ငြိမ်းချမ်းစွာ စီတန်းလှည့်လည်တဲ့ သံဃာတွေ ရိုက်နှက်သတ်ဖြတ်ထောင်ချ ခံကြရပြီးတာတောင် စစ်အာဏာရှင်တို့ကို လက်နက်ကိုင်အုံကြွတိုက်ခိုက်ဖို့ မစဉ်းစားကြ၊ မပြောကြတာဟာ တော်တော်ရင့်ကျက်တဲ့ ခန္ဒီပါရမီရှင်တွေဖြစ်နေကြလို့ဘဲလား၊ ဒါမှမဟုတ် အကြမ်းဖက်သမားလို့ အခေါ်ခံရမှာစိုးလို့လား၊ ဒါမှမဟုတ် NGO တွေက ထောက်ပံကြေးဖြတ်မှာ စိုးလို့လား၊ ကိုယ့်အမျိုးအချင်းချင်းမို့ သွေးထွက်သံယို မဖြစ်ချင်တဲ့ မျိုးချစ်စိတ်ကြောင့်လား၊ သေနတ်ကိုမကိုင်တတ်ကြလို့လား၊ တယောက်ယောက်က လုပ်မပြလို့လား၊ ခေါင်းဆောင်သူ မရှိလို့လား။ ဒီလို“လား”တွေ အများအပြားထဲမှာ ကျွန်တော်တို့ ဘယ်လိုစဉ်စား အဖြေရှာရမလဲ။
ကျွန်တော့်အနေနဲ့တော့ ဒီနေ့သန်းရွှေဦးဆောင်တဲ့ စစ်အာဏာရှင် စစ်ဗိုလ်တွေဟာ အမျိုးချစ်စိတ်ဆိုတာ မရှိကြတော့ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း သဘောပေါက်ထားရပါတယ်၊ ဒါအတွက် အထောက်အထားတွေက ၁၉၆၂ ခု ဇူလိုင်၇ရက်နေ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေကို သတ်တာကစပြီး ငွေသိမ်းမှုတွေ၊ ဦးသန့်အရေးအခင်း၊ အလုပ်သမားအရေးအခင်း၊ ဂဂ ခုကျောင်းသားတွေကို အစုအပြုံလိုက်သတ်တာ၊ ၉ဝခု ရွေးကောက်ပွဲရလာဒ် အတိုင်း အာဏာမလွှဲပေးတာ၊ ဒီပဲယင်းလို နိုင်ငံတော်ဆိုသူတွေက ဦးစီးတဲ့အကြမ်းဘက် သတ်ဖြတ်မှုတွေ၊ ကုန်ဈေးနှုန်းကြီးမြင့်တဲ့အတွက် ဆန္ဒပြသူတွေကို အကြမ်းဖက် ဖိနှိပ်တာ၊ နောက်ဆုံး သံဃာတွေကို မြင်မကောင်းလောက်အောင် သတ်ဖြတ်ညှင်းပမ်းတာတွေ၊ နာဂစ်မုန်တိုင်းခံရသူတွေကို အမြန်မကူဘဲ လက်ပိုက်ကြည့် နေရက်တာတွေဟာ စစ်အာဏာရှင်တွေအနေနဲ့ မျိုးချစ်စိတ်လုံးဝ မရှိတာကိုအထပ်ထပ်အခါခါပြနေတာပါဘဲ။ ဒီတော့မျိုးချစ်စိတ်ဟာ စစ်အာဏာရှင်တွေနဲ့ ရင်ဆိုင်ရာမှာ အသုံးဝင်တဲ့ ဆေးမဟုတ်တော့ပါဘူး။ ဒီတော့ မေ့လိုက်ရပါတော့မယ်။ ဖိနှိပ်သူလူတန်းစားကို ဆန့်ကျင်ရတဲ့ အတန်းအစားတိုက်ပွဲအမြင်နဲ့သာ တော်လှန်တိုက်ပွဲဝင်ရမှာဖြစ်ပါတယ်။
