ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com
Showing posts with label ထုတ်ပြန်ကြေဌြာချက်. Show all posts
Showing posts with label ထုတ်ပြန်ကြေဌြာချက်. Show all posts

Thursday, April 1, 2010

နအဖ၏ ယုတ်ညံ့သော ရွေးကောက်ပွဲကို ပြတ်သားစွာ ဆန့်ကျင်ခြင်းအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဂုဏ်ပြုပါသည်။

ချုပ်ချယ်မှုများဖြင့် ပြွမ်းတီးနေသော နအဖ၏ရွေးကောက်ပွဲတွင် ၀င်ရောက်ရန် မှတ်ပုံတင်ခြင်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တညီတညွတ်ထည်း ဆန့်ကျင်ကန့် ကွက်လိုက် သောကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်သူတို့၏ အားကိုး ယုံကြည်မှုကို ပြန်လည်ရရှိ လိုက်သည်ဟု ကျွန်ုပ်တို့ ပြည်သူ့လွတ်မြောက်ရေး တပ် ဦးမှ ခံယူသည်၊

ဤသို့ ပြတ်သားသော ဆုံးဖြတ်ချက်ကို စုစုစည်းစည်းချမှတ်နိုင်ခြင်းအတွက် များ စွာ လေးစား ဂုဏ်ပြုပါသည်။

စစ်ပဒေသရာဇ် အာဏာရှင်တို့ကို ဆန့်ကျင်ရာတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်၏ အခန်းကဏ္ဍသည် ကြီးမားလှပေရာ ဤပြတ်သားသော ဆုံးဖြတ်ချက်မှ အစပြု၍ ပြည်သူလူထုတို့ ပြင်းပြစွာလိုလားတောင်းတသည့် စစ်အာဏာရှင် စနစ်တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရာယ်ပြည်ထောင်စု တည်ဆောက်ရေး တို့ကို အဆင့်ဆင့်ရရှိနိုင်ရေးအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်ခါ အောင်ပွဲများ ရရှိ နိုင်ပါ စေကြောင်း လှိုက်လှဲစွာ ဆန္ဒပြုလိုက်ပါသည်။

ဘုံရန်သူ စစ်အာဏာရှင်ကို ၀ိုင်းတိုက်ကြ။

ဒီမိုကရေစီ မုချရရည်။



ဦးစီးကော်မီတီ

ပြည်သူ့လွတ်မြောက်ရေး တပ်ဦး။

မတ်လ ၃၀ ။ ၂၀၁၀ ။

Saturday, December 5, 2009

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်ကြ။

အစိုးရ လက္ခဏာလုံးဝမရှိသည့်အပြင် ခြေဆုံးခေါင်းဆုံး လုံးဝတရားမဝင်သော၊ ရက်စက်မိုက်ရိုင်းလှသည့် စစ်အာဏာရှင်သန်းရွှေတို့က သူတို့စိတ်ကြိုက် ဖွဲ့စည်းပုံဆိုသည်ကိုရေး၊ ကလိန်ကကျစ်နှင့် အတည်ပြုချက် ရယူပြီးနောက် သူတို့ပုံစံချထားသောရွေးကောက်ပွဲကို ၂ဝ၁ဝမှာ ဇွတ်လုပ်ပါတော့မည်။ ဤသို့ လုပ်ရပ်တို့မှာ ယခုမှ မဟုတ် ယခင်ဗိုလ်နေဝင်းက လုပ်ခဲ့ပြီးဖြစ်သည်။

လူထုကရွေးကောက်တင်မြှောက်ထားသော အရပ်သား ဦးနုအစိုးရထံမှ ဗိုလ်နေဝင်းက ၆၂ ခုနှစ်တွင် အကြမ်းဖက်အာဏာသိမ်းခါ စစ်အာဏာရှင် စနစ်ကို ထူထောင်ခဲ့သည်။ ဗိုလ်နေဝင်းသည် တော်လှန်ရေး ကောင်စီ၊ စပ်ကူးမတ်ကူးကာလ၊ မဆလဖွဲ့စည်းပုံဆန္ဒခံယူပွဲ၊ မဆလတပါတီရွေးကောက်ပွဲ၊ စသည်တို့ဖြင့် အမျိုးမျိုးလှည့်ကွက်ကို သုံး၍ စစ်အာဏာရှင်စံနစ်ကို တာရှည်သက်ဆိုးရှည်စေခဲ့သည်။

မရေရာသော အခွင့်အရေးလေးတချို့အတွက် မူလရည်မှန်းချက်ကို ချရောင်းစွန့်လွှတ်သူတို့ကလည်း အား ပေးအားမြှောက်လုပ်ခဲ့ကြသည်။

ဗိုလ်စောမောင်လုပ်ပေးခဲ့သော ၉ဝခုနှစ် ရွေးကောက်ပွဲသည် လူထုအုံကြွမှုကို ချွေးသိပ်ရန်၊ စစ်ပြင်နိုင်ရန် အတွက် အချိန်ဆွဲလှဲ့စားသည့် လုပ်ရပ်သာဖြစ်ခဲ့သည်။ စစ်အာဏာရှင်တို့သည် ၆၂ ခုနှစ်မှ မဆိုထားနှင့် ၈၈ ခုနှစ်မှ ယနေ့တိုင် ကျူးလွန်ခဲ့သော ဒီပဲယင်းလူသတ်မှုကြီး၊ အေးချမ်းစွာ ဆုတောင်းသည့် သံဃာတော်တို့ကို ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်မှုအပါအဝင် ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့သော ပြစ်မှုတို့မှာ ခွင့်လွှတ်နိုင် စရာ မေ့ပျောက်နိုင်စရာ စိုးစင်းမျှမရှိပေ။

