လုပ်စေချင်တဲ့ အရာ
လူထုတွေရဲ့
စွမ်းပကားကို ယုံကြည်သူတယောက် အနေနဲ့ လူထုတွေ ဆက်စပ်စုစည်း လှုပ်ရှား တတ်အောင် လုပ်ပေးရမယ်ဆိုတဲ့
အတွေးက စိတ်ကူးထဲမှာ အမြစ်တွယ်နေတာကြာခဲ့ပြီ။ ဒါပေမဲ့ အ ကြောင်း ကြောင်းတွေကိုတွေးရင်း
အချိန်တွေ ကုန်လာခဲ့ရတယ်။ ကြာလာသည်နှင့်အမျှ
ရေးချင်စိတ်ကလည်း တိုးတိုး လာနေတော့ ကျွန်တော့် အမြင်ကို တင်ပြဖို့ ဆုံးဖြတ်လိုက်ပါတယ်။
စစ်တပ်ဒေါက်တိုင်ပါတီတွေကို
မဲမပေးနဲ့၊NLD ကိုမဲမပေးနဲ့၊ တခြား တိုးတက်တဲ့ အရပ်သားပါတီကို အားပေးပါ လို့ ဆိုတော့၊
တခြားပါတီမှမရှိတာလို့ လူတယောက်ကပြန်ပြောတယ်။ ဒီတော့ ကျွန်တော်က ပါတီ ထောင် ပေါ့လို့
ဆိုလိုက်တယ်။ ပါတီတခုထောင်ဖို့ ဆိုတာမလွယ်မှန်းသိပေမဲ့ လွယ်တာကိုဘဲ ရွေးလုပ် တတ်တာကိုတော့
ကျွန်တော်က သိပ်အားမပေးချင်ပါဘူး။ ခက်တာတွေကို ဘယ်သူကလုပ်ကြတော့မှာလဲ။ လိုလျှင်ကြံဆ နည်းလမ်းရ - ဆိုတာကို လက်ခံ စေချင်ပါတယ်။
အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ တပါတီ မဆလခေတ် တွေတုန်းလည်း မြေအောက် လှုပ်ရှား မှုတွေကို ကျွန်တော်တို့
ပြည်သူတွေ လုပ်ဝံ့ကြတယ်။ လုပ်ခဲ့ကြတာဘဲ။ အခုလို ပါတီစုံဆိုပြီး လုပ်နေတဲ့ ကာလမှာ ဟိုတုန်းကလောက်ခက်မယ်
မထင်ဘူး။ နည်းနာသာ နည်းနည်းလိုမှာပါ။ ရွေးကောက်ပွဲ ခါတော်မှီ ဖွဲ့လိုက်ကြတဲ့ ပါတီတွေ တထောကြီး။ မှတ်ပုံတင် ပါတီတွေပေါ့။
မဲပေး
ရမယ်ဆိုတဲ့ အစွဲက လူထုစိတ်ထဲမှာရှိနေတယ်။
မဲပေးချင်တာထက် လိုချင်တာဘာဆိုတာကို သိဖို့တော့လိုမှာဘဲ။ ကျွန်တော်တို့ ပြည်သူ့လွတ်မြောက်ရေး
တပ်ဦးအနေနဲ့ “စစ်အာဏာရှင်စံနစ်တိုက် ဖျက် ရေးသည်သာ ယနေ့တော်လှန်ရေး တာဝန်ဖြစ်သည်”လို့ဆိုထားတော့ စစ်အာဏာရှင်
စံနစ်ကို တိုက်ဖျက်မည့် နိုင်ငံရေးပါတီ ၊ဒါမှ မဟုတ် တိုက်ဖျက်မှုကို ဦးတည်တဲ့ ပါတီကိုသာ
မဲပေးရရင် ပေးမှာပါ။ “ တော်လှန် ရေးတာဝန်” ဖြစ်နေလို့လည်း တော်ယုံတန်ယုံလူက အနားတောင်သီမှာမဟုတ်မှန်းသိပါတယ်။
ဒါပေမဲ့ ဒီနေ့ခေတ်ရဲ့ တာဝန်က တာဝန်သာဖြစ်ပါတယ်။ ထမ်းဝံ့ မထမ်းဝံ့က ကာယကံရှင် တယောက်ရဲ့
