချက်လည်း မယ်မယ်ရရ မရှိ တတ်ပါဘူး။ သိုးတွေလိုဘဲ သားသတ်ရုံကို ရှေ့ကသိုးအတိုင်း ဆက် လိုက်သွားတတ်ကြပါတယ်။  သူတို့တ တွေဟာ တခါတလေ အခြေအနေအရ အဆင်ပြေသလိုရှိနေတတ်ပေမဲ့ ရေရည်မှာ ဘ၀က လုံးပါးပါးစရာ သာရှိ ပါတယ်။
ဒုတိယအမျိုးအစားက ကိုယ့်ကို မထိခင်ကထည်းက သိတဲ့ လူပါ။ - ကိုယ်ကို မထိခင် သူများတွေ ထိခိုက်ခံစားနေရတာကို သိရှိအောင် လေ့လာအကဲခတ်ထားတဲ့လူတွေပါ။ ရောဂါ ဘယဘဲဖြစ်ဖြစ်၊ ကာဒ် ဘေးဘဲ ဖြစ်ဖြစ်၊ စစ်ဘေးဘဲ ဖြစ်ဖြစ်၊ ကိုယ့်နေရာမှာ မဟုတ်ဘဲ တခြားတနေရာ မှာ ဖြစ်နေပေမဲ့ လေ့လာရင်း ကြိုတင်ကာကွယ် တတ်တဲ့ လူမျိုးပါဘဲ။ ဒီလိုမျိုးကြိုတင် သိရှိအောင်လည်း လေ့လာဆည်းဗူး ထားကြပါတယ်။ ဒါတွေက မိဘတွေ၊ ကျောင်းပညာရေးတွေက အထောက်အကူပြုပါတယ်။
ဒီနေရာမှာ”လေ့လာရေး” ဆိုတာကို ပေါ့ပေါ့ပါပါး တော့ မထင်စေချင်ပါဘူး။ လေ့လာရေးနဲ့ ပတ်သက် တဲ့ဆောင်းပါး ကို ဥက္ကဌ မော်ကလည်းရေးသားဘူးပါတယ်။သူများတွေ ဖြစ်တာတွေကို ကြိုတင်လေ့လာထာမှ ကိုယ်အလှည့်အရောက်မှာ သက်လုံကောင်းစေမှာဖြစ်ပါတယ်။ ဒီတော့ သူများ၊ကိုယ်ပတ်ဝန်းကျင်၊ ကိုယ့်ဒေသ၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်ကမ္ဘာစသည့်ဖြင့် ကျယ်သလောက်ကျယ်ကျယ်လေ့လာနိုင်ရင်တော့အကောင်းဆုံးပေါ့။ ဒါကြောင့်ဘဲ အန္တရာယ်ကို ကြိုကာကွယ် နိုင်ဖို့ လေ့လာရေးကို မပျင်းမရိ လုပ်သင့်ပါတယ်။
ကြိုတင်သိမြင်ခြင်းဟာ အန္တာရာယ်ကို ရှောင်လွှဲနိုင်သလို၊ ကြုံရရင်လည်း ခံသာမည့်နည်းလမ်းကို သိထားနိုင်ပါတယ်။ သူတပါးထိပြီဆိုတာကို သိရင် ဘယ်လိုကိုယ်ဆီ ရောက်လာနိုင်လည်း ဆိုတာ စဉ်းစားနိုင် ပါတယ်။ အခုလို ကမ္ဘာပတ် အရင်းရှင်ခေတ်မှာ ကမ္ဘာဒေါင့်တနေရာက အဖြစ်အပျက်ဟာ တခြားတဒေါင့် တနေရာကို ကူးစက်ဖို့ မြန်ဆန်နေတော့ ကိုယ်အဖြစ်လောက်သာ စိတ်ဝင်စားနေရင် တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ အောက်မှာ အဖြေရှာမရဖြစ်ပြီး သားကောင်ဘ၀ရောက်နေ မှာပါဘဲ။ လေ့လာရေး ကသာ လိုချင်တဲ့ အဖြေကို အထောကါအကူပြုပေးပါလိမ့်မယ်။
