သိသလောက်ပြောပြရရင်။
၁၉၆၇ လောက်က ကမာရွတ်လှည်းတန်း ဆံသဆိုင်မှာ ဆံပင်
ညှပ်ဖို့ စောင့်နေရင်း မဂ္ဂဇင်းတခုထဲမှာ စာရေးဆရာကြီးရွှေဥဒေါင်းရဲ့ ဆောင်းပါး တခုကို
ဖတ်မိလိုက်တယ်။ သူရေး ထားတာက သူဟာ ဗုဒ္ဓအဘိဓမ္မာကို ထုံးလိုချေ ရေလိုနှောက်နိုင်သူဖြစ်တယ်၊
မာက်စ်ဝါဒကိုလည်း တဖက် ကမ်းခတ် သိမြင်သူဖြစ်တယ်လို့ ရေးထားပါတယ်။ စကားလုံး အတိအကျတော့
ဘယ်မှတ်မိ တော့မလဲ။ဒီဆ ရာကြီးက တော်တော်တော်တာဘဲလို့ အဘိ ဓမ္မာတွေကို စိတ်ဝင်တစားလေ့လာ
စပြုနေတဲ့ ကျွန်တော်က ထင်မိတယ်။ကျွန်တော်တို့က ကက်စထရိုတို့၊ ချီဂွေဗားရားတို့၊ ဂျူးလီးယက်
ဖူးချစ်တို့၊ ငုယင်ဗန် ထရှိုင်း တို့ကိုဘဲစိတ်ဝင်စားနေတယ်၊ သူ့အထ္တုပ္ပတ္တိက တက္ကသိုလ်မှာလည်း
သင်နေရတော့ သူ့အကြောင်းက ကျွန်တော်တို့ စိတ်ဝင်စားတဲ့ သူတွေစာရင်းထဲမှာ တော့မပါ ပါဘူး။
နောက်တော့
ဒီဆရာကြီးက မဆလရဲ့ “ လုပ်သားပြည်သူ့နေ့စဉ်”သတင်းစာမှာ ဗုဒ္ဓ၀ါဒရှု ဒေါင့် ဆိုပြီး ပင်တိုင်ဆောင်းပါးတွေရေးပါတော့တယ်။
ကြာတော့ စာဖတ်သူတွေက “ ဆရာကြီး - ဆရာကြီးစာတွေက ဗုဒ္ဓ၀ါဒနဲ့ လွှဲနေတယ်” လို့ ဆိုလာကြတော့
သူက ဗုဒ္ဓ၀ါဒ ရှုဒေါင့်ကနေ “ မေတ္တာဝါဒ ရှုဒေါင့်” လို့ပြောင်းလိုက်ရတယ်။ ဗုဒ္ဓ၀ါဒကို သူဘယ်လိုကျေ
သလဲတော့ ကျွန်တော်လည်း မသိတော့ ပါဘူး။ဒါမျိုးတွေကလည်း မြန်မာပြည်မှာ ဖြစ်တတ်တာလေးတွေပေါ့။
အခုကျွန်တော်ကတော့
သူလိုမပြောရဲပါဘူး။ ကျွန်တော်သိထားတာကလေးတွေကို ဖြန့်ဖြူး ရရင် တစုံတရာတော့ အကျိုးရှိနိုင်တယ်
လိုယူဆလို့ ဒီဆောင်းပါးကိုရေးဖြစ်တာပါ။ တော်လှန်ရေးကို လုပ်တော့ မယ်ဆိုတော့ ကိုယ်လုပ်မည့်ခွင်၊
တိုင်းပြည်မှာ ရှိတဲ့ လူတွေ ရဲ့ စဉ်းစားပုံစဉ်း စား နည်း တွေကိုလေ့လာ ရတော့တယ်။ သမိုင်းရေးရုပ်ဝါဒအရ