ခံယူချက် သာဖြစ်မှာပါ။
မှတ်ပုံတင်မှ
နိုင်ငံရေးလုပ်ရတယ်လို့ ကျွန်တော်မယုံကြည်ဘူး။ ကိုယ့်မှာ ခိုင်မာတဲ့ နိုင်ငံရေး ယုံကြည်
ချက်ခံယူချက်ရှိရင် မှတ်ပုံတင်တင်၊ မတင်တင်လုပ်လို့ရတာပါဘဲ။ အရင့်အရင်က ကွန်မြူနစ်ပါတီတွေကော
မှတ်ပုံတင်ကြလို့လား၊ ဖဆပလက ကော ဂျပန်ဆီမှာ မှတ်ပုံတင်လို့လား။ ဒီတော့ နိုင်ငံရေး ခံယူချက်သာ
အဓိကကျတာကို သိစေချင်လို့ပါ။
နိုင်ငံရေး
ခံယူချက်အကြောင်းကို ပြောဖို့ လိုအပ်လာပြီ။ နိုင်ငံရေး ဖြစ်တဲ့ အတွက် နုလုံးသားရေးရာ
လောက်တော့ မသေးဘူး။ ကြီးလွန်းလို့ တယောက်ထည်းနဲ့လည်း မနိုင်ဘူး ဒီတော့ တခြားလူတွေပါ
ပါဝင် ပတ်သက်လာအောင်၊ တိုက်ပွဲဝင်လာအောင်လုပ်ဆောင်ရမှာဆိုတော့ တကိုယ်ထည်း ကျိတ်ခံစားနေလို့
မပြီး တော့ဘုး။ ဖြန့်ကျက်ရတော့မယ်။
ဒီနေရာမှာလည်း
ကိုယ့်လွတ်လပ်ခွင့်လေး ထိပါးမှာစိုးလို့ ဘယ်ပါတီမှ မပါဘူးဆိုတဲ့ လူတွေ လည်း တွေ့ဘူးတယ်။
ဘယ်လောက်တော်တဲ့ ဘော့လုံး သမားဖြစ်ဖြစ် တယောက်ထည်းနဲ့ တော့ ဖလား မရနိုင်ဘူး ဆိုတာကို
သိဖို့လိုပါတယ်။ နိုင်ငံရေး၊ တော်လှန်ရေး ဆိုတော့ ပိုလို့တောင် လူများများဝိုင်းဖို့
လိုနေတာပေါ့။ ၀တ္တရားလေးပိုတာ၊ ကိုယ့်လွတ်လပ်မှုလေး ထိခိုက်တာလောက်တောင် မခံနိုင် ရင်တော့
ဧကစာရီ အကျင့် သာကျင့်ပေတော့။ သူများတွေရဲ့ သားကောင်ဘ၀က ဘယ်တော့မှ လွတ်မှာလည်းမဟုတ်ပါ။
အထူး သဖြင့် ဘ၀င် မြင့်တဲ့ ပညာတတ်တွေမှာ ဖြစ်တတ်ပါတယ်။ ဒေါ်စုလို အနောက်တိုင်း ပညာတတ်
တောင် ပါတီထောင် ရမယ်ဆိုတာသိလာရတာဘဲ။
“နောက်တန်းကဗမာတယောက်”
စာအုပ်ထဲမှာ နိုင်ငံရေး၊တော်လှန်ရေး လုပ်မယ် ဆိုရင် ပါတီရယ်။ လမ်းစဉ်ရယ်၊ လူတန်းစားရယ်
ဆိုတာရှိရမယ်လို့ လီနင်ရေးတာကို ကိုးကားပြီး တင်ပြထားပါတယ်။ တကယ်က လမ်းစဉ်က အရင် ရှိရမှာပါ
- ဘာလိုချင်တယ် ဆိုတာပေါ့။ ဥပမာ - ကိုလိုနီစံနစ် ဆန့်ကျင်ချင်တာလား၊ ဖက်ဆစ်စံနစ် တိုက်ဖျက်ချင်တာလား၊
ဘာစံနစ် ဖြစ်နေလဲ၊ပြောင်းချင်တာလား၊ မပြောင်းချင်ဘူးလား ဆိုတာ တွေပေါ့။ ကျွန်တော်က
