ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Saturday, January 30, 2010

နှစ်သစ်ကူး သ၀ဏ်လွှာ


နှစ်သစ်ကူး သ၀ဏ်လွှာ

ပြည်သူလူထုအပေါင်းတို့ ခင်ဗျား -

နှစ်သစ်၂၀၁၀ ခုနှစ်မှာ ပြည်သူလူထုအပေါင်း အားသစ်အင်သစ် အမြင်သစ်တွေနဲ့ ဘ၀ရုန်းကန်မှုတွေကို ရင်ဆိုင်နိုင်စေကြောင်း ဆန္ဒပြုလိုက်ပါတယ်။

၂၀၁၀ ခုနှစ်မှာ ကျွန်တော်တို့ အဓိကရင်ဆိုင်ရမှာက နိုင်ငံရေး ပြဿနာဖြစ်တဲ့ ဗိုလ်သန်းရွှေတို့ ကျေညာထားတဲ့ရွေးကောက်ပွဲဖြစ်ပါတယ်။ နိုင်ငံရေးပြဿနာ ဆိုလို့ ငါတို့ နဲ့ မသက်ဆိုင်ဘူးလို့ လဲ မထင်လိုက်ပါနဲ့ဦး။ နိုင်ငံရေး ပြဿနာက အာဏာကိစ္စ ကို ရောက် သွားမယ်။ ဒီအာဏာကို ကျွန်တော်တို့ အလေးဂရုမပြုရင် ကျွန်တော်တို့ ပြည်သူ့ လက်ထဲမှာ မရှိဘဲ စစ်ဗိုလ်ချုပ် တွေလက်ထဲမှာ ဆက်ရောက်နေလိမ့်မယ်။ ဒီလိုသာဆိုရင် ဒီနေ့ ကျွန်တော်တို့ ဒုက္ခတွေရောက်နေကြရတာတွေဟာ ဘယ်တော့မှ ဆုံးမှာမဟုတ်တော့ဘူး။ စစ်ဗိုလ်ချုပ်ဆိုတာ စစ်သားတွေမဟုတ်ဘူး လက်တဆုပ်စာ လူစုနည်းနည်းလေး သူတို့က ဖိနှိပ်ရက်စက်မှုတွေနဲ့ ကျွန်တော်တို့ ပြည်သူ ၅၄ သန်းကို နေ့စဉ်ဓူဝ နည်းမျိုး စုံနဲ့ ဒုက္ခပေး နေတာ။ ဒီတော့ အာဏာကိစ္စဖြစ်တဲ့ နိုင်ငံရေးကို ဘေးဖယ်ထားလို့ မရဘူး။ ကျွန်တော်တို့ အသက်ရှင်နေထိုင်ရေးကို ချုပ်ချယ်ဟန့်တားနေတာဟာ ဒီစစ်အာဏာရှင် စနစ်ဘဲ။ ဒီကိစ္စ အတွက် အလေးအနက်ထား ပါဝင်တိုက်ပွဲဝင်ဖြေရှင်းကြရမယ်။

လာမည့်ဒီရွေးကောက်ပွဲကလဲအစချီကထည်းက ကောင်းခဲ့တာမဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ အချိန်ဆွဲရေးဆွဲပြီး သန်းရွှေနောက်လိုက်တစုက လွဲလို့မည်သူကမှ မ ထောက်ခံခဲ့တဲ့ ဖွဲစည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအောက်မှာ လုပ်မှာပါ။ ဥပဒေကို အတည်ပြုပုံဟာ သူတို့ဘယ်လောက် ပြည်သူကို စော်ကားတော့မယ်ဆိုတာကို နိမိတ်ပြနေခဲ့ပါပြီ။ အခုလဲ ၂၀၀၉ သာကုန်သွားတယ် ရွေးကောက်ပွဲက ဘယ်မှာနေမှန်း မသိသေးဘူး။ လူထု ကို အမှောင်တိုက်ထဲ သွင်းထားတာပါ။ သူတို့ရဲ့လက်ပါးစေ တွေကတော့ ကြိတ်ကြံနေကြ တယ်။ ကြိုတင်ပြင်ဆင်နေကြတော့တယ်။ လွတ်လပ်တယ်။ တရားမျှတယ်ဆိုတာကို ဘေးချိတ် ပွင်းလင်းမှုတောင်မရှိတဲ့ လိမ်စင်ရွေးကောက်ပွဲဟာ ဘယ်လိုမှ ပြည်သူ့အတွက် ဖြစ်မှာ မဟုတ်တာသေချာပါတယ်။ ကျွန်တော်တို့ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးက ဒီရွေးကောက်ပွဲကို အပြတ်ဆန့်ကျင် သွားမှာပါ။

စစ်အာဏာရှင်တွေ ဆီက အခွင့်အလမ်းတွေ မျှော်လင့်ရင်း စစ်အာဏာရှင်တွေနဲ့ ပလူးးပြီး ပြည်သူကိုဂုတ်ခွစီး အမြတ်ထုတ်ချင်သူ တွေက ဗိုလ်သန်းရွှေရဲ့ရွေးကောက် ပွဲထဲဝင်ပြီး သူတို့လမ်းသူတို့လျှောက်ကြ ပါလိမ့်မယ်။
ဒီနေ့ ကျွန်တော်တို့ တိုင်းပြည်အခြေအနေက ပြိုကွဲနေပါပြီ။ သံဃာတွေကအစ ဆုတောင်းဆန္ဒပြ ချီတက်ပွဲ တွေကို ရက်ရက်စက်စက် ဖိနှိပ်ခဲ့လို့ အမျိုးသားရေး စိတ်ဓါတ် လဲ ပျောက်ပျက်သွား ပါပြီ။ အရပ်ထဲမှာ ရော စစ်တပ်ထဲမှာ ပါဆင်းရဲချမ်းသာကွာဟမှုကြီး မားနေလို့ လူမှုဆက်ဆံ ရေး တွေလဲကျိုးပျက်နေသလို ချစားမှု၊ အကျင့်ပျက်၊ ဘ၀ပျက်မှု တွေဟာ ကြောက်ခမန်း လိလိ ပါဘဲ။“စေ့စပ်” အဖွဲ့တွေရဲ့ နအဖအပေါ်အာခံမှုတွေကတိုင်း ပြည် ပြိုကွဲနေတာကို ဘွားဘွားပေါ်လာနေပါတယ်။

ဒီလိုအခြေအနေမှာ “ စစ်တပ်သာပြိုကွဲရင် ပိုဆိုးမယ်။” ဆိုတဲ့ အမြင်ကလဲပေါ်လာ သေးတယ်။ ဒါက “စစ်အာဏာရှင်နအဖမှ တပါးတခြား ကိုးကွယ်ရာ မရှိ” ဆိုတဲ့ သူတွေ ပါဘဲ။ သူတို့ဟာ စစ်အာဏာရှင်တွေရဲ့ အမြီးစားဘက်၊ ခေါင်းစားဘက် လက်ပါစေ လက် ဝေခံ တွေပါ။ စစ်အာဏာရှင်တွေအတွက် ပြည်သူကို မှိုင်းတိုက်လိုက်တာ ပါ။နအ ဖ စစ်အာဏာရှင် ကို ပြုတ်အောင် ဖြုတ်နိုင်သူဟာ တိုင်းပြည်ကိုလဲ အုပ်ချုပ်နိုင် ထိန်းသိမ်း နိုင်ပါလိမ့်မယ်။ အခက်အခဲဆုံး စစ်အာဏာရှင်ကိုတောင် ဖြိုချနိုင်မှတော့ တခြားပြဿနာ တွေက အသေးအမွှားပေါ့။

ဒီနေ့သန်းရွှေတို့ကျင်သုံးနေတဲ့ စံနစ်ဟာ စစ်ဘုရင်စံနစ်ပါ။ ဒီနေ့ကမ္ဘာပတ် အရင်းရှင် ခေတ်ရဲ့နောက်က မိုင် ၁၀၀၀၀ လောက်အဝေးမှာ ကျန်နေပါပြီ။ ဒါပေမဲ့အမြတ်ထုတ် သွေးစုတ်လိုတဲ့ အရင်းရှင်တွေက ကြမ်းကြမ်းရမ်းရမ်း အမြတ်များများ ထုတ်ပေး နိုင်တဲ့ စစ်ဘုရင် စံနစ် ကိုတနည်းတဖုံနဲ့ အားပေးနေပါလိမ့်ဦးမယ်။ ဒီတော့သန်းရွှေစစ်ဘုရင် အောက် ကကျွန် တော် တို့ ပြည်သူတွေဟာ တိုင်းပြည်ရဲ့ သဃံဇာတတွေအမြတ်ထုတ်ဖို့ လောက်မြင်တဲ့ အရင်း ရှင် တွေ ဆီက အကူအညီနဲ့ ကျွန်တော်တို့ တောင့်တတဲ့ ဒီမိုက ရေစီဆိုတာကို ရနိုင် မှာမ ဟုတ်ဘူး။ သူတို့ကိုမျှော်လင့်အားကိုးနေလို့က မိုးကြီး စုတ်စုတ် ချုပ်ယုံသာ ရှိမှာပါ။ ကျွန် တော်တို့ မှာ ကိုယ့်တော်လှန်ရေး ကိုယ်ဘဲလုပ်ရမှာပါ။