အတန်းအစား၊ အလွှာတွေကို မချဉ်းကပ်ဘဲ လက်ရှိလွှမ်းမိုးနေတဲ့ တရား၊ အတွေးအခေါ် ဟောင်းတွေကို
သိမြင်အောင်လေ့လာမိဖို့ခက်တယ်။ ကျွန်တော်ကိုယ်တိုင်က ဗုဒ္ဓဘာသာ မိသားစုမှာ မွေးဖွါးလာတော့
မူလဓါတ်ခံ ဗုဒ္ဓ၀ါဒအမြင်နဲ့ တိုးတက်လာတဲ့ မာက်စ်ဝါဒ အယူအဆတွေက ခေါင်းထဲမှာ တိုက်ပွဲစတော့တာပါဘဲ။
ကျွန်တော်ကျင်လည်ခဲ့တဲ့
ဗုဒ္ဓ၀ါဒအဆုံးးအမအောက်ကလူ့ အဖွဲ့အစည်းဟာ ကုသိုလ် အကု သိုလ်တွေ၊ အကျိုးအကြောင်းဆင်ခြင်မှုတွေ၊
အတုန့်အလှည့်ဝဋ်ကျွေးတွေနဲ့ ဖွဲစည်းရစ်ပတ်ထား တာ ကို သတိပြုမိတယ်။ ဒီအချက်က အကျိုးကျေဇူးတွေလည်းရှိခဲ့တာပါဘဲ။မာက်စ်ဝါဒဘက်
ကိုလေ့ လာမိတော့ ပုဂ္ဂလိက အကြောင်းအရာတွေက ယေဘုယျဖြစ်သွားခဲ့တယ်။ လူတယောက်ရဲ့ ဘ၀ဟာ လူအဖွဲ့
အစည်းကြီးထဲမှာ ရေချောင်းထဲကျတဲ့ မိုးရေစက်လောက်ဘဲ ဖြစ်နေတာကို သိသာစေတယ်။ စံနစ်ခေတ်ရဲ့
ယန္ဒယားကြီးအောက်မှာ ဘုရားတွေ၊ နတ်တွေ၊ ဘုရင်တွေ ပေါ်လာပေမဲ့ သူတို့ဟာ လူအဖွဲ့အစည်းရဲ့
တိုးတက် ဖြစ်ပေါ်လာတဲ့ ဒီရေလှိုင်းတံပိုးထဲမှာ အတိုက်အခိုက်ခံရ တယ်။ ကြေပြုန်းကြရတယ်။
ပိုမို သင့်လျှော်တဲ့ အရာတွေကို လူသားတွေက ရှာဖွေလာကြတာကို မြင်နေ ရတယ်။ ဗုဒ္ဓ၀ါဒက လူတဦးချင်းပေါ်တည်ပြီး၊
မက်စ်ဝါဒက လူအဖွဲ့အစည်းကြီးတခုလုံးကို ခြုံ သုံးသပ်နေတာကိုသိလိုက် ရတယ်။ဒါဟာ ရုပ်ဝါဒနဲ့
နာမ်ဝါဒတို့ရဲ့ ထင်ရှားတဲ့ ကွဲလွှဲချက်လို့ ထင် ပါတယ်။
လူတန်းစားတိုက်ပွဲတွေက
သူ့ခေတ်နဲ့ သူ ဖြစ်နေကြပေမဲ့ ဗုဒ္ဓဂေါတမက ဒါကို အထင်အရှား မဖေါ်ထုတ်ပါဘူး၊ ဒါဟာအေးချမ်းတဲ့
လောက တည်ဆောက်တယ်လို့ ဆိုနိုင်ပေမဲ့ တကယ် လက် တွေ့မှာတော့သက်ဦးဆံပိုင်ပဒေသရာဇ်လူတန်းစားနဲ့
မြေကျွန်တို့ရဲ့တိုက်ပွဲက ပျောက်သွားတာ တော့ မဟုတ်ပါဘူး၊မေတ္တာ၊ဂရုဏာတွေ၊ပါရမီတွေ၊၀တ္တရားတွေ၊