ဒီတော့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ဆိုရင် သူတပါးအကြောင်းအရာတွေကို မသိကျိုးကျွန်ပြု မထားဘဲ ကိုယ်နဲ့ ဘယ်လို ပတ်သက်လာပြီး ဂယက်ရိုက်နိုင်တယ်ဆိုတာ လေ့လာထားရပါတော့မယ်။
အခုလို အင်အားကြီးတဲ့ လက်နက်တွေ၊ ကျယ်ပြန့်တဲ့ဆက်သွယ်ရေးစံနစ်တွေ၊ မြန်မြန်ဆန်ဆန် တိုး တက်နေတဲ့ အကောင်း အဆိုး နည်းပညာတွေ ထွန်ကားနေတဲ့ ၂၁ ရာစုမှာ တကိုယ်တော်၊ အထည်း ကျန်ကျင့်ကြံလို့ မရတော့ဘူး။ ဒီတော့ သူတကာတွေ ဘယ်လို ဖွံ့ဖြိုးတိုးတက်လာကြသလဲ။ ဘယ်ပုံဘယ် နည်းကျိုးပမ်းကြသလဲ။ ဘယ်လောက် ကြီးကြီးမားမားပေါင်းစည်းလုပ်ကြသလဲဆိုတာကို ကျွန်တော်တို့ မျက်စေ့နဲ့ နား တွေ အစွမ်းကုန်ဖွင့်ပြီး လေ့လာဆည်းဗူးမှ အုပ်ချုပ်ရေးစံနစ် ပျက်စီးနေတဲ့  ခေတ်နောက်ကျ ကျန်ရစ်နေတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေ ဘ၀ကို လူတလုံး သူတလုံး အဖြစ် ရပ်တည်နိုင်ကြမယ်လို့ ကျွန်တော် အကြုံပြု လိုက်ပါတယ်။
အများအကျိုး သယ်ပိုးကြ။
တော်လှန်ရေးထက် မြင့်မြတ်သည့် အရာသည်မရှိ။
ဦးအေးဆောင်
မေ -၂။ ၂၀၁၉။

Tuesday, April 30, 2019

မအလတပ်တို့ အကြမ်းဖက်ရေးကို ဦးတည်ပြီ။


မအလတပ်တို့ အကြမ်းဖက်ရေးကို ဦးတည်ပြီ။

ဧပြီလ ၃၀ ရက်နေ့ မအလတပ်ရဲ့ ထုတ်ပြန်ချက်က အပစ်ရပ်ကလကို ၂ လတိုးပြီး အရင်အတိုင်း စစ်တိုင်း ၅ တိုင်းမှာသာ အပစ်ရပ်ခါ ရခိုင်ပြည်နယ် ရှိတဲ့ အနောက်ပိုင်းတိုင်းကို ချန်လှပ်မြဲ ချန်လှပ် ထားပါတယ်။ ဒါက တနိုင်ငံလုံး အပစ်ရပ်ရေး သဘောထား မရှိတာကို ဗြောင်ကျကျ ဖေါ်ပြပါတယ်။
ငြိမ်းချမ်းရေးစကားလုံးတွေသုံးနေပေမဲ့ မအလတပ်က  “ချေမှုန်းရေး” ကိုဘဲရွေးနေတာသိသာပါတယ်။ အခုတော့ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ကလည်း သူထိကိုယ်မခံ၊ ကိုယ်ထိသူမခံ သဘောထား တွေထုတ် ဖေါ်ထားတော့ ငြိမ်းချမ်းရေး မပြောနဲ့ အပစ်ရပ်ရေးတောင် မျှော်လင့် နိုင်စရာမရှိတော့ပါ။ ပိုမိုပြင်းထန်တဲ့ လက်နက်ကိုင် ပဋိပက္ခတွေဆီ ဦးတည်နေပြီဖြစ်ပါတယ်။