တော်လှန်ရေးကိုဘာမှန်းမသိတဲ့သူကပြောသေးတယ်။“တော်လှန်ရေးလုပ်တာကြာ ပြီ ဘာမှ မဖြစ်လာဘူး။” တဲ့။ အင်္ဂလိပ်တွေ၊ ဂျပန်တွေကို တော်လှန်ခဲ့တာကို သတိမရ သလို၊ဒီနေ့ စစ်အာဏာရှင်စံနစ်တော်လှန်ရေးကို မြန်မာပြည်မှာ ဘယ်တုန်းက ပီပီပြင်ပြင် လုပ် ဘူးလဲ ဆိုတာကော သူစဉ်းစားမိရဲ့လား မပြောတတ်။ အခုဆိုရင် “တော်လှန်ရေး” ဆို တဲ့ စကားတောင် မပြောဝံ့သူတွေက အသပြာထုပ်ြေဲကာင့်ရှေ့တန်းနေရာတွေမှာ ယူနေပြီး တော်လှန်ရေး ဆန့်ကျင်ရေးတွေ လုပ်နေတာကို မမြင်ချင်တဆုံး။ တော်လှန်ရေး မပြောနဲ့ နိုင်ငံရေးတောင် မရှိဘူး။

တော်လှန်ရေးဆိုတာ ပေးဆပ်ရတဲ့ အခြေအနေအချိန်အခါမျိုးမှာ ဘယ်လို ဖြီးပြီး ဘယ်လိုဝါး မယ်။ ဘယ်လိုအကွက်နဲ့ ဘယ်လို အမြတ်မျက်မျက် ရမယ်။ ငါ့လူမျိုး ၊ငါ့ဂိုဏ်း ၊ ငါ့အုပ်စု လောက်အတွက်တွေးပြီး လုပ်ခဲ့ကြ။ လုပ်နေကြတာကို နက်နက်နဲနဲစီစစ် ကြည့် ရင် သိနိုင် ပါတယ်။ ဒီတော့ ကျွန်တော်တို့ ဖိနှိပ်ခံ ပြည်သူအားလုံးက ဖိနှိပ်ခံလူ တန်း စားအားလုံး အတွက် ပီသတဲ့တော်လှန်ရေး၊ စစ်အာဏာရှင် စနစ် တိုက်ဖျက်ရေး ဦးတည် ချက် ကို ပြတ် ပြတ် သားသားလုပ်ဆောင်ရပါမယ်။ တပါတည်းမှာ ဘဲ အချောင်သမား ၀ါဒတိုက်ဖျက်ရေး ဟာ လဲ ဒီနေ့လို အခြေအနေမှာ မရှိမဖြစ်လိုအပ်နေပါတယ်။

စစ်အာဏာရှင်စံနစ်ဟာ ရွေးကောက်ပွဲပြီးရင် ၀တ်ရုံပြောင်းပြီး ပြည်သူတွေကိုလှည့် စားပါတော့မယ်။ ရွေးကောက်ပွဲနဲ့ အပြကောင်းမည့်အစိုးရအရည်ခြုံ ရင်း စစ်အာဏာရှင် စံနစ်သက်ဆိုးရှည် အောင် လုပ်နေမှာပါ။ ဒီအချိန်မှာ “စုန်တိုက်” “ဆန်တိုက်” သမားတွေ၊ “ပူးတိုက်၊ခွါတိုက် ” သမား တွေပေါ်မယ်။ ဘယ်လိုဘဲတိုက်တိုက် စစ်အာဏာရှင်ကို ထိ ရောက်တဲ့ တိုက်ခိုက် မှုတွေကိုသာ ပြည်သူက အားကိုးပါလိမ့်မယ်။ ပြတ်သားတဲ့ တိုက် ပွဲကဘဲ ထိ ရောက်နိုင်ပါတယ်။

ပြည်သူတွေဟာ ဘက်ပေါင်းစုံက စစ်အာဏာရှင် အဖိအနှိပ် ၊အကွပ်အညှပ်ကို ခံနေရပါတယ်။ ဆင်းရဲတွင်း နက်သထက်နက်ပြီး သူများနိုင်ငံတွေမှာအောက်တန်းကျ လွန်းစွာနဲ့ ကျွန်ခံ၊ အသတ်ခံ ရှာဖွေ စားသောက် နေရပါတယ်။ စစ်အာဏာရှင်စံနစ်ကြောင့်ပါဘဲ။ စစ်အာဏာရှင်စံနစ် ရှိနေသ၍ ပြည်သူတွေ အသက်ရှုဝ စရာလမ်းမရှိပါ။ ဒီစနစ်ကို တော် လှန်ရေးကဘဲ အမြစ်က နုတ်နိုင်ပါတယ်။ ကျွန်တော်တို့လုပ်ရမှာ တော်လှန်ရေး ပါဘဲ။ စေ့စပ်ရေးတွေ၊ အပေးအယူတွေနဲ့ မရနိုင်ဘူး။ နှစ်တွေကြာပြီး အချိန်ကုန်ယုံဘဲရှိခဲ့တယ်မဟုတ် လား။

ဒီနေ့ကျွန်တော်တို့ ဆင်နွဲနေရတဲ့ တော်လှန်ရေးဟာ အမျိုးသားလွတ်မြောက်ရေး မဟုတ်ဘူး။ အဖိနှိပ်ခံ လူတန်းစားလွတ်မြောက်ရေးဖြစ်ပါတယ်။သဘာဝအတိုင်းဘဲလူတန်း စားတိုက်ပွဲအကြောင်းကို မရင်းနှီးသေးတာ၊ အမျိုးသားရေး ဦးခွံထဲက မထွက်နိုင်သေးတဲ့ အမြင်တွေကို ကျော်ပြီး အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူလူထုကြီးက စစ်အာဏာရှင်လက် တဆုပ်စာကို ၀ိုင်းဝန်းပြီး “ ပြည်သူ့စစ်ပွဲ မီးပင်လယ် ” နည်းနဲ့ တိုက်ခိုက် ချေမှုန်း ရမှာဖြစ် ပါတယ်။ စစ်အာဏာရှင်သာမက မည်သို့သော ဖိနှိပ်သူပင်ဖြစ်စေ ပြည်သူတွေရဲ့ ဒီတိုက် ပွဲက အောင်ပွဲ သရဖူကို ရနိုင်ပါတယ်။ ကျွန်တော်တို့ပြည်သူတွေသာ စွဲမြဲခိုင်မာစွာလုပ် တတ် ဖို့လိုပါတယ်။ ကျွန်တော် တို့ပြည်သူ့လွတ်မြောက်ရေးတပ်ဦးအနေနှင့် ဒေသအလိုက် လွတ်မြောက်ရေး ကော်မီတီ (လမက) များဖွဲ့ခါ ပြည်သူ့ စစ်ပွဲကို စတင်ဖေါ်ဆောင် နေပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဘာမှ တွေဝေစရာမရှိ ။ ကိုယ့်အလုပ် ကိုယ်လုပ်။ သူ့အလုပ်သူလုပ်ဘဲ။ နတ်ကရာကျီးမော့စရာမလိုပါ။ ကြားဘူးတဲ့ စကား အရ ဆိုရင် “ဒုက္ခသည်ဆိုသည်မှာ ခြေထောက်နှင့် မဲပေးသူများဖြစ်သည်”တဲ့။ ဒီလိုဆိုရင် ကျွန် တော်တို့မှာ စစ်အာဏာရှင် နအဖကို ဆန့်ကျင်မဲပေးသူ ဘယ်လောက်ရ နေပြီလဲဆို တာ တွက်ပြရမလိုဖြစ်သွားပြီ။
ကျွန်တော်တို့ ဘ၀တွေ ဆင်းရဲပြီးအင်မတန်အောက်တန်းနောက်တန်းကျနေတာ ဟာစစ်အာဏာရှင် စနစ်ကြောင့်ဘဲ။ အရင့်အရင်က မိဘဖိုးဖွါးတွေ သူ့ခေတ်နဲ့ သူကိုလိုနီစံနစ်ဆန့်ကျင်ရေး၊ ဖက်စစ် ဆန့်ကျင်ရေးတွေ တာဝန်ကျေကျေလုပ်ခဲ့သလို ကျွန်တော်တို့ ခေတ်ရဲ့ တာဝန်က “စစ်အာဏာရှင် စံနစ် တိုက်ဖျက်ရေး”ဖြစ်တယ်။ဒီတာဝန်ကို ဦးလည်မ သုန် လုပ်ဖို့လိုပါတယ်။ ကျွန်တော်တို့ပြည်သူတွေဟာ နေမ၀င် အင်္ဂလိပ် အင်ပါယာကို တိုက်ခဲ့အောင်မြင်ခဲ့တယ်။