အရင်ဘ၀၊ ရှေ့ဘ၀တွေနဲ့ ဖြေသိမ့် ရင်း ဖိနှိပ်ခံ အတန်းအစားတွေဟာ သက်ဦးဆံပိုင်ပဒေသရာဇ်စံနစ်အောက်မှာ
ဆင်းရဲပင်ပန်းစွာဖြတ် သန်း နေခဲ့ရ သလို၊ ဘုရင်တွေရဲ့ နယ်ပယ်ချဲ့ထွင်မှု စစ်ပွဲတွေမှာ
ကိုယ်မင်းကိုယ့်ချင်းအမြင်တွေနဲ့ တိုက်ပွဲဝင် အသေခံခဲ့ကြရတာပါဘဲ။လူတန်းစားတိုက်ပွဲ
လက္ခဏာကိုလည်း ဗုဒ္ဓ၀ါဒက မပေးခဲ့ပါဘူး။ ဒါကြောင့်လည်း ဗုဒ္ဓ၀ါဒဟာ သက်ဦးဆံပိုင် မြေရှင်
ပဒေသရာဇ်ခေတ်မှာ ရှင်သန်ရပ် တည်နိုင်ခဲ့တာပါ။
နမ်ဝါဒက
စုစည်းပူးပေါင်းလုပ်လို့ မရတဲ့ ၀ါဒဖြစ်နေတယ်၊ ဆိုလိုတာက နိဗ္ဗာန်ကို အစုအဖွဲ့နဲ့ သွားလို့
မရဘူး။တဦးချင်း ကုသိုလ် အကုသိုလ်တွေနဲ့ ဆိုင်တော့ ဘယ်လိုမှ အစုလိုက်သ ဘော မဆောင်နိုင်ဘူး။
ဒါကလည်း ကျွန်တော်တို့တတွေ စုစည်းလုပ်ဆောင်ချင်တဲ့ အမြင်ကို အတော် ထိခိုက် ပါတယ်။ ဗုဒ္ဓ
လက်ထက်မှာ သံဃာအဖွဲ့အစည်း ဆိုတာရှိခဲ့ပေမဲ့ ရည်ရွယ်ချက်က သီခြား ကိုယ်စီဘ၀ လွတ် မြောက်ရေးကိုဘဲ
ဦးတည်ခဲ့ကြတယ်။တဦးကိုတဦးလည်းကယ်ဆယ်လို့ မရပါဘူး။ ဒီနေရာမှာ ဖန်ဆင်း ရှင်ကိုးကွယ်သူတွေကသူတို့ကိုသူတို့ဘုရားကကယ်တင်တယ်ဆိုတာကို ကောင်းတယ်လို့ ပြောချင် တာမဟုတ်ပါဘူး၊ သူတို့ကယ်တင်တယ်ဆိုတာလည်း
တမလွန်ဘ၀မှ ဆိုတော့ ယုတ္တိက မရှိ တော့ ပြန်ဘူး။ လက်တွေ့မကျပြန်ဘူး။
ဗုဒ္ဓ၀ါဒက
ဘ၀တွေဟာ သံသရာလည်နေတယ်လို့ ဟောတယ်၊ ဘ၀တွေက နိဗ္ဗာာန် မရောက်မချင်း သံသရာလည်နေတယ်လို့
ယူဆကြတယ်၊ ကရွတ်ကင်းလျှောက်သလို ဘဲလို့ ဆိုတယ်၊ ဘယ်ကိုမှ မရောက်ဘူး၊ မွေးလိုက်သေလိုက်နဲ့
ဒုက္ခသံသရာမှာ ကျင်လည်နေကြတာဘဲ လို့ယူ ဆတယ်။ ကောင်းစရာ အလားအလာမရှိဘူး၊ အဆိုးမြင်ဖြစ်တယ်။
နိဗ္ဗာန်ရောက်တာ မကောင်း ဘူးလား ဆိုတော့ နောင်ဘ၀ ဆိုတာကို အရင်ယုံမှဖြစ်မယ်။ ဒါကနာမ်ဝါးပါဘဲ။
ဒီမှာတင် ရွာစ လည်ပါတော့မယ်။