တော့ “စစ် အာဏာရှင် စံနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီစံနစ်ထူထောင်ရး” လုပ်စေချင်တာ ။
ဒီလိုဆိုတော့ စစ်အာ ဏာရှင် စံနစ် မတိုက်ဖျက်ချင်တဲ့ လူ၊ စစ်အာဏာရှင်တွေနဲ့ ပေါင်းစား
ချင်တဲ့ လူ၊ နေရာရပြီးတမ်း ဆိုသူတွေနဲ့ တော့ ကွာမှာ ပါဘဲ၊ ကွာကိုကွာရမှာလည်း ဖြစ်ပါတယ်။
လူတဦးတယောက်အနေနဲ့
အစုအဖွဲ့ မရှိရင် အားမရှိပါဘူး။ ဒါကြောင့်ဘဲ လူတွေဟာ အမျိုးအခြေခံ၊ ရပ်ရွာအခြေခံ၊ ဘာသာရေးအခြေခံတွေနဲ့
အနိမ့်ဆုံး စုစည်းနေကြရတာပါ။ အခုစုစည်းမှုကတော့ နိုင်ငံရေးအမြင် အရ စုစည်းရမှာ ဖြစ်တယ်။
စစ်အာဏာရှင် တိုက်ဖျက်ရေး၊ ဒီမိုကရေစီထူထောင်ရေး အမြင်ပေါ်မှာ ရပ်တည် စုစည်းကြရမှာဖြစ်တယ်။
လူထုတွေကို
စုစည်းဖို့ ဆိုတာကလည်း မြင့်မားတဲ့ နိုင်ငံရေးရည်ရွယ်ချက်ဖြစ်မှ တူနိုင်ပါတယ်။ အသေး
အဖွဲအမြင်တွေနဲ့ စုစည်းထားရင်တော့ မကြာခင် အမြင်တွေကွဲပြားသွားနိုင်ပြီး အင်အားဆုတ်ယုတ်သွားနိုင်
ပါတယ်။ ဥပမာ - လွှတ်တော်ထဲ ၀င်ပြင်နဲ့ ပြင်ဝင်ကိစ္စ၊ ခြေဥပြင်ရေး နဲ့ ဖျက်ရေးကိစ္စ ဟာ
လူတွေကိုကွဲပြားစေပြီး စစ်အာဏာဆန့်ကျင်တိုက်ဖျက်ရေးကသာ လူတွေကို စုစည်းဖို့ ပို အားကောင်း
စေမှာဖြစ်ပါတယ်။ ဒါပေမဲ့ ခြေဥပြုပြင်ရေးနဲ့ တိုက်ဖျက်ရေး အလုပ်ဟာ ကြော်ငြာကောင်းလို့
ခေတ်စားနေတော့ စစ်အာဏာ တိုက်ဖျက်ရေး အမြင်ရဲ့ လက်အောက်ခံသာဖြစ်တယ်ဆိုတာကို သတိပြုဖို့တော့လိုပါတယ်။
ဒါမှသာ စုစည်းမှုကို ထိန်းသိမ်းနိုင်စရာ ရှိပါတယ်။ ဒါမှ မဟုတ်ရင်တော့ သာမညအကြောင်းအရာတွေသာ
လွှမ်းမိုးနေပြီး အဓိက ပစ်မှတ်က ဘေးရောက်သွားခါ ပြန်ဒုက္ခပေးမြဲ ပေးနေပါလိမ့်မယ်။
စုစည်းရေး၊
စည်းရုံးရေးဟာ လှုပ်ရှားမှုတိုင်းရဲ့ အသက် ဖြစ်တာကို နိုင်ငံရေးလေ့လာသူတိုင်း သိထားပြီးသားပါ။
အရေးပါတာကိုလည်း နားလည်ကြပါတယ်။ ဒါပေမဲ့ အချိန်ကာလ အလျှောက် ဘယ်ပေါ်မှာ စည်းရုံးကြရမလဲ
ဆိုကို သိတဲ့သူနည်းပါတယ်။ သိတဲ့လူနည်းတယ် ဆိုတာက သူတို့ လုပ်ကိုင်နေကြတဲ့ လှုပ်ရှားမှုတွေကို
ကြည့်ပြီးပြောရတာပါ။ ဥပမာ NLD ဆိုရင် လူထု ဆန့်ကျင်ရေးဘက်တောင် ရောက်နေပြီ။ ဒါကြောင့်ဘဲ