မအလရဲ့ အကြမ်းဖက်လမ်းစဉ်က တိုင်းရင်းသားတွေရဲ့ ညီညွတ်ရေး သဘောထားကို စိန်ခေါ်စမ်းသပ် လိုက် တာဖြစ်ပါတယ်။ ပြီးခဲ့ သမိုင်းတလျှောက်မှာ ကိုယ်ကျိုးကြည့် ၀ါဒ နဲ့သာ စခန်းသွားနေခဲ့ တဲ့ တော် လှန်ရေး တိုင်းရင်းသားတွေအနေနဲ့ ယခုအခါမှာ သိပ်စည်းကျစ်လစ်ပြီး အမြင်ကျယ်ကျယ်နဲ့ ဘုံရန်သူ စစ်အာ ဏာတိုက်ဖျက်ရေးကို ဦးတည်ရတော့မှာဖြစ်ပါတယ်။
ဒါဟာ နိုင်ငံရေး အဆင့်သစ်တခုကို တက်လှမ်းဖို့ အခြေအနေက ဖန်တီးလာတာပါ။ အေအေ ကိုသီးသန့်ချန်လှပ် တိုက်ခိုက် ပြီးရင် တခြားအဖွဲ့တွေကိုလည်း ထိုနည်းအတိုင်း တိုက်ခိုက်မှာကို လွယ်လွယ် ကောက်ချက်ချ ရနိုင်ပါတယ်။ ဒီတော့ ငါ့အလှဲ့ မဟုတ်ရင် ပြီးရော ဆိုတဲ့သဘောထားက အားလုံး ပျက် သုန်းရေးကို ဦးတည်နိုင်တာကြောင့် စုပေါင်းရပ်ခံရှင်သန်လား၊ သီးခြားဖြိုခွဲခံမလား ဆိုတဲ့ မေးခွန်းကို တော်လှန်သော လူမျိုးစုတွေ အနေနဲ့ လက်တွေ့ ဖြေဆို ပြသရတော့မှာဖြစ်ပါတယ်။ အဖိနှိပ်ခံ ညီညွတ်ရေးနဲ့ ဘုံရန်သူဝိုင်းတိုက်ရေး စိတ်ဓါတ်ကို မွေးရပါလိမ့်မယ်။  
ဖိနှိပ်သူ မအလ ခေါင်းမာဂိုဏ်းဟာ လက်တဆုတ်စာသာရှိပြီး အဖိနှိပ်ခံ လူမျိုးစု အပါအ၀င် ပြည်သူ တွေက ဧရာမအများစုကြီးဖြစ်ပါတယ်။ မအလတပ်ဟာ လူထုချဉ်ဖတ်ဖြစ်နေသလို နိုင်ငံရေးအရ အထည်းကျန် အ၀ိုင်းခံနေရတာပါ။
နိုင်ငံရေးအရ ဖြေရှင်းနိုင်ခဲ့ရင် ပြဿနာဟာ ကြီးထွားစရာမရှိပေမဲ့ အခုတော့ အပ်နဲ့ထွင်းရ မည့်ပြ ဿနာက ပေါက်ဆိန်နဲ့ ပေါက်ရတဲ့ အဖြစ်ကို ရောက်တော့မှာပါ။ ဒါက အုပ်စိုးသူတွေရဲ့ ဖိနှိပ်မှုကြောင့် သာ ဖြစ်လို့ အုပ်စိုးသူတွေကို ပြောင်းလဲ ပစ်တဲ့ အလုပ်ဟာ မဖြစ်မနေစဉ်းစားရတော့ မည့် အချက်ဖြစ်တာကို သိရှိ စွဲမှတ်လုပ်ဆောင်ကြစေချင်ပါတယ်။
ငြိမ်းချမ်းရေး အတွက် တိုက်ပွဲဝင်ကြ။
လူထုအစိုးရ စစ်စစ်ပေါ်ထွန်းရမည်။
ဦးအေးဆောင်
မေ - ၁၊ ၂၀၁၉။