မာက်စ်ဝါဒက
လောက လူ့အဖွဲ့အစည်းကြီး ဟာ တဖြေးဖြေး ကြောင်လိမ်လှေခါးလို တက် သွားတယ်လိုယူဆတယ်။အထစ်အငေါ့တွေ
ရှိနေတတ်ပေမဲ့ လောကကြီးက ပိုပိုကောင်းလာတယ်လို့ ယူဆတယ်။ လူတဦးချင်းက မွေး လိုက် သေလိုက်
ဖြစ်နေကြပေမဲ့ လူ့လောကကြီးက ရှေ့ဆက်လည်ပတ်ပြီး တဖြေးဖြေး တိုးတက်နေတယ်။ ဒီနေ့လူတွေက
ကမ္ဘာကို ပတ်ပြီး ကြက်သား ကြော်ရောင်းနိုင်တယ်၊ တခြားဂြိုလ် ကိုသွားနိုင်တယ်။လူ့အစိပ်အပိုင်းတွေ
လဲလှယ်နိုင်တယ်။ အကောင်း နဲ့ အဆိုးဒွန်တွဲနေတာ ပါဘဲကွာ လို့ လျှောချပြောချင်ပြောလို့ရပေမဲ့လည်း
အကောင်းတွေပို များနေတာကို ငြင်းကွယ်လို့မရပါ။ ခင်ဗျား ဟာ ခင်ဗျားရဲ့ ဖုန်းဆက်ခတွေ
အရင်ကထက်သက် သာလာတာကို သတိမထားမိလို့ဘဲ ဖြစ်မှာပါ။ ဒီနေရာမှာ စကားစပ်မိလို့ ဘူးလက်
လှဆွေက သူတို့လက်ထက်မှာ ဖုန်းကိုင်နိုင်တာကို တိုးတက် လာတယ် ဆိုတာနဲ့လည်း မမှားစေချင်ဘူး။
မြန်မာပြည်မှာ ဒီကြံ့ဖွတ်တွေ၊ စစ်အာဏာ ရှင်တွေသာ မရှိခဲ့ရင် ဒီထက် ဆယ်ခါပြန်တိုးတက်နေမှာပါ။
သူတို့ကြောင့် သူများထက်နှစ်ဆယ်စုနှစ်ခုလောက် နောက်ကျပြီးမှ ဖုန်းသုံး ခွင့်ရတာ၊ဒါတောင်သူ
တို့ကတားမရတော့လို့၊ ဒါတောင် လိုင်းက မကောင်း သေးဘူး။ပိတ် ထားတာတွေလည်းရှိသေး၊ ဘေး ရာက်မှာ
စိုးလို့ မူလ ဆွေးနွေးချက်ကို ပြန် ဆက်ကြရအောင်။
ဆိုလိုတာက
လောကကြီးက ကြောင်လိမ်လှေခါးလို တိုးတက်ဖြစ်ပေါ်နေတယ်။ ဒီအမြင်က အင်မတန်အရေးကြီးပါတယ်။
လောကကြီးက မြဲတယ်လို့ ဆိုတာမဟုတ်ပေမဲ့ တိုးတက်နေ တယ် ဆိုတာကို အလေးအနက်သိစေချင်ပါတယ်။ဒါဟာ
အနုပဋိလောမတရား လည်းဖြစ်ပါတယ်။ မပြောင်း မလဲဘဲ သံသရာလည်နေတယ်ဆိုရင်တော့လူသားတွေကရုန်းကန်လှုပ်ရှားရတဲ့စိတ်ဓါတ်ခွန်အားတွေ လျှော့ကျကုန်နိုင်ပါတယ်၊ အနောက်နိုင်ငံကလူတွေ