နေမျိုးနွယ်ဂျပန်ဖက်ဆစ်ကိုလဲအနိုင်တိုက်ခဲ့တယ်။ဒီနေ့နဖစစ်အာဏာ ရှင်တွေဟာ နိုင်ငံခြားကလာတဲ့ အားကြီးတဲ့ သူတွေမဟုတ်သလို ကျွန်တော် ပြည်သူ တွေ ကျွေးမွေးလို့သာကြီးပြင်းလာခဲ့တာဖြစ်တော့ ဒဏ်ခတ်ရမည့်နည်းဟာ ပြည်သူ့လက်ထဲမှာဘဲ ရှိပါတယ်။ စစ်အာဏာရှင်တွေဟာ သူ့အပြစ်နဲ့သူပြဿနာနဲ့ ရှုတ်နေတယ်။ ဟိန်ဟန် သာရှိ ပေမဲ့ အတွင်းမှာ ပြိုကျနေတယ်။ ပြည်သူတွေက အင်အားစိုက်ပြီးတကယ်ဖြုတ် ချရင် ပြုတ်မှာဘဲ။ဒါမှသာ ကျွန်တော်တို့ ပြည်သူတွေ လူသား ပီပီသသ ဂုဏ်ရှိရှိ အေး အေးချမ်း ချမ်း ကမ္ဘာမှာ နေနိုင် ပါလိမ့်မယ်။

ပြည်သူလူထုကို ဒီစာအဆုံးသတ်မှီ ဝေမျှချင်တဲ့ စကားတခုက “စစ်ထက် ကြောက်စရာကောင်းတဲ့အရာဟာ စစ်ကိုကြောက်ခြင်းဖြစ်သည်။”တဲ့ဒီတော့ ဒုက္ခသုက္ခတွေ ကြားထဲက သေမထူးနေမထူးဖြစ်နေတဲ့ကျွန်တော်တို့တတွေ ဘာမှတွေဝေစရာမလိုပါဘူး။ စစ်အာဏာရှင် စနစ်ကို မစေ့စပ်စတမ်း ပြတ်ပြတ်သားသား တော်လှန်တိုက်ခိုက် ဖြုတ်ချ ဖို့သာ အရေးကြီးကြောင်း နှစ်သစ်မှာ အကြံပြုအားပေးလိုက်ပါတယ်။

အဖိနှိပ်ခံတို့ ညီညွတ်ကြ။
နေရာအနှံ့ လွတ်မြောက်ရေး ကော်မီတီ ထူထောင်ကြ။
ဘုံရန်သူ စစ်အာဏာရှင် နအဖကို ၀ိုင်းတိုက်ကြ။
တော်လှန်ရေး မုချအောင်ရမယ်။



ဦးအေးဆောင်
အတွင်းရေးမှူးချုပ်
ပြည်သူ့လွတ်မြောက်ရေးတပ်ဦး။
ဇန်န၀ါရီ ၁ ၊ ၂၀၁၀။

ဆက်သွယ်ရန်- ၀၈၉ ၈၃၅၅၃၄၁
email-plfburma@gmail.com





ဆောင်ပုဒ်များ-

စစ်အာဏာကို ပြိုစေလို ၀ိုင်းဝန်းဖြိုဖျက် တယောက်တလက်။
တောရောမြို့ပါ ၀ိုင်းတော်လှန် ဧကန်ပြုတ်ကျ နအဖ။
နေရာတိုင်းမှာ စုစည်းခါ ညီညာဖွဲ့ကြ လမက။
ထချမှ နအဖပြုတ်မည်။

Saturday, December 5, 2009

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်ကြ။

အစိုးရ လက္ခဏာလုံးဝမရှိသည့်အပြင် ခြေဆုံးခေါင်းဆုံး လုံးဝတရားမဝင်သော၊ ရက်စက်မိုက်ရိုင်းလှသည့် စစ်အာဏာရှင်သန်းရွှေတို့က သူတို့စိတ်ကြိုက် ဖွဲ့စည်းပုံဆိုသည်ကိုရေး၊ ကလိန်ကကျစ်နှင့် အတည်ပြုချက် ရယူပြီးနောက် သူတို့ပုံစံချထားသောရွေးကောက်ပွဲကို ၂ဝ၁ဝမှာ ဇွတ်လုပ်ပါတော့မည်။ ဤသို့ လုပ်ရပ်တို့မှာ ယခုမှ မဟုတ် ယခင်ဗိုလ်နေဝင်းက လုပ်ခဲ့ပြီးဖြစ်သည်။

လူထုကရွေးကောက်တင်မြှောက်ထားသော အရပ်သား ဦးနုအစိုးရထံမှ ဗိုလ်နေဝင်းက ၆၂ ခုနှစ်တွင် အကြမ်းဖက်အာဏာသိမ်းခါ စစ်အာဏာရှင် စနစ်ကို ထူထောင်ခဲ့သည်။ ဗိုလ်နေဝင်းသည် တော်လှန်ရေး ကောင်စီ၊ စပ်ကူးမတ်ကူးကာလ၊ မဆလဖွဲ့စည်းပုံဆန္ဒခံယူပွဲ၊ မဆလတပါတီရွေးကောက်ပွဲ၊ စသည်တို့ဖြင့် အမျိုးမျိုးလှည့်ကွက်ကို သုံး၍ စစ်အာဏာရှင်စံနစ်ကို တာရှည်သက်ဆိုးရှည်စေခဲ့သည်။

မရေရာသော အခွင့်အရေးလေးတချို့အတွက် မူလရည်မှန်းချက်ကို ချရောင်းစွန့်လွှတ်သူတို့ကလည်း အား ပေးအားမြှောက်လုပ်ခဲ့ကြသည်။

ဗိုလ်စောမောင်လုပ်ပေးခဲ့သော ၉ဝခုနှစ် ရွေးကောက်ပွဲသည် လူထုအုံကြွမှုကို ချွေးသိပ်ရန်၊ စစ်ပြင်နိုင်ရန် အတွက် အချိန်ဆွဲလှဲ့စားသည့် လုပ်ရပ်သာဖြစ်ခဲ့သည်။ စစ်အာဏာရှင်တို့သည် ၆၂ ခုနှစ်မှ မဆိုထားနှင့် ၈၈ ခုနှစ်မှ ယနေ့တိုင် ကျူးလွန်ခဲ့သော ဒီပဲယင်းလူသတ်မှုကြီး၊ အေးချမ်းစွာ ဆုတောင်းသည့် သံဃာတော်တို့ကို ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်မှုအပါအဝင် ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့သော ပြစ်မှုတို့မှာ ခွင့်လွှတ်နိုင် စရာ မေ့ပျောက်နိုင်စရာ စိုးစင်းမျှမရှိပေ။

စစ်အာဏာရှင်တို့သည် သူတို့အာဏာတည်မြဲရေးအတွက် စက်စုတ်ရွံ့ ရှာဖွယ်ရာ ကောက်ကျစ် ယုတ်မာမှုတို့ကို လုပ်ဆောင်ရန် လက်မနှေးသူ များဖြစ်ကြသည်။ မဆလ ဥပဒေအတည်ပြုသကဲ့သို့ စစ်အာဏာ ရှင်ဗိုလ်သန်းရွှေသည်လည်း ဖိနှိပ်ခါရေးဆွဲထားသည့် သူတို့ဥပဒေကို မသမာသောနည်းဖြင့် အတည်ဖြစ်စေခဲ့ပြီး မလွတ်လပ်သော၊ ဘာမျှအာမခံချက်မရှိသော ၂ဝ၁ဝရွေးကောက်ပွဲကို လုပ်ပေဦး တော့မည်။ သန်းရွှေ လုပ်မည့်ရွေးကောက်ပွဲသည် ပြည်တွင်း ပြည်ပ ဖိအားတို့အားရှောင်လွှဲရန်အတွက် မြန်မာနှင့် ကမ္ဘာပြည်သူတို့ မျက်စိကို သဲနှင့်ပက်ခြင်းသာဖြစ်သည်။