သွေးထွက်သံယိုတာကို မလိုလားလို့ သွေးထွက်သံယိုမှုနည်းသွားပါသလား။ ဗုံးဆံတခုဟာ သင့်ပေါင်မှာ စိုက်ဝင်နေတယ်ဆိုပါစို့ ဒီအဆံကို သွေးထွက်ခံ ခွဲမထုတ်ဘဲ အနာမခံဘဲ သက်သာလာမယ်ထင်ပါသလား။ ဒီအ တိုင်းပါဘဲ ဒီနေ့စစ်အာဏာရှင် စနစ်ဟာ ကျွန်တော်တို့အသားထဲမှာ စူးဝင်နေတဲ့ ဗုံးစလိုပါဘဲ အနာမခံမထုတ်ပယ်ရင် ကျွန်တော်တို့ အသက်ကိုတောင်ရန်ရှာစရာရှိပါတယ်။ဒီအတွက် ကျွန်တော်တို့ အနာခံအပင်ပန်းခံ တိုက်ဖျက်ကြရ ပါလိမ့်မယ်။ စူးနေတဲ့ ဗုံးဆံဟာ အလိုလိုဘယ်တော့မှ မထွက်လာပါ။ လေ့လာရတဲ့စကားတခုက “စစ်ထက်ကြောက်စရာကောင်းတဲ့အရာဟာ စစ်ကိုကြောက်ခြင်း” တဲ့။
မျိုးချစ်စိတ်လဲမရှိ၊ လူထုတွေအတွက်လဲ ဘာမှမလုပ်ပေး စစ်ဗိုလ်ချုပ်တွေအတွက် မျက်စ်စုံမှိတ် မိုက်မိုက်ကန်းကန်း ရက်စက်ပြနေတဲ့ လက်ပါးစေ စစ်ဗိုလ်စစ်သားတွေဟာ စစ်ဗိုလ်ချုပ်တွေ အာဏာ တည်မြဲရေးနဲ့ ပိုမိုသွေးစုတ်နိုင်အောင်လုပ်ပေးနေတဲ့ ပြည်သူကိုဆန့်ကျင်ရေး ကြေးစားများသာဖြစ်ကြတယ်။ ဒီလိုဖြစ်နေတာကို နီးစပ်ရာ နအဖတပ်မှူးတပ်သားတွေကို ရှင်းပြပြီး အမြန်ဆုံး လက်နက်ကိုင်အုံကြွနိုင်အောင် တိုက်တွန်းအားပေး ကြရမယ်။ သူတို့စစ်တပ်တွေ၊ ဘားတိုက်တွေ၊ ကင်းတဲတွေထဲက ထွက်ပြေးအောင် အားပေးကြရမယ်။
သီးခံတယ်ဆိုတာဟာ အတိုင်းအရှည်ရှိပါတယ်။ အတိုင်းအရှည်အကန့်အသတ်မရှိရင် ကျွန်တော်တို့အစဉ် အဆက်ဒီလိုဘဲ စစ်အာဏာရှင် စနစ်အောက်မှာ ပြားပြားမှောက်ရင်း အရိုးတွေဆွေးကုန်ကြမယ်၊ အခု စစ် အာဏာရှင် မြန်မာပြည်မှာ ကြီးစိုးနေခဲ့တာ ၆၂ ခုနှစ်က စတွက်ရင် ရာစုနှစ်တဝက်ရှိ ရော့မယ်။ ကျွန်တော်တို့ ကိုယ်ကိုပြန်ကြည့်ပါ၊ ဖိနှိပ်ခံဘဝက ကျွတ်လွတ်ပါရဲ့လား၊ ကြီးပွါးလာဖို့မဆိုထားနဲ့ ယခင်မိဘဖိုးဖွါးတို့ အဆင့် အတန်းမျိုးရှိသေးရဲ့လား။
လူ့ဂုဏ်သိက္ခာဆိုတာက ဘယ်မှာလဲ။ ဒီတော့ နိုင်ငံခြားသားတဦးကမေးတယ် “ခင်ဗျားတို့က စစ် အာဏာရှင်ကိုနိုင်ဦးမှာလား”တဲ့ ။ ကျွန်တော်တို့ငုံ့ခံချည့် နေနေလို့ သူတပါးရဲ့ အထင်သေးအမြင်သေးတာကို ခံကြရပါလိမ့်မယ်။ သီးခံသင့်တဲ့ ကာလတွေ ကုန်လွန်သင့်တာကြာပြီ တိုက်ပွဲကိုသာဝင်ရပါတော့မယ်။