တည်ထွင် ဆန်းသစ်ကြတာကို အား သန်ကြပေမဲ့ ကျွန်တော်တို့ မြန်မာပြည်မှာက တည်ထွင်တာကို
အား မသန်သလို၊ အားပေးရမှန်းလည်း မသိကြဘူး။ ကျွန်တော်တို့ တတွေ လောကအကျိုး၊ ဝေလွန်းတယ်ဆိုရင်
ပြည်သူလူထုအကျိုး အားကျိုး မာန်တက် သက်စွန့် ကျိုးပမ်း လိုစိတ်က လောကအမြင်ပေါ်မှာ မူတည်နေ
လို့ပါ။ လက် တွေ့ လူ့လောက ၊ လူသားတွေ အကျိုး သယ်ပိုးသင့်ပါတယ်။ မမြင်ရတဲ့ ၊ မရှိတဲ့
ဘ၀တွေကို ယုတ္တိမဲ့ အားကိုးတာတက် သေချာရေရာသလို၊ လက်တွေ့ ကောင်းကျိုးပြုတဲ့ လက်တွေ့ဘ၀ကို
အားထား သင့်ပါတယ်။
မာက်စ်
ဝါဒ၊ ရုပ်ဝါဒက ရုပ်ပေါ်မှာ အခြေခံတာကြောင့် လိမ်လို့မရတာကိုလည်းသိစေချင်တယ်၊ ရုပ်ပစ္စည်းတခုကို
ဖျောက်ဖျက်လို့မရနိုင်ဘူးဆိုတာယုံပါ။အငွေ့ပြန်တဲ့ ရေတွေကမိုးရေ ဖြစ်လာတယ်၊ ရေနံတွေက
လမ်းတွေဖြစ်လာတယ်၊ မီးခိုးအပူငွေ့တွေက ၀န်ရိုးစွန်းက ရေခဲတွေ အရည်ဖျော် ကုန်တယ်။ အမြတ်ထုတ်ထားတဲ့
ငွေတွေ တနေရာမှာ လာပေါ်မှာပါ။ ဒီလိုမယုံရင် ရုပ်ဝါဒကို ယုံတာမဟုတ်ဘဲ။ စိတ်ဝါဒီသာဖြစ်နေမှာပါ။
ပစ္စည်းမဲ့ တို့ရဲ့ ရိုးသားမှု၊ ကွန်မြူနစ်တို့ရဲ့ ရိုးသားမှု၊ အမှန်တရား၊ ခွန်အားဆေိုတာ
တွေက မကွယ်ဝှက် မဖုံးကွယ်နိုင်တဲ့ ရုပ်ဝါဒမှာ
အခြေခံတာကို သိရှိလေ့လာသင့်ပါတယ်။
လေ့လာတယ်
ဆိုတဲ့ ဟာမှာလည်း ကျားကုတ်ကျားခဲ လေ့လာရမှာပါ။ မာက်စ်ရဲ့ စကားအရ “ နေရောင်အောက်က မည်သည့်
အရာကို မဆို သက်ညှာစွာနဲ့ မစီစစ်ပါနဲ့” တဲ့ ခေတ်ဟောင်း အစွဲအလမ်းတွေနဲ့၊ ခေတ်ပေါ်နည်းစံနစ်တွေ၊
ပြောင်းလဲဖြစ်ပေါ်နေတဲ့ ကုန်ပစ္စည်းတွေ၊ ကုန် ထုတ်ကရိယာတွေ၊ နည်းနာသစ်တွေ ပရိယာယ်သစ်တွေကို
ဖေါ်ထုတ် ဖွင့်ချဖို့၊ တိုက်ခိုက်ဖို့၊ ကာကွယ်ဖို့ ၊ကြိုတင်သိရှိဖို့ ဆိုတာတွေ အတွက်
