ဇာတ်တော်ထဲက သင်ခန်းစာ
ငယ်ငယ်က သင်ယူခဲ့ဘူးတဲ့ ဇာတ်တော်တွေထဲက ယခုအခါမှာ ဦးနှောက်ထဲ ထိုးဝင် လာတဲ့ ဇာတ်က မဟောသဓာ ဇာတ်ပါ။ ဒီဇာတ်တော်ကို ဗမာတွေတော်တော်များများ သိကြပေမယ့် မသိ သေးတဲ့သူတွေ သိသွားအောင် နည်းနည်းရှင်းပြချင်တယ်။ မဟောသဓာ ဇာတ်မှာ တရားစီရင်ခန်းတွေ အများအပြားပါပေမယ့် ကျွန်တော်က သားတရားစီရင်ခန်းကိုဘဲ ထုတ်နုတ်ပြောပြချင်ပါတယ်။ဇာတ်လမ်းက မိခင်ဆီက ခလေးကို ဘီလူးမက စားဖို့ အမေယောင်ဆောင်ပြီး ခလေးကို လုတာပါ။ ဒီအမှုက မဟောသဓာရဲ့ တရားရုံးကိုရောက်လာတော့ မဟောသဓာက ဘယ်သူဟာ အမေအစစ်လဲလို့ သိရအောင် ဥပါယ်တမျဉ်နဲ့ ခလေးကို အမေအစစ်နဲ့ အမေအတုတို့ကို လုစေသတဲ့။ ဒီတော့ ခလေးကို အလည်မှာထား လုကြတော့ ကြားထဲက ခလေးရဲ့  လက်တွေ ခြေတွေ ပြုတ်သွားမှာကို အမေအစစ်က မမြင်ရက်တော့ လွှတ်ပေးလိုက်တယ်တဲ့။ ဒီတော့ ခလေးက အမေအတု ဘီလူးမဘက် ပါသွားတာပေါ့။ ဒါပေမဲ့ မဟောသဓာက ခလေးနာမှာကို မငဲ့တဲ့ အမေတုဟာ ဘီလူးမဖြစ်တာကို ဖေါ်ထုတ်ဖွင့်ချလိုက်ပြီး သားကို သူ့အမေအစစ်ဆီကို ပြန်ပေးလိုက်ရင်း ဘီလူးမကို အပြစ်ဒဏ်ပေးလိုက်တာပါ။ ဒါက မဟောသဓာဇာတ်ထဲက သား တရားစီရင်ခန်းပါ။
အပြင်မှာက ကျွန်တော်တို့ ၈၈ က ထွက်လာသူတွေအပါအ၀င် လက်နက်ကိုင်တော်လှန်ရေး သမားတွေက အမေအစစ်ဆိုရင် အမေယောင်ဆောင် သားလုတဲ့ ဘီလူးမက စစ်အာဏာရှင်ကြံ့ဖွတ်၊ သားက ပြည်သူတွေအဖြစ် ယူဆလို့ ရမယ် ထင်ပါတယ်။ ပြည်သူတွေ နစ်နာထိခိုက်တာကို ကျွန်တော် တို့က မငဲ့ဘဲ မလျှော့တမ်းလုရင် တိုက်ခိုက်ရင် ကြားက ပြည်သူခမြာ နာတော့မယ်ဆိုတာကို မတွေးသင့်ဘူးလားလို့ မေးစရာရှိတော့မယ်။
ဒီနေရာမှာ ကျွန်တော်တို့ နားမရှန် ဖို့က ဇာတ်တော်ထဲမှာ တရားသဖြင့် စီရင်တဲ့၊ တန်ခိုးသြဇာရှိတဲ့ မဟောသဓာရှိတယ်။ အပြင်လောက အခုမြန်မာပြည်မှာက တရားလဲမရှိ၊ မဟောသဓာလဲ မရှိ၊ ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ စစ်အာဏာရှင် ကြံ့ဖွတ် ဘီလူးမဖြစ်နေတော့ ကိုယ့်သားကိုယ် အစကတည်းက လာမထိအောင် ကျွန်တော်တို့ တော်လှန်ရေးသမားဆိုသူတွေက ပြည်သူတွေကို ကာကွယ်ရတော့မယ်။ မဟောသဓာဇာတ်မှာလို ကယ်မည့်သူမရှိ၊ စိတ်ကူးယဉ်လို့ မရဘူး။
ဒီအခါမှာတော့ ဘာနဲ့ တူသလဲဆိုတော့ ဆေးခန်းမှာ မိခင်က ခလေးကို ကာကွယ်ဆေး သွားထိုးရသလိုပေါ့။ သားလေးဆေးထိုးခံရတာ နာမယ်ဆိုတာသိပေမဲ့ ဒီထက်ဆိုးဝါးတဲ့ သေ လောက်တဲ့ ရောဂါ ဘယတွေ ကျမှာစိုးတော့ ကိုယ့်သားလေး ဒီလောက်တော့ အနာခံရမယ်ဆိုတာကို ခလေးနားလည်အောင် ခံရဲအောင် ချော့မော့ အားပေးရမှာက ဒီနေ့ မိခင် အစစ်တွေတိုင်း လုပ်နေရတဲ့ အလုပ်ပါ၊ ဒီလိုမလုပ်ရင် ဒီမိခင် တာဝန်မကျေကောင်းလား ဆိုပြီး လူတကာ ကဲ့ရဲ့  ခံရတတ်ပါတယ်။