စစ်အာဏာရှင်တွေက ရာစုနှစ်ဝက်လောက် အကြမ်းဘက်လာတာကို ဘယ်သူတွေက အခိုင်အမာ အပြစ်တင် ခဲ့ကြလို့လဲ အခုဆိုနိုငံတကာက ၂ဝ၁ဝရွေးကောက်ပွဲကို အကွယ်အကာယူပြီး နအဖနဲ့ အပေးအယူ လုပ်ဖို့၊ နအဖကို အလှချယ်ပေးချင်သူတွေ ပေါ်လာနေတယ်။ ကျွန်တော်တို့မှာ ကိုယ်အခွင့်အရေးအတွက် ကိုယ်တိုက်ပွဲဝင်ရမှာကိုတောင် အကြမ်းဖက်သမားလို့ နံမည်တပ်ခံရမှာကြောက်နေရတာက အပြင်က လူတွေသိရင် ရီကြမယ် ထင်ပါတယ်။ အီရန်နိုင်ငံနဲ့ ရဝမ်ဒါနိုင်ငံတွေရဲ့ ဖြစ်စဉ်ကို ဘယ်သူက ကြမ်းတယ် နုတယ် အခုပြောကြပါသလဲ။ အောင်ပွဲရတဲ့ သူတွေကို ဘယ်သူက အပြစ်တင်ကြမှာလဲ၊ အပြစ်တင်ရင်တောင် ဘယ် လောက် ကြာကြာတင်နိုင်မှာလဲ။ အောင်ပွဲကဘဲ နောက်ဆုံး လက်တွေ့ အမှန်တရားဖြစ်လာမှာပါ။
NGOs တွေဆီက အကူအညီဖြတ်မှာကြောက်ရင်တော့ တော်လှန်ရေးမလုပ်ဘဲ လူမှုရေးသက်သက် လုပ်ရင်ကောင်းမယ်။ အခုဟာက တော်လှန်ရေးနဲ့ လူမှုရေးဟာ မတူတာကို သိကြပေမဲ့ ငွေမျက်နှာကို ထောက် နေကြတာကို တွေ့ရတယ်။ NGOs တွေကငွေတွေကို အသနားခံပြီး သူတို့တိုင်းပြည်ကပြည်သူတွေဆီက တောင်းလာတာပါ။ ဒီတော့ တိုက်မယ်ခိုက်မယ်ဆိုရင် သူတို့ကမပေးချင်ဘူး။ “တော်လှန်ရေး” ဆိုတဲ့စကားလုံးဆို
ပိုတောင်ကြောက်သေးတယ်။ ကျွန်တော်တို့ အနေနဲ့ တောင်းရမ်းရတဲ့ ငွေမှီပြီးမှ တော်လှန်ရေးလုပ်ရမယ်ဆိုရင် သူများရဲ့ မယားငယ်အလုပ်ခံရ သလိုဖြစ်နေမယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့ ကိုယ့်အား ကိုယ်ကိုးတဲ့ စိတ်ဓါတ်နဲ့ တိုက်ခိုက်ရေးစိတ်ဓါတ်ကို မြှင့်တင်ရင်း တော်လှန်ရေးလမ်းကို လျှောက်ကြရမှာပါဘဲ။
တော်လှန်ရေးကို အောင်မြင်အောင် မဆင်နွဲနိုင်သေးတဲ့အတွက် ခေါင်းဆောင်မှုပြဿနာကို ဆန်းစစ်ဖို့ရာ လိုလာပါတယ်။ ခေါင်းဆောင်ကို စီစစ်တာထက်သူတို့ချတဲ့ လမ်းစဉ်တွေကို စီစစ်ရမှာပါ။ ခေါင်းဆောင် လုပ်သူတွေ ကိုပြောင်းလဲပါ။ ဆင်းပေးပါပြောရမှာက သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ အဖွဲ့ဝင် တွေဖြစ်တယ်။ ကျွန်တော်တို့မှာ တိုက်ရိုက်တာဝန်မရှိပါ။ လမ်းစဉ်အရ ဝေဖန်ပြောဆိုတာတော့ရှိရမှာဘဲ။ ဒီနေ့ကျွန်တော်တွေ့ရှိနေတဲ့ ပြဿနာက ဒေါ်စုရဲ့ အကြမ်းမဖက်တဲ့ နည်းနာတွေက တော်တော်များများကို ရိုက်ခတ်နေတယ်။ ပြည်တွင်းမှာ ကျင့်သုံးရင်ရကောင်းရနိုင်ပေမဲ့ ပြည်ပနဲ့ တောထဲမှာ ကျင့်သုံးလိုမရဘူး။ နေရာဒေသ မတူဖြစ်နေတယ်။ အထူးသဖြင့်တောထဲမှာ နေရတဲ့ တော်လှန်ရေးသမားတွေအတွက် ပိုအခက် အခဲရှိတယ်။ စေ့စပ်ဆွေးနွေးရေးအမြင်နဲ့ လုပ်ရပ်တွေက ဘယ်လောက်အထိ စစ်အာဏာရှင် စနစ်ဖြုတ်ချရေး ကို ထိခိုက်စေသလဲဆိုတာတော့ စေ့စပ်ထားတဲ့အဖွဲ့တွေ ဖြစ်နေပုံ သာကြည့်ပေတော့။