လေ့လာရေးကမလုပ်မဖြစ် အစာစားသလို ၊ မျက်စိကြည်လင်အောင် လုပ်သလို အရေးကြီးလှ ပါတယ်။ဒီတော့ လေ့လာရေးကို မပြတ်လုပ်ဆောင်ဖို့
တိုက်တွန်းလိုက်ပါတယ်။ ဒါမှလည်း ကိုယ် ချစ်မြတ်နိုးတဲ့ လူ့ အဖွဲ့အစည်း၊လူသားတွေရဲ့ ကောင်း ကျိုးကို ဘယ်လို သယ်ပိုးရမလဲ ဆိုတာသိနိုင်မှာပါ။
ကျွန်တော့်အိမ်မှာ
မောင်သာထူးဆိုတဲ့ တပြည့်တယောက်ရှိတုန်းက သူဘယ်ကယူလာပြီး ဘာ ပန်းပင်မှန်းမသိတဲ့ အပင်လေး တပင် စိုက်ခဲ့တယ်။အခုတော့
ပန်းပင်လေးတွေ ပွါးပြီးပွင့်နေ ပါတယ်။ မောင်သာထူးတော့ မြ၀တီဘက်ခြမ်းမှာ အလုပ်လုပ်ရင်း
ဖျားနာပြီးဆုံးသွာတယ်လို့ သိရတယ်။ ဒီအပင် လေးတွေက မောင်သာထူးရဲ့ ကောင်းမှုဘဲလို့ အမြဲသတိရနေမိတယ်။
သူသေသွားပေမဲ့ သူ့ အလုပ် လေးက ရှင်သန်နေတုန်းပေါ့။ အက်ဒီဆင်လို၊ အိုင်စတိုင်းလို၊ လီနင်လို
သူမလုပ်နိုင်ပေမဲ့ သူများ အတွက် လုပ်ပေးခဲ့တဲ့ အလုပ်တခုပေါ့။လူကသေသွားပေမဲ့ လုပ်ရပ်က
ရှင်နေတတ်ပါ တယ်။ အဲဒီလိုဘဲ မကောင်းတဲ့ လုပ်ရပ်ကလည်း အဆိုးဘက်က ရှင်သန်နေမှာမို့ သတိကြီးကြီးထားရ
ပါ မယ်။လောကကို အလှဆင်ဖို့ မာက်စ်ဝါဒက အားပေးပါတယ်။ကျွန်တော်တို့လည်း ကိုယ်တတ်နိုင်တဲ့
ဘက်က လုပ်သွားကြရမှာပါဘဲ။
အတွေးအခေါ်
အဟောင်း၊ ဖေါက်ပြန်တဲ့ အတွေးအခေါ်တွေနဲ့၊ တော်လှန်တဲ့၊ တိုးတက်တဲ့ အတွေးအခေါ်တို့ရဲ့တိုက်ပွဲက
အမြဲဖြစ်နေပါတယ်၊ စစ်အာဏာရဲ့ အရိပ်မဲအောက်မှာဆိုပို ဆိုးနိုင်ပါ တယ်။ ဒီအတွေးအခေါ်တိုက်ပွဲရှိနေတာကို
အလေးအနက်ထား ကျင့်သုံးတတ်ဖို့လိုပါတယ်။ အနုပညာ၊ စာနယ်ဇင်း၊ ၀တ်စားဆင်ယဉ်မှု၊ လှုပ်ရှားမှု
ဟန်ပန်တွေက အစ သက်ဆိုင်ရာ အတွေးအခေါ်တွေ ထင်ဟပ် နေတတ်ပါတယ်။ ပကတိ ဖြစ်ပျက်နေတာတွေကို
စီစစ်ဖို့ မက်စ်ဝါဒက အားပေးတယ်။ ကွန်မြူနစ်တွေက အခြအနေနဲ့ ကိုက်ညီစွာကျင့်သုံးတတ်တယ်တဲ့။
အလိုက်သင့်လိုက်လုပ်တာ ကို ပြော တာမဟုတ်ဘူး၊