ဒီတော့ ဒီနေ့ စစ်အာဏာရှင်တိုက်ဖျက်ရေး ပြည်သူကယ်တင်ရေးမှာ လူတွေဒုက္ခရောက်နေပြီ၊ ဆင်းရဲနေပြီလို့ ပြောကြတာ မကြာခဏ ကြားရတယ်။ လူတွေဒုက္ခရောက်အောင်၊ ဆင်းရဲအောင် လုပ်နေတာတဲ့ စစ်အာဏာရှင် စံနစ်ကို မဖယ်ရှားဘဲ ဆင်းရဲဒုက္ခနဲ့ ဖိနှိပ်မှုတွေက လွတ်စရာမရှိပါဘူး ဆိုတာကို အလေးအနက် သဘောပေါက်သင့်တယ်။ ဘယ်လောက်ပဲ စီးပွါးရေးတွေ၊ အကူတွေရရ၊ သံထတဲ့ ခလေးကို သန်ချဆေး မတိုက်ဘဲ အစာတွေ ကျွေးနေလို့က ဗိုက်ထဲက သန်တွေက ဗိုက်ထဲမှာ အော်လံဗစ်ပွဲတောင် ဆယ်ခါပြန် ကျင်းပနေဦးမယ်။
စစ်အာဏာရှင်စံနစ်ဟာ ပုံစံပြောင်းပြီး ကြီးစိုးနေတာသာ ဖြစ်တယ်။ အနစ်သာရက စစ်အာ ဏာရှင်က စစ်အာဏာရှင်ပါဘဲ။ စစ်အာဏာရှင်ရှိနေသမျှ တိုင်းပြည်ဟာ တိုးတက်သင့်သလောက် ဘယ်တော့မှ မတိုးတက်နိုင်ဘူး။ စစ်အာဏာရဲ့ သွေးစုတ်ဖိနှိပ်မှုအောက်မှာ ပြည်သူတွေရဲ့ လွတ်လွတ် လပ်လပ် တိုးတက်မှုနဲ့ လုံခြုံမှုဟာ မရှိနိုင်ဘူး။ စစ်ဗြူရိုကရေစီ ယန္တယားဟာ တိုင်းပြည်မှာ တော်တော် အမြစ်တွယ်နေပြီ။ ပြည်သူတွေရဲ့ အင်နဲ့ အားနဲ့ တိုက်ဖျက်မှ ရမယ်။ မဲလောက်၊ လွှတ်တော်လောက်၊ နားလည်မှုလောက်နဲ့ ဖြိုချလို့ မရတော့ဘူး။
၈၈ ရဲ့ အတွေ့ အကြုံအရ လူထုတွေ တကယ်တိုက်ရင် သန်းချီတဲ့ မဆလပါတီဝင်တွေ လပိုင်းအတွင်း ကြက်ပျောက်၊ ငှက်ပျောက်ပျောက်ကုန်တာကို တွေ့ခဲ့ရပြီဘဲ။ ဒါပေမယ့် နောက်ဆုံး အောင်ပွဲကို မတိုက်ယူခဲ့ဘူး။ ၉၀ခု ရွေးကောက်ပွဲနဲ့ လှည့်ဖြားတာ ခံခဲ့ရတယ်။ အခုလဲ ရွေးကောက်ပွဲ ပါဘဲ။ လူထု တိုက်ပွဲ ရဲ့  တန်ခိုးသြဇာကို သိလိုက်ပြီးတဲ့ ပြည်သူတွေ။ စစ်အာဏာရှင်တွေရဲ့  လှည့်ဖြား အကောက်ကြံတတ်တာကို သိထားတဲ့ ပြည်သူတွေဟာ စစ်အာဏာရှင်စံနစ် တိုက်ဖျက်ရေး ပြည်သူ့  လွတ်မြောက်ရေးအတွက် အနာဂါတ်ရဲ့ လှုပ်ရှားမှုတွေကို ဦးဆောင်ဦးရွက် လုပ်နိုင်ပါလိမ့်မယ်။ စစ်အာဏာရှင် အိမ်ဟောင်းကို ဖျက်ပြီးမှသာ ခေတ်မှီတိုးတက်တဲ့ နိုင်ငံသစ် အိမ်သစ်ကို ဆောက်လို့ရမှာ ဖြစ်တယ်။
ပေးဆပ်ခဲ့ရတဲ့ သွေးချွေးတွေက မနည်းတော့ဘူး။ သန်ခေါင့်ထက် ညဥ့်နက်စရာ လဲမရှိတော့ဘူး။ ပြတ်သားတဲ့ တိုက်ပွဲဝင်စိတ်ဓါတ်နဲ့ ကြံ့ဖွတ် စစ်အာဏာရှင်တွေကို တိုက်ခိုက်ဖြုတ်ချကြရမယ်။ ဒါမှသာ ပြည်သူတွေရဲ့  ဘ၀ဟာ ဖိနှိပ်မှု၊ မတရားမှုတွေအောက်က လွတ်မြောက်ပြီး အေးချမ်းသာယာ နိုင်လိမ့်မယ်။ စစ်ကို ကြောက်ခြင်းဟာ စစ်ထက်ပို ကြောက်စရာ ကောင်းပါတယ်။
စစ်အာဏာကိုဖြိုဖျက်ကြ။
အောင်ပွဲကိုတိုက်ယူကြ။
တော်လှန်ရေး မုချအောင်ရမယ်။
ဦးအေးဆောင်
နိုဝင်ဘာ ၇ ၊ ၂၀၁၁။