သိတဲ့သူနည်းတယ်လို့ ဆိုတာပါ။
ယခုလက်ရှိဖြစ်နေတဲ့
နိုင်ငံရေးအခြေအနေအရ လူထုတွေက ထက်မြက်တဲ့ အမြင်တဲ့ နိုင်ငံရေး ထဲမှာ အဓိကကျတဲ့ အခန်းကဖြစ်လာအောင်
လုပ်ဖို့ အချိန်ဖြစ်နေပါတယ်။ အဓိကကျတဲ့ အခန်းကပါဖို့က အထက် ဖေါ်ပြခဲ့ သလို စုစည်းမှုအားရှိဖို့
လိုပါတယ်။ ဒီတော့ ဘယ်လိုစုစည်းမလဲ ဆိုတာကို အထက်က ပြောခဲ့ သလို ဘဲ စစ်အာဏာရှင် စံနစ်
တိုက်ဖျက်ရေး ဆိုတဲ့ မြင့်မားတဲ့ နိုင်ငံရေးအမြင်
ပေါ်မှာ စုစည်းရပါလိမ့်မယ်။စုစည်းတဲ့ ပုံစံကို “ လွတ်မြောက်ရေး ကော်မီတီ (လမက)” လို့
ခေါ်ချင်ပါတယ်။ ဘယ်လိုနံမယ်ဘဲဖြစ်ဖြစ် ရေရှည် မြင့်မားတဲ့ နိုင်ငံရေး အမြင်နဲ့ စုစည်းဖို့က
အရေးကြီးပါတယ်။
စုစည်းရမည့်
အခြေခံမူရရင် - စုစည်းဖို့ နည်းနာတွေလိုပါတယ်။ သေခြာတာက ဗြောင်လုပ်ဖို့ အခက် အခဲရှိရင်
လျှို့ဝှက်လုပ်ရမှာဘဲ။ ဘယ်လိုလျှိုဝှက် လုပ်ရမလဲ ဆိုရင် မြေအောက်လှုပ်ရှားမှုတွေနဲ့ ပတ်
သက် တဲ့ စာအုပ်စာတမ်းတွေမှာရှာ ဖတ်လည်းရတယ်။ ၀ါရင့်တော်လှန်ရေးသမားတွေ ဆီကလည်း လေ့လာ
နိုင်ပါတယ်။ လျှို့ဝှက်ရေး စည်းမျဉ်းတွေတော့ သိထားဖို့ လိုမှာပေါ့။
လျှို့ဝှက်
“လမက” ပေါ်လာလို့ လှုပ်ရှား မယ်ဆိုရင်လည်း တိုက်ပွဲနည်းနာလိုပါတယ်။
ဖြစ်သင့်တာ က“လူထုတိုက်ပွဲ - လက်နက်ကိုင်တိုက်ပွဲ” နည်းနာကို ကျင်သုံးစေချင်ပါတယ်။
လူထုတွေက မကျေနပ်ချက်ကို ထုတ်ဖေါ်ရာမှာ၊ တောင်းဆိုဆန္ဒပြရတာ၊ သပိတ်မှောက်တာ၊ စီတန်းလှည့်လယ်တာတွေ
လုပ်ရတယ် ဆိုတာကို နားလည်ထားကြပေမဲ့ ၊ လက်နက် ကိုင်တိုက်ပွဲ အကြောင်းကိုတော့ သိပ်သဘောပေါက်ပုံ
မရဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ၈၈ ဆန္ဒပြတုန်း က စစ်သားတွေ ပါလာပေမဲ့ အာဏာမသိမ်းနိုင်ခဲ့ပါဘူး။
အခုလည်း လက်နက်ကိုင်တိုက်ပွဲနည်းနာထက် ဆွေးနွေးယူရေး၊ ရင်ကြားစေ့ရေး တွေကိုဘဲလုပ်နေကြတာတွေ့ရမှာပါ။
ဒါဟာ လက်နက်ကိုင်လမ်းစဉ်မရှိလို့ပါ။ ဒေါ်စုလောက်
အားကိုးနေသူတွေက အာဏာသိမ်းဖို့လည်း စိတ်ကူး မည့်သူတွေ မဟုတ်ပါဘူး။ အာဏာရှင် ကို လူထုအင်အားအာဏာနဲ့