အခြေအနေအရ ဘယ်လို တော်လှန်ရေးကို လုပ်ရမယ် ဆိုတာကို ဆိုလိုတာပါ။ လူ့အဖွဲ့အစည်းတိုးတက်ကောင်းမွန်ရေးမှာ
တားဆီးပိတ်ဆို့နေတဲ့ ဖေါက်ပြန်ရေး အမြင်တွေကို အခြေအနေနဲ့ ကိုက်ညီစွာ တော်လှန် တိုက်ခိုက်ဖို့
ဆိုလိုတာပါ။
အခြေအနေနဲ့
မကိုက်ညီဘဲ စိတ်ကူးယဉ်ဆန်ဆန် လုပ်ရင် စိတ်ဝါဒ
သမားဖြစ်သွား နိုင်ပါ တယ်။ ဒါကြောင့်ဘဲ လေ့လာတတ်ဖို့၊ လက်တွေ့ကျဖို့ကို မက်စ်ဝါဒက အမြဲ
မပြတ် တောင်း ဆိုပါ တယ်။နောက် စကားတခုက - သဘောတရား ကြေလည်တဲ့ သူတွေဟာ ပြဿနာကို ကိုင်တွယ်ရာမှာ
ချောမွေ့ တယ်တဲ့။ ပြဿနာရဲ့ အဓိကဂွင်းဆက်ကို သိပြီး သေသေချာချာဖြေရှင်းနိုင်တာကို ပြောတာပါ။
ဒါကြောင့်ဘဲ သဘောတရား တွေကို အကျေအလည်နားလည်ဖို့ လေ့လာဖို့ အထူး လို အပ်ပါတယ်။ ဒီနေရာမှာလည်း
“ အကျေအလည်” ဆိုတဲ့ စကားကြောင့် ကျေလည်မှ လို့ မဟုတ်ဘဲ နားလည်သလောက်က စလုပ်ရင်းနဲ့
ကျေ လည်လာရတာကိုလည်း သိစေချင်ပါတယ်။
လက်တွေ့နဲ့သဘောတရားမှာ
လက်တွေ့က အဓိကကျပေမဲ့ သဘောတရားနဲ့ လက်တွေ့ အဆက်အစပ်ကိုနားမလည်ရင်လည်း ရုပ်ကြမ်းဝါဒီဖြစ်သွားနိုင်ပါတယ်။
ဒါတွေကို ရေးပြလို့ ကျွန် တော်က ကျွမ်းကျင်ပြီးပြီလို့ မဟုတ်ပါဘူး။ ကားမောင်နေရသလို
ရှေ့လမ်းကို အမြဲကြည့် သုံးသပ် လုပ်ကိုင်နေရတုန်းပါဘဲ။ ဒါက တိုးတက်ချင်တဲ့ သူတိုင်းလူတိုင်းဒီလိုဘဲ
ဖြစ်ပါတယ်။
ဆရာကြီးရွှေဥဒေါင်းအကြောင်းပြန်ဆက်ရရင်
သူဟာ လေ့လာရေး အားကောင်းချင်ကောင်း မှာပါ။ တကယ်တော့ ဘာသာရေးအမြင် နှစ်ခုသုံးခုကို ကျွမ်းကျင်လျှင်
ကျွမ်းကျင်နိုင်ပေမဲ့ တခုကိုဘဲ ယုံကြည်လို့ရပါတယ်။ မွတ်စလင်မ်လုပ်လိုက်၊ ဗုဒ္ဓဘာသာလုပ်လိုက်
လုပ်လိုက်၊ ကွန်မြူနစ် လုပ် လိုက်၊နတ် ၀င်သည်လုပ်လိုက် လုပ်လို့ မရပါဘူး၊ လုပ်စားလို့တော့ရပါတယ်။သူများက