ဒီတော့ ကျွန်တော်တို့ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး အနေနဲ့၊ နအဖစစ်အာဏာရှင်ကို တိုက်ဖျက်ဖြုတ် ချရေးလမ်းစဉ်ကို အခိုင်အမာဆုတ်ကိုင် အကောင်အထည်ဖေါ်သွားမှာ ဖြစ်တယ်။ အဖိနှိပ်ခံညီညွတ်ရေး၊ ဘုံ ရန်သူ ဝိုင်းတိုက်ရေး အချောင်သမားဝါဒ ဆန့်ကျင်ရေးဆိုတဲ့ အခြေခံမူပေါ်မှာ ရပ်တည်တိုက်ပွဲဝင်သွားမယ်။ လမ်းစဉ်မှန်ဖို့ခေါင်းဆောင်မှု မှန်ကန်ဖို့ တော်လှန်ရေးအဖွဲ့အစည်းတိုင်း သက်ဆိုင်ရာ အဖွဲအစည်း အလိုက် လုပ်ကြရမှာပါ။
ရှင်းလင်းနေတဲ့ မြင်ကွင်းက စစ်အာဏာရှင် ဖိနှိပ်သူတွေက အလိုလို မဆင်းသွားသလို၊ ခေါင်းဆောင်ဆိုသူတွေဟာလဲ သူ့ဟာသူဆင်းမဲ့သူ အင်မတန် နည်းမှာဘဲ။ တော်လှန်ရေးဆိုတာ အောက်ခြေ အဆင့်ဆင့်က လုပ်သွားရပါလိမ့်မယ်။ ဖိနှိပ်သူ နအဖ စစ်အာဏာရှင်တွေက အဖိနှိပ်ခံပြည်သူတွေကို တန်ဖိုးထားလေးစားဖို့ ဆိုတာမပြောနဲ့ လူလိုသူလိုတောင် အသိအမှတ်မပြုတော့ ကျွန်တော်တို့ လုပ်ရမှာက စကားပြောပွဲမဟုတ်၊ စေ့စပ်ပွဲမဟုတ်စစ်အာဏာရှင်ဖိနှိပ်သူတွေကို အကြမ်း နည်းနဲ့ဖယ်ရှားဖို့အတွက် အဖိနှိပ်ခံ ပြည်သူအားလုံးက ဝိုင်းဝန်းတိုက်ဖျက်ကြဖို့ဘဲ ဖြစ်တယ်။ ပြည်သူ့ စွမ်းပကားကို ယုံရင်ပေါ့။ မယုံတဲ့လူတွေက တခြားနည်းလမ်းလုပ်ပေါ့။ ဒါက သူ့လမ်းကိုယ့်လမ်းဘဲ။
ကျွန်တော်တို့ဘက်မှာ ပြတ်သားတဲ့ အမြင်နဲ့ တိုက်ပွဲဝင်မှ ပြည်သူတွေရဲ့ပြတ်ပြတ်သားသား အင်နဲ့အားနဲ့ ထောက်ခံတိုက်ပွဲ ဝင်လာ ကြမှာ ဖြစ်တယ်။ ကျွန်တော်တို့ ကိုယ်တိုင်က ဘာမှတိုက်ပွဲမဝင်ဘဲ ရန်သူထံက
တောင်းဆိုမှုသက်သက်၊ နိုင်ငံတကာကို အပူကပ်သက်သက်ဆိုရင်တော့ ကျွန်တော်တို့ ပြည်သူတွေရဲ့ အားကိုးမှု၊ နိုင်ငံတကာရဲ့ ယုံကြည်မှုတွေ ကျဆင်းသွားယုံသာမက စစ်အာဏာရှင်ရဲ့ လှဲ့ကွက်ထဲမှာ NGOs တွေရဲ့ ကြိုးဆွဲရာထဲမှာ တဝဲဝဲလည်နေနေရမှာပါဘဲ။