သာဖြုတ်ချနိုင်ပါလိမ့်မယ်၊ ရွေး ကောက် ပွဲတို့၊ ဆွေးနွေးမြူဆွယ်မှုတို့ က စစ်အာဏာရှင်
ကို အယားပြေစေယုံလောက်သာဖြစ်စေပါတယ်။ ဒါကြောင့်ဘဲ “ လူထုတိုက်ပွဲ - လက်နက်ကိုင်တိုက်ပွဲ” လမ်းစဉ်ဟာ လိုအပ်နေပါတယ်။
လက်နက်ကိုင်တိုက်ပွဲဟာ တောမှာဘဲ လုပ်လို့ရတယ်လို့ တလွဲ မတွေးစေချင်ပါဘူး။ ဇာဘုရင် တပ်ထဲက
လီနင်တို့ လူတွေက အာဏာသိမ်းနိုင်တာ လက်နက် ကိုင်လမ်းစဉ်ရှိတာကြောင့်ပါဘဲ။ လီနင်က တောခိုပြီး
ပျောက်ကြား ပစ်တဲ့ အလုပ်ကို မလုပ်ခဲ့ရပါဘူး။ အီရန်က အယာတိုလာ ခိုမနီလည်း ရှားဘုရင့်တပ်ကို
အမြှောက်နဲ့ မပစ်လိုက်ရပါဘူး။ ဒါတွေက သူများတွေ အာဏာသိမ်းနိုင်တာ လက်နက်ကိုင် လမ်းစဉ်
ရှိနှင့်ထားလို့ဆိုတာသိစေချင်လို့ပါ။ ဒါတွေက
ကြို တင် ချမှတ် ထားရတဲ့ နည်းနာတွေပါ။ အရေးပေါ်မှ ဆိုရင် ငြင်းခုံနေရတာနဲ့ ပြေးပေါက်မှားသွားနိုင်ပါတယ်။
အခြေခံလုပ်ငန်းက
နေရာတိုင်းမှာ “ လမက” တွေဖေါ်ဖို့ ဖြစ်ပါတယ်။ လက်ငင်းအခြေအနေမှာ လျှိုဝှက် လှုပ်ရှားမှုဖြစ်နေတော့
နံမယ်အမျိုးမျိုးနဲ့ စုစည်းမှုကို လုပ်ပြီး တိုးတက်တော်လှန်သူတွေနဲ့ လျှိုဝှက် ဆက်စပ်
ဖွဲ့ကြရမှာဘဲ။ဒီလိုလုပ်ဖို့က စီစဉ်တတ်ဖို့တော့လိုမယ်။ ဒါတွေက လေ့လာစူးစမ်းရင်းနဲ့ လက်တွေ့ကျင့်သုံး
သွားရမည့်အလုပ်တွေ။ ဒီလိုဖြစ်နိုင်အောင် ကျွန်တော်က အားပေးချင်တယ်။ plfburma@gmail.com ကိုဆက်ပြီး ဆွေးနွေးနိုင်ပါတယ်။
ကျွန်တော့်အတွေ့အကြုံ
အရ - လူတွေက မတရားမှုကို ဆန့်ကျင်ချင်တယ်၊ ဖိနှိပ်မှုကို တွန်းလှန် ချင်တယ်။ ဒါပေမဲ့
အားမရှိဘူး။ အားကို ဘယ်လိုမွေးရ မလဲလည်းမသိဘူး။ သိပြန်တော့လည်း ဂိုဏ်းဂဏတွေ၊ လူမျိုးရေး၊ဘာသာရေး၊ပုဂ္ဂိုလ်ရေး
အတွေးအခေါ်တွေရဲ့ အတားအဆီးအောက်မှာ လမ်းပျောက်နေကြ တာကို ဘဲ ၀မ်းနည်းစွာ တွေ့နေရလို့
ကျွန်တော်တို့ ခေတ်မှာ စစ်အာဏာကို ဖြိုချနိုင်ရေး အတွက်ဒါတွေကို ကျော်လွန် ဖေါက်ထွက်သင့်ပါတယ်။
အဖိနှိပ်ခံတို့
ညီညွတ်ကြ။
အောင်ပွဲကိုတိုက်ယူကြ။
ဒီမိုကရေစီ
မုချရရမယ်။
ဦးအေးဆောင်
မတ်လ
၂။ ၂၀၁၉။