ရိုးသားသည့် နိုင်ငံရေးအင်အားစုတို့သည် မဆလ၊ နဝတ၊ နအဖ စစ်အာဏာရှင်တို့ ပြည်သူ အပေါ် တလျှောက်လုံး ကျူးလွန်ခဲ့သည့် ပြစ်မှုများ ဖိနှိပ်ရက်စက်မှုများကို ဖုံးကွယ်ရန်၊ မေ့ပျောက်ရန်၊ ဖျောက်ဖျက်ရန် လုပ်ဆောင်ကြလိမ့်မည် မဟုတ်။ စစ်အာဏာရှင်တို့ တီးလုံးအတိုင်း လိုက်ကကြမည်မဟုတ်ပေ။

စစ်တပ်အားကိုးဖြင့် ကြီးစိုးနေသော စစ်အာဏာရှင်တို့ကို ရွေးကောက်ပွဲဖြင့် ဖယ်ရှားနိုင်ရန်အကြောင်းမရှိ။ ပြည်သူတို့၏ အင်အားဖြင့်တိုက်ယူသော တော်လှန်ရေးဖြင့်သာ စစ်အာဏာရှင်တို့ကို ဖြုတ်ချပြီး၊ ပီပြင်သော ဒီမိုကရေစီနည်းကျ အရပ်သားအစိုးရကို ထူထောင်နိုင်ပါလိမ့်မည်။

ကျွန်ုပ်တို့ပြည်သူများလုပ်ဆောင်ရန်မှာ -

စစ်အာဏာရှင်တို့၏ အမျိုးမျိုးလှဲ့စားဖြားယောင်းမှုများ နောက်သို့ ရောယောင်မလိုက်ဘဲ၊ စစ်အာဏာရှင်တို့သည် သူတို့အလုပ်သူတို့ လုပ်သကဲ့သို့ ပြည်သူများကလည်း ကိုယ့်အလုပ် ကိုယ်လုပ်ရန် သာလိုပါသည်။ ဤသည်မှာ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးလုပ်ငန်းကို စူးစိုက် လုပ်ဆောင်ခြင်းသာ ဖြစ်ပေသည်။

ထို့ကြောင့်ကျွန်ုပ်တို့ပြည်သူ့လွတ်မြောက်ရေးတပ်ဦးအနေဖြင့် စစ်အာဏာရှင်သန်းရွှေတို့၏ လှဲ့စား ဖြားယောင်းမှု တစ်ခုဖြစ်သော ၂ဝ၁ဝ ရွေးကောက်ပွဲကို အယုံအကြည်မရှိ လုံးဝဆန့်ကျင်သွားမည်။

အမှန်တကယ်တိုင်းပြည်ပြဿနာကို အေးချမ်းစွာဖြေရှင်းလိုပါက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော အင်အားစုများ၏ ပါတီပေါင်းစုံကွန်ဖရင့် ခေါ်ဆိုခြင်းဖြင့်သာ ဖြေရှင်းနိုင်ပေလိမ့်မည်။ တခြားလုပ်ရပ်တို့သည် စစ်အာဏာရှင်သက်ဆိုးရှည်စေပြီး၊ ပြည်သူများအား ဒုက္ခဆင်းရဲတွင်းပိုမိုနက်စေရန် သာဖြစ်စေလိမ့်မည်။

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေးအတွက် အသက်သွေးချွေး စတေးခဲ့ကြသူ သံဃာနှင့် ရဲဘော်ရဲဘက်များ၏ သစ္စာကိုတည်၍ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ်ပြီး၊ စစ်အာဏာရှင်စံနစ်တိုက်ဖျက်ရေး ရည်မှန်းချက်ကို ပြတ်ပြတ်သားသား ခိုင်မာစွာ ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ကြေငြာလိုက်သည်။

ဘုံရန်သူစစ်အာဏာရှင်ကို ဝိုင်းတိုက်ကြ။

တော်လှန်ရေးမုချ အောင်ရမည်။

ဒီမိုကရေစီ မုချရရမည်။

ဦးစီးကော်မီတီ။
ပြည်သူ့လွတ်မြောက်ရေးတပ်ဦး။
ရက်စွဲ ဇန်နဝါရီ ၄ ရက်၊ ၂ဝဝ၉

Tuesday, August 4, 2009

အလံနီလက်ကျန် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး မြန်မာနယ်စပ်တွင် အထူး ဒုက္ခရောက်လျှက်ရှိ























ရဲနီဟောင်းများပုံ (ညာဘက်အစွန်မှ ရဲနီ အောင်နိုင် ကွယ်လွန်) ဓါတ်ပုံ - PLF


8/2/2009
ဘင်္ဂလာဒေခ်ျ့နိုင်ငံ စစ်တကောင်း တောင်တန်းနယ် အင်းသုံးဆယ် ကျေးရွာအနီးတွင် တောင်ယာစိုက်ပျိုးပြီး အသက်မွေး ၀မ်းကျောင်းပြုနေသူ အလံနီလက်ကျန် အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၂) ဦးမှာ ယခုအခါ အခက်အခဲပေါင်းစုံနှင့် ရင်ဆိုင်နေကြရ သည်ဟု သတင်းရရှိသည်။

အင်သုံးဆယ် ဆရာတော်မှ “အသက်အရွယ် အလွန်ကြီးရင့်နေတဲ့အတွက် မြန်မာ ပြည်ကို ပြန်သွားပြီး အေးအေးဆေးဆေးပြန်နေဖို့ ပြောပေမယ့် သူတို့ ကလက်မခံဘူး။ ခုလို တသက်လုံး တော်လှန်ရေးလုပ်လာပြီးမှ သေမယ့်အချိန်နီးမှ လက်နက်ချတဲ့ အလုပ်တော့မလုပ်ချင်တော့ဘူးဆိုပီး တောထဲမှာ နေထိုင်နေကြတာ ဖြစ်ပါတယ်။ ခုလို မိုးတွင်းကာလမှာဆိုရင် သူတို့တွေ အခြေအနေက ပိုမိုဆိုးရွားပြီး စားဝတ်နေရေး အပြင် ဆေးဝါးမရှိတာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ အသက်အရွယ်လည်း တော်တော်ကြီးရင့် နေတဲ့အတွက် အခက်အခဲတွေကတော့ အများကြီးရှိနေပါတယ် ” ဟု နိရဉ္စရာသို့ ပြောသည်။

သူတို့ ၄ ဦးတွင် သုံးဦးမှာ ဗမာလူမျိုးများ ဖြစ်ကြပြီး တဦးမှာ ချင်းအမျိုးသမီး ဖြစ်သည်။

“သူတို့ရဲ့ ခေါင်းဆောင် ဦးအောင်နိုင် ဆင်းနှင်းပြီး လွန်ခဲ့တဲ့နှစ်က သေဆုံးသွားတဲ့နောက် အခုနောက်ဆုံးကျန်နေခဲ့တဲ့သူ ၄ ဦးကတော့ ဦးစံသိန်း၊ ဦးချစ်ပုံ၊ ဒေါ်ဝင်းမေ ( ရဲနီသော်တာဇနီး) နှင့် ဒေါ်မေပုတို့ဖြစ်ကြပါတယ် ” ဟု ဆရာတော်က ပြောသည်။

သူတို့မှာ ရဲနီသော်တာနှင့်အတူ မဆလအစိုးရမှ ရခိုင်ပြည်နယ်ကို ဖြတ်လေးဖြတ်ဖြင့် စစ်ဆင်ရေးလုပ်စဉ် ၁၉၈၀ ၀န်းကျင်က ဘင်္ဂလာဒေခ်ျ့ကို ထွက်ပြေး တိမ်းရှောင်လာခဲ့ကြသူများ ဖြစ်သည်။

အဆိုပါ အလံနီပါတီဝင်များမှာ သခင်စိုးလက်နက်ချသွားခဲ့သော်လည်း လက်နက် မချဘဲ ရခိုင်ရိုးမတွင် ကျန်ရှိနေခဲ့သူများ ဖြစ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးစကတည်းက တော်လှန်ရေး လုပ်လာသူများ ဖြစ်ကြသည်ဟု သိရသည်။

ဘင်္ဂင်္လာဒေခ်ျ့တွင် ရောက်ရှိစဉ်က အင်အား ၃၀ ခန့်သာ ပါရှိလာခဲ့ပြီး နောက်ပိုင်းတွင် ဦးသော်တာအပါအ၀င် ခေါင်းဆောင်များမှာ အသက်အရွယ် ကြီးရင့်လာသဖြင့် သေဆုံး ကုန်ပြီး ယခုနောက်ဆုံး အဖွဲ့ဝင် ၄ ဦးကျန်နေခဲ့ခြင်း ဖြစ်သည်။