ယုံကြည်မှာ တော့မဟုတ်ပါ။ တကယ် ယုံကြည်မှုအရ မရှိနိုင်ပါ။ ရုပ်ဝါဒနဲ့ နာမ်ဝါဒကို တပြိုင်ထည်းယုံလို့
မရပါ။ ကျွန်တော့်ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေ တဦးကပြော ဘူးတယ်၊ သူ “ နာမ်ယုံ ရုပ်ဝါဒီ”
တဲ့။ ကျွန်တော်လည်း ရယ်ပြယုံကလွှဲလို့ ဘာမှ မ တတ်နိုင်ပါဘူး။ အခု ဆရာကြီး ရွှေဥဒေါင်းလည်း
လေ့လာရေးသမား သာဖြစ်ပြီး တကယ်ဘာမှ မယုံကြည်တာကို တွေ့နိုင်ပါတယ်။
မာက်စ်ရဲ့
ထင်ရှားတဲ့ စကား တခွန်းက “ အဘိဓမ္မာတွေဟာ လောကကြီးကို အဓိပ္ပါယ် ဖွင့်ဆိုယုံ သက်သက်သာမဟုတ်
ပြောင်းလဲ ပြစ်ဖို့ ဖြစ်တယ်။” တဲ့။လက်တွေ့ ကျင့်သုံးဖို့ကို တိုက်တွန်း တာပါ။ပြောင်းလဲတယ်
ဆိုတာလဲ သူများကို လိုက်ဆရာလုပ်နေတာမဟုတ်ဘဲ ကိုယ် ကိုယ်တိုင်က ကိုယ်မှာ ရှိပြီးသား
အတွေးအခေါ်ဟောင်းတွေ၊ အစွဲအလမ်းဟောင်းတွေကို တိုက်ချွတ်ပြောင်းလဲရင်း လူ့လောကကြီး ကို
ပြောင်းလဲ တိုးတက်အောင်လုပ်ဖို့ ဆိုလိုတာဖြစ်ပါတယ်။ လက်တွေ့နဲ့ သဘော တရားက ဆက်နွှယ်နေသလို
အပြန်အလှန်အကျိုးပြုပါတယ်။ လက်တွေ့ မကျင့်သုံးရင် လေ့လာထား တဲ့ သဘော တရား မျိုးစေ့ဟာ
ခြောက်သွေ့ပြီး ပိုထိုးသွားမှာပါဘဲ။
ကျောက်ကောင်းဖြစ်ပေမဲ့
မသွေးပေးရင် တန်ဖိုးမတက်၊ အရောင်မလက်သလို လက်တွေ့ မကျင့်သုံးရင် ခင်ဗျားရဲ့ အစွမ်းအစတွေဟာ
ငုတ်လျှိုးတိမ်မြုပ် ပျောက်ကွယ် သွားနိုင်ပါတယ်။
မကြာသေးမီက
ကြည့်မိတဲ့ ဗွီယိုကလစ်လေးထဲ နိုင်ငံခြားသား ရဟန်းတပါးကို သတင်းသ မားကမေးမြန်း ခန်းလုပ်ရာမှာ
ရဟန်းက “ မြန်မာပြည်မှာ တရားတွေကို သိသူတွေ များလှကြောင်း ဒါပေမဲ့ တကယ်ကျင့်သူတွေ နည်းကြောင်း”။
မိန့်တာကို ကြားလိုက်ရပါတယ်။
တော်လှန်ရေး
သူရဲကောင်းများ ပေါ်ထွန်းနိုင်ပါစေ။
ဦးအေးဆောင်
ဇူလိုင်
၇၊ ၂၀၁၆။