ဦးရွှေအုန်းလို “ရတဲ့နေရာကနေ လုပ်ရမယ်” ဆိုရင်တော့ သူရတဲ့နေရာက သူလုပ်ပါစေ။ ဝိဓူရဦးချစ်မောင်လဲ ဒီလိုလုပ်ခဲ့တာပါဘဲ။ ကျွန်တော်တို့က ရန်သူပေးတဲ့ နေရာမဟုတ်ဘဲ ကိုယ်ဘာသာ တည်ဆောက်ယူတဲ့နေရာက ထိမိပြတ်သားတဲ့တော်လှန်ရေး၊ အမြင့်ဆုံးဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေး။ စစ်အာဏာရှင် စနစ်ဖြုတ်ချရေးကို မြင့်မြင့်မားမား ရည်မှန်းချက်နဲ့လုပ်ရမှာပါ။
ကျွန်တော်တို့ဟာ တော်လှန်ရေးသမားတွေဖြစ်တယ်။ တရွေ့ရွေ့ဖြစ်စဉ်သမားတွေမဟုတ်ဘူး။ ဒီနေ့ လုပ်ရမည့်အလုပ်က စစ်အာဏာရှင်စနစ်ကို အမြစ်ကနေတော်လှန်မှ ပြည်သူတွေရဲ့ဘဝဟာ သာယာဝ ပြောနိုင်မယ်။ စစ်အာဏာရှင်တွေရဲ့တီးလုံးအတိုင်း လိုက်ကပြီး မရေရာမသေချာတဲ့ မျှော်လင့်ချက် အိမ်မက်တွေ ပေါ်မှာ မှီခိုနေလို့မရဘူး။ စစ်ဗိုလ်ချုပ် တစုလောက်ကို ဝိုင်းညှပ်ထားဖို့ စိတ်ကူးတဲ့ အေးလွင်ဆိုတဲ့လူက သူ ကိုယ်တိုင်က သိုးဖြစ်နေပြီး စစ်ဗိုလ်ချုပ်က မြေခွေးဖြစ်နေတယ်ဆိုတာသူမသိရှာတော့၊ ကြောင်ကို ချူဆွဲမည့် ကြွက် အိမ်မက်သာ ဖြစ်နေတော့တယ်။ ဗိုလ်နေဝင်းတယောက်ကို အားကောင်းတဲ့ ဦးနုအစိုးရက နိုင်အောင် ထိန်းချုပ်နိုင်ခဲ့သလား ပြန်စဉ်းစားကြည့်သင့်တယ်။ အာဏာဟာ ဘယ်ကလာသလဲဆိုတာကို မမေ့သင့်ဘူး။
သူတို့တတွေ စိတ်ကူးယဉ်မှုကို သူတို့မသိပေမဲ့ ပြည်သူတွေက သိပါတယ်။ သူတို့က ရန်သူရဲ့လိုင်စင်ရ နိုင်ငံရေးသမားဆိုတော့ လိုင်စင်မရတဲ့သူ တွေကြားမှာ တမူးသာသလိုလို၊ သူတို့ဟာ ပြည်သူတွေရဲ့ ဆန့် ကျင်တာကို တနည်းမဟုတ်တနည်းခံရမှာပါဘဲ။ ဒီနေ့ကျွန်တော်တို့ လုပ်ရမည့်အလုပ်ဖြစ်တဲ့ စစ်အာဏာ စနစ်တိုက်ဖျက်ရေးဟာ ယနေ့သမိုင်းပေးတာဝန်ဘဲ။ လူထုတိုက်ပွဲနဲ့ လက်နက် ကိုင်တိုက်ပွဲပေါင်း စပ်ဖို့ဘဲ။ တခြား လမ်းလွှဲ လမ်းခွဲတွေက လက်နက်ကိုင် အုံကြွရေးအလုပ်ကို မထိခိုက်ဖို့ ကျွန်တော်တို့ အမြဲတမ်းထိမ်းသိမ်း တည့်မတ်သွားရပါမယ်။ တော်လှန်ရေးရဲ့ အမြင့်ဆုံးလက္ခဏာဖြစ်တဲ့ လက်နက်ကိုင် အုံကြွပုန်ကန်မှုကို ဦးတည် လုပ်ဆောင်ကြရမှာဘဲ။ ရည်ရွယ်ချက်က နအဖစစ်အာဏာရှင်ကို တိုက်ဖျက်ဖို့၊ အမြစ်မကျန်လှန်ပစ်ဖို့ဖြစ်တယ်။ စေ့စပ်ဖို့၊ ဆွေးနွေးဖို့၊ အတုအယောင်ရွေးကောက်ပွဲအတွက် အလုပ်ရှုပ်ခံ၊ အချိန်ကုန်ခံဖို့မဟုတ်ဘူး။
အဖိနှိပ်ခံတို့ညီညွတ်ကြ။
အချောင်သမားဝါဒဆန့်ကျင်ကြ။
စစ်အာဏာရှင်ကို ဝိုင်းတိုက်ကြ။
ဒီမိုကရေစီ မုချရရမယ်။
ဦးအေးဆောင်
မတ်လ၊ ၃ ၊ ၂ဝဝ၉။