ရဲနီသော်တာမှာ ကော့ဘဇားမြို့တွင် ရုတ်တရက် ၁၉၉၄ ခုနှစ်က ကွယ်လွန်အနိစ္စ ရောက်သွားခဲ့သည်။
ရန်သူထံမှ လက်နက်မချဘဲ သေသည်အထိ ယုံကြည်ချက်ကို ခိုင်မာစွာဆုတ်ကိုင်ပြီး တော်လှန်တိုက်ပွဲဝင်သွားသူ တဦးဖြစ်သဖြင့် ရဲနီသော်တာကို လေးစားသော ရခိုင်တော်လှန်ရေးသမားများက ကော့ဘဇားမြို့ သချူင်္ိင်းတွင် အုတ်ဂူ ငယ်လေးတခု ပြုလုပ်ပြီး ဂုဏ်ပြုထားသည်ဟု သိရသည်။

Source: http://www.narinjara.com/detailsbur.asp?id=1990

Saturday, May 9, 2009

ဘန်ယဉ်တိုက်ပွဲမျိုးကို နေရာအနှံ ဖေါ်ဆောင်ကြ




ဘန်ယဉ်တိုက်ပွဲမျိုးကို နေရာအနှံ ဖေါ်ဆောင်ကြ


မေလ ၃ ရက်နေ့ မနက်မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်တို့ ပူးပေါင်းပြီး နအဖရဲ့ ခြေမြန်တပ်ရင်း ၄၂၆ ကို ဆီဆိုင်မြို့ နယ် ဘန်ယဉ်ကျေးရွာနားမှာ တိုက်ခိုက်ချေမှုန်း လိုက် ပါတယ်။ လက်နက်ခဲယမ်းများနဲ့ ဆက်သွယ်ရေး စက်ပါ သိမ်းယူနိုင်ခဲ့တယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ဟာ နအဖနဲ့စေ့စပ်ထားတဲ့ ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ရလလဖ) က ၂ဝဝ၇ ဇန်နဝါရီလ မှာ ခွဲထွက်လာတဲ့ အဖွဲ့ဖြစ်တယ်။

ဘန်ယဉ်တိုက်ပွဲဟာ နအဖနဲ့စေ့စပ်ထားတဲ့ အဖွဲ့တွေ၊ စေ့စပ်ဦးမည့်အဖွဲ့တွေ၊ နအဖရဲ့ ဟန်ပြ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အကြံအဖန်လုပ်ချင် သူတွေ၊ ဘာလုပ်ရမလဲ မသိသူတွေကို မရေရာတဲ့ အိမ်မက်ထဲက လှန့်နိုးစေလိုက်ပါတယ်။ အထူးသဖြင့် ဖိနှိပ်ရက်စက်လွန်းတဲ့ နအဖကို ပအိုဝ်းအမျိုးသားတွေ ရဲ့ ပြင်းထန်တဲ့ ဆန့်ကျင်မှု စိတ်ဓါတ်ကို ပြသရာရောက်သလို၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ဟာ ရှုပ်ထွေပွေလီနေတဲ့ ရန်သူရဲ့ ပရိယာယ်ကို လက်နက်ကိုင် တိုက်ပွဲနည်းနဲ့ တိုက်ရင်နိုင်ကြောင်း ပြသလိုက်တာ ဖြစ်ပါတယ်။

ဘန်ယဉ်တိုက်ပွဲကြောင့် နအဖစစ်အာဏာရှင်တွေက သူတိုလုပ်နေကျအတိုင်းသားတွေကို အနိုင်ကျင့် ရက်စက် ပြပါလိမ့်မယ်။ ကြွက်မနိုင် ကျည်မီးရှို့ လုပ်ကြပါလိမ့်မယ်။ ဒီလိုရက်စက်မှုတွေဟာ တိုက်ပွဲမဆင်လဲ နအဖအာဏာရှင်တွေက လုပ်နေမြဲလုပ်နေတာဖြစ်တော့ ပြည်သူတွေ အတွက် ဘာမှမထူးတော့သလို ဖြစ်နေပြီ။ တိုက်ပွဲဝင်မှသာ ပြည်သူတွေဘဝဟာ စစ်အာဏာရှင် စံနစ်အောက်က လွတ်မြောက်ရေး မျှော်လင့်ချက်ကို ရ စရာရှိပါတယ်။

ဘန်ယဉ်တိုက်ပွဲမျိုးတွေကို နေရာအနှံဖေါ်နိုင်အောင် ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေဘက်က စူးစိုက်လုပ်ဆောင်သင့် ပါတယ်။ ဒါမှသာ ရန်သူဟာ ကျည်မီးရှို့ တဲ့ အလုပ်ကို မလုပ်နိုင်ဖြစ်သွားပါလိမ့်မယ်။ ကျွန်တော်တို့ တတွေ သူများလုပ်တာ ထိုင်ကြည့်၊ ထိုင်စောင့်ဆိုရင်တော့ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်သွေးစုတ်တာကို တိုက်ဖျက်ဖြိုချရာမရောက်သလို ဖြစ်နေပါလိမ့်မယ်။ ကရင်နယ်မြေတွေ၊ ရှမ်းနယ်မြေတွေ၊ ပအိုဝ်းနယ်မြေတွေ၊ ရခိုင်နယ်မြေတွေ မှာ ဗိုလ်ကျမင်းမူနေတဲ့ နအဖစစ်အာဏာရှင် ဆန့်ကျင်ရေး လက်နက်ကိုင် တိုက်ပွဲတွေ အစပျိုးနေကြပါတယ်။ ပြည်သူ့တိုက်ပွဲ မီးပင်လယ်ကို ဝိုင်းဝန်းဖန်တီးပြီး နအဖ စစ်အာဏာရှင်တွေကို ချေမှုန်းနိုင်အောင် ကြိုးပမ်းကြရမှာပါ။ စစ်အာဏာရှင်တွေကို ပြည်သူတွေက အနိုင်တိုက်နိုင်ကြောင်း ပြသတဲ့ တိုက်ပွဲတွေ ဆက်တိုက် ဖေါ်ထုတ်သင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။

နအဖစစ်အာဏာရှင်တို့အပေါ် ရန်ငါ စည်းပြတ်တဲ့ ပအိုဝ်းပြည်သူ့လွတ်မြောက်ရေးတပ်နဲ့ ရန်သူကိုတိုက်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်တို့ကို ကျွန်တော်တို့ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးမှ ဂုဏ်ပြုပြီး လှိုက်လှိုက်လှဲလှဲ အားပေးထောက်ခံကြောင်း ဖေါ်ပြလိုက်ပါတယ်။

အဖိနှိပ်ခံတို့ ညီညွတ်ကြ။
ဘုံရန်သူစစ်အာဏာရှင်ကို ဝိုင်းတိုက်ကြ။
ဒီမိုကရေစီမုချ ရရမယ်။

ဦးစီးကော်မီတီ
ပြည်သူ့လွတ်မြောက်ရေးတပ်ဦး။
မေလ၊ ၉၊ ၂ဝဝ၉။

Tuesday, March 3, 2009

ဘာကြောင့် လက်နက်ကိုင်အုံကြွမှုကို မပြောကြသလဲ။

ငြိမ်းချမ်းစွာ စီတန်းလှည့်လည်တဲ့ သံဃာတွေ ရိုက်နှက်သတ်ဖြတ်ထောင်ချ ခံကြရပြီးတာတောင် စစ်အာဏာရှင်တို့ကို လက်နက်ကိုင်အုံကြွတိုက်ခိုက်ဖို့ မစဉ်းစားကြ၊ မပြောကြတာဟာ တော်တော်ရင့်ကျက်တဲ့ ခန္ဒီပါရမီရှင်တွေဖြစ်နေကြလို့ဘဲလား၊ ဒါမှမဟုတ် အကြမ်းဖက်သမားလို့ အခေါ်ခံရမှာစိုးလို့လား၊ ဒါမှမဟုတ် NGO တွေက ထောက်ပံကြေးဖြတ်မှာ စိုးလို့လား၊ ကိုယ့်အမျိုးအချင်းချင်းမို့ သွေးထွက်သံယို မဖြစ်ချင်တဲ့ မျိုးချစ်စိတ်ကြောင့်လား၊ သေနတ်ကိုမကိုင်တတ်ကြလို့လား၊ တယောက်ယောက်က လုပ်မပြလို့လား၊ ခေါင်းဆောင်သူ မရှိလို့လား။ ဒီလို“လား”တွေ အများအပြားထဲမှာ ကျွန်တော်တို့ ဘယ်လိုစဉ်စား အဖြေရှာရမလဲ။

ကျွန်တော့်အနေနဲ့တော့ ဒီနေ့သန်းရွှေဦးဆောင်တဲ့ စစ်အာဏာရှင် စစ်ဗိုလ်တွေဟာ အမျိုးချစ်စိတ်ဆိုတာ မရှိကြတော့ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း သဘောပေါက်ထားရပါတယ်၊ ဒါအတွက် အထောက်အထားတွေက ၁၉၆၂ ခု ဇူလိုင်၇ရက်နေ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေကို သတ်တာကစပြီး ငွေသိမ်းမှုတွေ၊ ဦးသန့်အရေးအခင်း၊ အလုပ်သမားအရေးအခင်း၊ ဂဂ ခုကျောင်းသားတွေကို အစုအပြုံလိုက်သတ်တာ၊ ၉ဝခု ရွေးကောက်ပွဲရလာဒ် အတိုင်း အာဏာမလွှဲပေးတာ၊ ဒီပဲယင်းလို နိုင်ငံတော်ဆိုသူတွေက ဦးစီးတဲ့အကြမ်းဘက် သတ်ဖြတ်မှုတွေ၊ ကုန်ဈေးနှုန်းကြီးမြင့်တဲ့အတွက် ဆန္ဒပြသူတွေကို အကြမ်းဖက် ဖိနှိပ်တာ၊ နောက်ဆုံး သံဃာတွေကို မြင်မကောင်းလောက်အောင် သတ်ဖြတ်ညှင်းပမ်းတာတွေ၊ နာဂစ်မုန်တိုင်းခံရသူတွေကို အမြန်မကူဘဲ လက်ပိုက်ကြည့် နေရက်တာတွေဟာ စစ်အာဏာရှင်တွေအနေနဲ့ မျိုးချစ်စိတ်လုံးဝ မရှိတာကိုအထပ်ထပ်အခါခါပြနေတာပါဘဲ။ ဒီတော့မျိုးချစ်စိတ်ဟာ စစ်အာဏာရှင်တွေနဲ့ ရင်ဆိုင်ရာမှာ အသုံးဝင်တဲ့ ဆေးမဟုတ်တော့ပါဘူး။ ဒီတော့ မေ့လိုက်ရပါတော့မယ်။ ဖိနှိပ်သူလူတန်းစားကို ဆန့်ကျင်ရတဲ့ အတန်းအစားတိုက်ပွဲအမြင်နဲ့သာ တော်လှန်တိုက်ပွဲဝင်ရမှာဖြစ်ပါတယ်။


သွေးထွက်သံယိုတာကို မလိုလားလို့ သွေးထွက်သံယိုမှုနည်းသွားပါသလား။ ဗုံးဆံတခုဟာ သင့်ပေါင်မှာ စိုက်ဝင်နေတယ်ဆိုပါစို့ ဒီအဆံကို သွေးထွက်ခံ ခွဲမထုတ်ဘဲ အနာမခံဘဲ သက်သာလာမယ်ထင်ပါသလား။ ဒီအ တိုင်းပါဘဲ ဒီနေ့စစ်အာဏာရှင် စနစ်ဟာ ကျွန်တော်တို့အသားထဲမှာ စူးဝင်နေတဲ့ ဗုံးစလိုပါဘဲ အနာမခံမထုတ်ပယ်ရင် ကျွန်တော်တို့ အသက်ကိုတောင်ရန်ရှာစရာရှိပါတယ်။ဒီအတွက် ကျွန်တော်တို့ အနာခံအပင်ပန်းခံ တိုက်ဖျက်ကြရ ပါလိမ့်မယ်။ စူးနေတဲ့ ဗုံးဆံဟာ အလိုလိုဘယ်တော့မှ မထွက်လာပါ။ လေ့လာရတဲ့စကားတခုက “စစ်ထက်ကြောက်စရာကောင်းတဲ့အရာဟာ စစ်ကိုကြောက်ခြင်း” တဲ့။

မျိုးချစ်စိတ်လဲမရှိ၊ လူထုတွေအတွက်လဲ ဘာမှမလုပ်ပေး စစ်ဗိုလ်ချုပ်တွေအတွက် မျက်စ်စုံမှိတ် မိုက်မိုက်ကန်းကန်း ရက်စက်ပြနေတဲ့ လက်ပါးစေ စစ်ဗိုလ်စစ်သားတွေဟာ စစ်ဗိုလ်ချုပ်တွေ အာဏာ တည်မြဲရေးနဲ့ ပိုမိုသွေးစုတ်နိုင်အောင်လုပ်ပေးနေတဲ့ ပြည်သူကိုဆန့်ကျင်ရေး ကြေးစားများသာဖြစ်ကြတယ်။ ဒီလိုဖြစ်နေတာကို နီးစပ်ရာ နအဖတပ်မှူးတပ်သားတွေကို ရှင်းပြပြီး အမြန်ဆုံး လက်နက်ကိုင်အုံကြွနိုင်အောင် တိုက်တွန်းအားပေး ကြရမယ်။ သူတို့စစ်တပ်တွေ၊ ဘားတိုက်တွေ၊ ကင်းတဲတွေထဲက ထွက်ပြေးအောင် အားပေးကြရမယ်။

သီးခံတယ်ဆိုတာဟာ အတိုင်းအရှည်ရှိပါတယ်။ အတိုင်းအရှည်အကန့်အသတ်မရှိရင် ကျွန်တော်တို့အစဉ် အဆက်ဒီလိုဘဲ စစ်အာဏာရှင် စနစ်အောက်မှာ ပြားပြားမှောက်ရင်း အရိုးတွေဆွေးကုန်ကြမယ်၊ အခု စစ် အာဏာရှင် မြန်မာပြည်မှာ ကြီးစိုးနေခဲ့တာ ၆၂ ခုနှစ်က စတွက်ရင် ရာစုနှစ်တဝက်ရှိ ရော့မယ်။ ကျွန်တော်တို့ ကိုယ်ကိုပြန်ကြည့်ပါ၊ ဖိနှိပ်ခံဘဝက ကျွတ်လွတ်ပါရဲ့လား၊ ကြီးပွါးလာဖို့မဆိုထားနဲ့ ယခင်မိဘဖိုးဖွါးတို့ အဆင့် အတန်းမျိုးရှိသေးရဲ့လား။

လူ့ဂုဏ်သိက္ခာဆိုတာက ဘယ်မှာလဲ။ ဒီတော့ နိုင်ငံခြားသားတဦးကမေးတယ် “ခင်ဗျားတို့က စစ် အာဏာရှင်ကိုနိုင်ဦးမှာလား”တဲ့ ။ ကျွန်တော်တို့ငုံ့ခံချည့် နေနေလို့ သူတပါးရဲ့ အထင်သေးအမြင်သေးတာကို ခံကြရပါလိမ့်မယ်။ သီးခံသင့်တဲ့ ကာလတွေ ကုန်လွန်သင့်တာကြာပြီ တိုက်ပွဲကိုသာဝင်ရပါတော့မယ်။

စစ်အာဏာရှင်တွေက ရာစုနှစ်ဝက်လောက် အကြမ်းဘက်လာတာကို ဘယ်သူတွေက အခိုင်အမာ အပြစ်တင် ခဲ့ကြလို့လဲ အခုဆိုနိုငံတကာက ၂ဝ၁ဝရွေးကောက်ပွဲကို အကွယ်အကာယူပြီး နအဖနဲ့ အပေးအယူ လုပ်ဖို့၊ နအဖကို အလှချယ်ပေးချင်သူတွေ ပေါ်လာနေတယ်။ ကျွန်တော်တို့မှာ ကိုယ်အခွင့်အရေးအတွက် ကိုယ်တိုက်ပွဲဝင်ရမှာကိုတောင် အကြမ်းဖက်သမားလို့ နံမည်တပ်ခံရမှာကြောက်နေရတာက အပြင်က လူတွေသိရင် ရီကြမယ် ထင်ပါတယ်။ အီရန်နိုင်ငံနဲ့ ရဝမ်ဒါနိုင်ငံတွေရဲ့ ဖြစ်စဉ်ကို ဘယ်သူက ကြမ်းတယ် နုတယ် အခုပြောကြပါသလဲ။ အောင်ပွဲရတဲ့ သူတွေကို ဘယ်သူက အပြစ်တင်ကြမှာလဲ၊ အပြစ်တင်ရင်တောင် ဘယ် လောက် ကြာကြာတင်နိုင်မှာလဲ။ အောင်ပွဲကဘဲ နောက်ဆုံး လက်တွေ့ အမှန်တရားဖြစ်လာမှာပါ။

NGOs တွေဆီက အကူအညီဖြတ်မှာကြောက်ရင်တော့ တော်လှန်ရေးမလုပ်ဘဲ လူမှုရေးသက်သက် လုပ်ရင်ကောင်းမယ်။ အခုဟာက တော်လှန်ရေးနဲ့ လူမှုရေးဟာ မတူတာကို သိကြပေမဲ့ ငွေမျက်နှာကို ထောက် နေကြတာကို တွေ့ရတယ်။ NGOs တွေကငွေတွေကို အသနားခံပြီး သူတို့တိုင်းပြည်ကပြည်သူတွေဆီက တောင်းလာတာပါ။ ဒီတော့ တိုက်မယ်ခိုက်မယ်ဆိုရင် သူတို့ကမပေးချင်ဘူး။ “တော်လှန်ရေး” ဆိုတဲ့စကားလုံးဆို
ပိုတောင်ကြောက်သေးတယ်။ ကျွန်တော်တို့ အနေနဲ့ တောင်းရမ်းရတဲ့ ငွေမှီပြီးမှ တော်လှန်ရေးလုပ်ရမယ်ဆိုရင် သူများရဲ့ မယားငယ်အလုပ်ခံရ သလိုဖြစ်နေမယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့ ကိုယ့်အား ကိုယ်ကိုးတဲ့ စိတ်ဓါတ်နဲ့ တိုက်ခိုက်ရေးစိတ်ဓါတ်ကို မြှင့်တင်ရင်း တော်လှန်ရေးလမ်းကို လျှောက်ကြရမှာပါဘဲ။

တော်လှန်ရေးကို အောင်မြင်အောင် မဆင်နွဲနိုင်သေးတဲ့အတွက် ခေါင်းဆောင်မှုပြဿနာကို ဆန်းစစ်ဖို့ရာ လိုလာပါတယ်။ ခေါင်းဆောင်ကို စီစစ်တာထက်သူတို့ချတဲ့ လမ်းစဉ်တွေကို စီစစ်ရမှာပါ။ ခေါင်းဆောင် လုပ်သူတွေ ကိုပြောင်းလဲပါ။ ဆင်းပေးပါပြောရမှာက သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ အဖွဲ့ဝင် တွေဖြစ်တယ်။ ကျွန်တော်တို့မှာ တိုက်ရိုက်တာဝန်မရှိပါ။ လမ်းစဉ်အရ ဝေဖန်ပြောဆိုတာတော့ရှိရမှာဘဲ။ ဒီနေ့ကျွန်တော်တွေ့ရှိနေတဲ့ ပြဿနာက ဒေါ်စုရဲ့ အကြမ်းမဖက်တဲ့ နည်းနာတွေက တော်တော်များများကို ရိုက်ခတ်နေတယ်။ ပြည်တွင်းမှာ ကျင့်သုံးရင်ရကောင်းရနိုင်ပေမဲ့ ပြည်ပနဲ့ တောထဲမှာ ကျင့်သုံးလိုမရဘူး။ နေရာဒေသ မတူဖြစ်နေတယ်။ အထူးသဖြင့်တောထဲမှာ နေရတဲ့ တော်လှန်ရေးသမားတွေအတွက် ပိုအခက် အခဲရှိတယ်။ စေ့စပ်ဆွေးနွေးရေးအမြင်နဲ့ လုပ်ရပ်တွေက ဘယ်လောက်အထိ စစ်အာဏာရှင် စနစ်ဖြုတ်ချရေး ကို ထိခိုက်စေသလဲဆိုတာတော့ စေ့စပ်ထားတဲ့အဖွဲ့တွေ ဖြစ်နေပုံ သာကြည့်ပေတော့။

ဒီတော့ ကျွန်တော်တို့ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး အနေနဲ့၊ နအဖစစ်အာဏာရှင်ကို တိုက်ဖျက်ဖြုတ် ချရေးလမ်းစဉ်ကို အခိုင်အမာဆုတ်ကိုင် အကောင်အထည်ဖေါ်သွားမှာ ဖြစ်တယ်။ အဖိနှိပ်ခံညီညွတ်ရေး၊ ဘုံ ရန်သူ ဝိုင်းတိုက်ရေး အချောင်သမားဝါဒ ဆန့်ကျင်ရေးဆိုတဲ့ အခြေခံမူပေါ်မှာ ရပ်တည်တိုက်ပွဲဝင်သွားမယ်။ လမ်းစဉ်မှန်ဖို့ခေါင်းဆောင်မှု မှန်ကန်ဖို့ တော်လှန်ရေးအဖွဲ့အစည်းတိုင်း သက်ဆိုင်ရာ အဖွဲအစည်း အလိုက် လုပ်ကြရမှာပါ။

ရှင်းလင်းနေတဲ့ မြင်ကွင်းက စစ်အာဏာရှင် ဖိနှိပ်သူတွေက အလိုလို မဆင်းသွားသလို၊ ခေါင်းဆောင်ဆိုသူတွေဟာလဲ သူ့ဟာသူဆင်းမဲ့သူ အင်မတန် နည်းမှာဘဲ။ တော်လှန်ရေးဆိုတာ အောက်ခြေ အဆင့်ဆင့်က လုပ်သွားရပါလိမ့်မယ်။ ဖိနှိပ်သူ နအဖ စစ်အာဏာရှင်တွေက အဖိနှိပ်ခံပြည်သူတွေကို တန်ဖိုးထားလေးစားဖို့ ဆိုတာမပြောနဲ့ လူလိုသူလိုတောင် အသိအမှတ်မပြုတော့ ကျွန်တော်တို့ လုပ်ရမှာက စကားပြောပွဲမဟုတ်၊ စေ့စပ်ပွဲမဟုတ်စစ်အာဏာရှင်ဖိနှိပ်သူတွေကို အကြမ်း နည်းနဲ့ဖယ်ရှားဖို့အတွက် အဖိနှိပ်ခံ ပြည်သူအားလုံးက ဝိုင်းဝန်းတိုက်ဖျက်ကြဖို့ဘဲ ဖြစ်တယ်။ ပြည်သူ့ စွမ်းပကားကို ယုံရင်ပေါ့။ မယုံတဲ့လူတွေက တခြားနည်းလမ်းလုပ်ပေါ့။ ဒါက သူ့လမ်းကိုယ့်လမ်းဘဲ။
ကျွန်တော်တို့ဘက်မှာ ပြတ်သားတဲ့ အမြင်နဲ့ တိုက်ပွဲဝင်မှ ပြည်သူတွေရဲ့ပြတ်ပြတ်သားသား အင်နဲ့အားနဲ့ ထောက်ခံတိုက်ပွဲ ဝင်လာ ကြမှာ ဖြစ်တယ်။ ကျွန်တော်တို့ ကိုယ်တိုင်က ဘာမှတိုက်ပွဲမဝင်ဘဲ ရန်သူထံက
တောင်းဆိုမှုသက်သက်၊ နိုင်ငံတကာကို အပူကပ်သက်သက်ဆိုရင်တော့ ကျွန်တော်တို့ ပြည်သူတွေရဲ့ အားကိုးမှု၊ နိုင်ငံတကာရဲ့ ယုံကြည်မှုတွေ ကျဆင်းသွားယုံသာမက စစ်အာဏာရှင်ရဲ့ လှဲ့ကွက်ထဲမှာ NGOs တွေရဲ့ ကြိုးဆွဲရာထဲမှာ တဝဲဝဲလည်နေနေရမှာပါဘဲ။
ဦးရွှေအုန်းလို “ရတဲ့နေရာကနေ လုပ်ရမယ်” ဆိုရင်တော့ သူရတဲ့နေရာက သူလုပ်ပါစေ။ ဝိဓူရဦးချစ်မောင်လဲ ဒီလိုလုပ်ခဲ့တာပါဘဲ။ ကျွန်တော်တို့က ရန်သူပေးတဲ့ နေရာမဟုတ်ဘဲ ကိုယ်ဘာသာ တည်ဆောက်ယူတဲ့နေရာက ထိမိပြတ်သားတဲ့တော်လှန်ရေး၊ အမြင့်ဆုံးဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေး။ စစ်အာဏာရှင် စနစ်ဖြုတ်ချရေးကို မြင့်မြင့်မားမား ရည်မှန်းချက်နဲ့လုပ်ရမှာပါ။

ကျွန်တော်တို့ဟာ တော်လှန်ရေးသမားတွေဖြစ်တယ်။ တရွေ့ရွေ့ဖြစ်စဉ်သမားတွေမဟုတ်ဘူး။ ဒီနေ့ လုပ်ရမည့်အလုပ်က စစ်အာဏာရှင်စနစ်ကို အမြစ်ကနေတော်လှန်မှ ပြည်သူတွေရဲ့ဘဝဟာ သာယာဝ ပြောနိုင်မယ်။ စစ်အာဏာရှင်တွေရဲ့တီးလုံးအတိုင်း လိုက်ကပြီး မရေရာမသေချာတဲ့ မျှော်လင့်ချက် အိမ်မက်တွေ ပေါ်မှာ မှီခိုနေလို့မရဘူး။ စစ်ဗိုလ်ချုပ် တစုလောက်ကို ဝိုင်းညှပ်ထားဖို့ စိတ်ကူးတဲ့ အေးလွင်ဆိုတဲ့လူက သူ ကိုယ်တိုင်က သိုးဖြစ်နေပြီး စစ်ဗိုလ်ချုပ်က မြေခွေးဖြစ်နေတယ်ဆိုတာသူမသိရှာတော့၊ ကြောင်ကို ချူဆွဲမည့် ကြွက် အိမ်မက်သာ ဖြစ်နေတော့တယ်။ ဗိုလ်နေဝင်းတယောက်ကို အားကောင်းတဲ့ ဦးနုအစိုးရက နိုင်အောင် ထိန်းချုပ်နိုင်ခဲ့သလား ပြန်စဉ်းစားကြည့်သင့်တယ်။ အာဏာဟာ ဘယ်ကလာသလဲဆိုတာကို မမေ့သင့်ဘူး။

သူတို့တတွေ စိတ်ကူးယဉ်မှုကို သူတို့မသိပေမဲ့ ပြည်သူတွေက သိပါတယ်။ သူတို့က ရန်သူရဲ့လိုင်စင်ရ နိုင်ငံရေးသမားဆိုတော့ လိုင်စင်မရတဲ့သူ တွေကြားမှာ တမူးသာသလိုလို၊ သူတို့ဟာ ပြည်သူတွေရဲ့ ဆန့် ကျင်တာကို တနည်းမဟုတ်တနည်းခံရမှာပါဘဲ။ ဒီနေ့ကျွန်တော်တို့ လုပ်ရမည့်အလုပ်ဖြစ်တဲ့ စစ်အာဏာ စနစ်တိုက်ဖျက်ရေးဟာ ယနေ့သမိုင်းပေးတာဝန်ဘဲ။ လူထုတိုက်ပွဲနဲ့ လက်နက် ကိုင်တိုက်ပွဲပေါင်း စပ်ဖို့ဘဲ။ တခြား လမ်းလွှဲ လမ်းခွဲတွေက လက်နက်ကိုင် အုံကြွရေးအလုပ်ကို မထိခိုက်ဖို့ ကျွန်တော်တို့ အမြဲတမ်းထိမ်းသိမ်း တည့်မတ်သွားရပါမယ်။ တော်လှန်ရေးရဲ့ အမြင့်ဆုံးလက္ခဏာဖြစ်တဲ့ လက်နက်ကိုင် အုံကြွပုန်ကန်မှုကို ဦးတည် လုပ်ဆောင်ကြရမှာဘဲ။ ရည်ရွယ်ချက်က နအဖစစ်အာဏာရှင်ကို တိုက်ဖျက်ဖို့၊ အမြစ်မကျန်လှန်ပစ်ဖို့ဖြစ်တယ်။ စေ့စပ်ဖို့၊ ဆွေးနွေးဖို့၊ အတုအယောင်ရွေးကောက်ပွဲအတွက် အလုပ်ရှုပ်ခံ၊ အချိန်ကုန်ခံဖို့မဟုတ်ဘူး။

အဖိနှိပ်ခံတို့ညီညွတ်ကြ။
အချောင်သမားဝါဒဆန့်ကျင်ကြ။
စစ်အာဏာရှင်ကို ဝိုင်းတိုက်ကြ။
ဒီမိုကရေစီ မုချရရမယ်။

ဦးအေးဆောင်
မတ်လ၊ ၃ ၊ ၂ဝဝ၉။

Monday, February 2, 2009

ကရင့်တော်လှန်ရေး အနှစ် ၆ဝ မြောက် နေ့အတွက် သဝဏ်လွှာ


ကရင့်တော်လှန်ရေး အနှစ် ၆ဝ မြောက် နေ့အတွက် သဝဏ်လွှာ

မိုက်ရိုင်းရက်စက်မှု ကမ်းကုန်နေသည့် ဗိုလ်သန်းရွှေဦးဆောင်သော နအဖ စစ်အာဏာရှင်တို့ကို သိက္ခါရှိသော မည့်သည့် နိုင်ငံရေးပါတီကမျှအဖက်လုပ် ဆွေနွေးပြောဆိုရန်မသင့်တော့ပေ။ ဤသို့သော အခြေအနေတွင် ကရင့် တော်လှန်တော်လှန်ရေး အနှစ် (၆ဝ) မြောက်နေ့နှင့် လာရောက်ကြုံကြိုက်နေခြင်းက ကရင့်တော်လှန်ရေး ကို ပြင်းထန်သောစမ်းသပ်မှု အဖြစ်သဘောထား ရမည်သာဖြစ်တော့သည်။

ဥက္ကဌစောဘဦးကြီး၏ လမ်းညွှန်ချက်အောက်တွင် ခိုင်ခိုင်မာမာရပ်တည်လာခဲ့သော ကေအန်င်ယူ ခေါင်းဆောင် သည့် ကရင့်တော်လှန်ရေးသည် အနှစ် (၆ဝ) တိုင်တိုင်ရပ်တည်လာနိုင်ခဲ့ခြင်းက လမ်းစဉ် မှန်ကန် မှုကို သက်သေပြသခဲ့ခြင်းပင်ဖြစ်ပါသည်။

အနှစ် (၆ဝ) ကာလအတွင်း ရရှိခဲ့သော အတွေ့အကြံနှင့် အခက်အခဲတို့သည် ကေအန်င်ယူ အဖွဲ့ အစည်းကြီး အတွက် တန်ဖိုးမဖြတ်နိုင်သော သင်ခန်းစာတို့ကို ရရှိပြီးစေခဲ့ပြီးဖြစ်သည်မှာ ယုံမှားစရာမရှိ။ ၈၈ ခုနှစ် တပြည် လုံးအုံကြွခါ နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုတွင် ကေအန်င်ယူမှ နိုင်ငံရေးအမျှော်အမြင် ရှိရှိဖြင့် တိုင်းရင်သားပေါင်းစုံ ညီညွတ်ရေးသဘောထားနှင့် လက်နက်ကိုင်တိုက် ပွဲဦးတည်ချက်တို့သည် ကေအန်င်ယူ၏ နိုင်ငံရေး အခန်းကဏ္ဍ ကို မြင့်တင်ပေး ခဲ့ပါသည်။

၁၉၉၄ ခုနှစ်မှစ၍ ရန်သူ၏ ဘာသာရေးသွေးခွဲအမြတ်ထုတ်ခံရခြင်း၊ စေ့စပ်ရေးပရိယာယ်ဖြင့် တိုက်ခိုက်ရေး စိတ်ဓါတ်ကို ထိခိုက်စေခဲ့ခြင်း ကြောင့် တစုံတရာ နစ်နာခဲ့သည့်တိုင် လက်နက်ကိုင် တိုက်ပွဲသည်သာ ဖိနှိပ်ခံ ပြည်သူအပေါင်းတို့၏ လွတ်မြောက်ရေး တိုက်ပွဲကို အောင်မြင် နိုင်စရာရှိကြောင်း မကြာသေးမီက ကျင်းပ သည့်ကေအင်န်ယူကွန်ဂရက်က ပြတ်သားသည့် သဘောထားကြောင့် ညီညွတ် ရေးနှင့် တိုက်ပွဲဝင်ရေး စိတ်ဓါတ်တို့ ရှင်သန်ကြီး ထွားလာစရာရှိပေသည်။ ထို့အတူ ဒုက္ခအဖုံဖုံကြုံနေ ရသော ပြည်သူတို့၏ မျှော်လင့် အားထားရာလည်း ဖြစ်လာပါလိမ့်မည်။

ကျွန်ုပ်တို့ မဟာမိတ်အဖွဲ့အနေဖြင့် ကေအန်င်ယူ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌါန်းခွင့်မှုကို အခိုင်အမာထောက်ခံ အားပေးသည့်အပြင် စစ်အာဏာရှင်နအဖ သန်းရွှေအုပ်စုကို တိုက်ခိုက်ချေ ဖျက်ရေး အတွက် ဆထက်ထမ်းပိုး ပူပေါင်းတိုက်ပွဲ ဝင်သွားမည်ဖြစ်ကြောင်း ဤသို့သောထူးမြတ်သည့် အနှစ် (၆ဝ) ပြည့် နေ့တွင် ထုတ်ဖေါ်တင်ပြ လိုက်ပါသည်။

ဘုံရန်သူ စစ်အာဏာရှင်ကို ဝိုင်းတိုက်ကြ။

တော်လှန်ရေးမုချအောင်ရမည်။

ဒီမိုကရေစီ မုချရရမည်။

ဦးစီးကော်မီတီ

ပြည်သူ့လွတ်မြောက်ရေးတပ်ဦး။

ရက်စွဲ။ ။ ဇန်န၀ါရီ ၃၁၊ ၂၀၀၉ ခုနှစ်