စစ်အာဏာရှင်တို့သည် သူတို့အာဏာတည်မြဲရေးအတွက် စက်စုတ်ရွံ့ ရှာဖွယ်ရာ ကောက်ကျစ် ယုတ်မာမှုတို့ကို လုပ်ဆောင်ရန် လက်မနှေးသူ များဖြစ်ကြသည်။ မဆလ ဥပဒေအတည်ပြုသကဲ့သို့ စစ်အာဏာ ရှင်ဗိုလ်သန်းရွှေသည်လည်း ဖိနှိပ်ခါရေးဆွဲထားသည့် သူတို့ဥပဒေကို မသမာသောနည်းဖြင့် အတည်ဖြစ်စေခဲ့ပြီး မလွတ်လပ်သော၊ ဘာမျှအာမခံချက်မရှိသော ၂ဝ၁ဝရွေးကောက်ပွဲကို လုပ်ပေဦး တော့မည်။ သန်းရွှေ လုပ်မည့်ရွေးကောက်ပွဲသည် ပြည်တွင်း ပြည်ပ ဖိအားတို့အားရှောင်လွှဲရန်အတွက် မြန်မာနှင့် ကမ္ဘာပြည်သူတို့ မျက်စိကို သဲနှင့်ပက်ခြင်းသာဖြစ်သည်။

ရိုးသားသည့် နိုင်ငံရေးအင်အားစုတို့သည် မဆလ၊ နဝတ၊ နအဖ စစ်အာဏာရှင်တို့ ပြည်သူ အပေါ် တလျှောက်လုံး ကျူးလွန်ခဲ့သည့် ပြစ်မှုများ ဖိနှိပ်ရက်စက်မှုများကို ဖုံးကွယ်ရန်၊ မေ့ပျောက်ရန်၊ ဖျောက်ဖျက်ရန် လုပ်ဆောင်ကြလိမ့်မည် မဟုတ်။ စစ်အာဏာရှင်တို့ တီးလုံးအတိုင်း လိုက်ကကြမည်မဟုတ်ပေ။

စစ်တပ်အားကိုးဖြင့် ကြီးစိုးနေသော စစ်အာဏာရှင်တို့ကို ရွေးကောက်ပွဲဖြင့် ဖယ်ရှားနိုင်ရန်အကြောင်းမရှိ။ ပြည်သူတို့၏ အင်အားဖြင့်တိုက်ယူသော တော်လှန်ရေးဖြင့်သာ စစ်အာဏာရှင်တို့ကို ဖြုတ်ချပြီး၊ ပီပြင်သော ဒီမိုကရေစီနည်းကျ အရပ်သားအစိုးရကို ထူထောင်နိုင်ပါလိမ့်မည်။

ကျွန်ုပ်တို့ပြည်သူများလုပ်ဆောင်ရန်မှာ -

စစ်အာဏာရှင်တို့၏ အမျိုးမျိုးလှဲ့စားဖြားယောင်းမှုများ နောက်သို့ ရောယောင်မလိုက်ဘဲ၊ စစ်အာဏာရှင်တို့သည် သူတို့အလုပ်သူတို့ လုပ်သကဲ့သို့ ပြည်သူများကလည်း ကိုယ့်အလုပ် ကိုယ်လုပ်ရန် သာလိုပါသည်။ ဤသည်မှာ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးလုပ်ငန်းကို စူးစိုက် လုပ်ဆောင်ခြင်းသာ ဖြစ်ပေသည်။

ထို့ကြောင့်ကျွန်ုပ်တို့ပြည်သူ့လွတ်မြောက်ရေးတပ်ဦးအနေဖြင့် စစ်အာဏာရှင်သန်းရွှေတို့၏ လှဲ့စား ဖြားယောင်းမှု တစ်ခုဖြစ်သော ၂ဝ၁ဝ ရွေးကောက်ပွဲကို အယုံအကြည်မရှိ လုံးဝဆန့်ကျင်သွားမည်။

အမှန်တကယ်တိုင်းပြည်ပြဿနာကို အေးချမ်းစွာဖြေရှင်းလိုပါက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော အင်အားစုများ၏ ပါတီပေါင်းစုံကွန်ဖရင့် ခေါ်ဆိုခြင်းဖြင့်သာ ဖြေရှင်းနိုင်ပေလိမ့်မည်။ တခြားလုပ်ရပ်တို့သည် စစ်အာဏာရှင်သက်ဆိုးရှည်စေပြီး၊ ပြည်သူများအား ဒုက္ခဆင်းရဲတွင်းပိုမိုနက်စေရန် သာဖြစ်စေလိမ့်မည်။

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေးအတွက် အသက်သွေးချွေး စတေးခဲ့ကြသူ သံဃာနှင့် ရဲဘော်ရဲဘက်များ၏ သစ္စာကိုတည်၍ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ်ပြီး၊ စစ်အာဏာရှင်စံနစ်တိုက်ဖျက်ရေး ရည်မှန်းချက်ကို ပြတ်ပြတ်သားသား ခိုင်မာစွာ ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ကြေငြာလိုက်သည်။

ဘုံရန်သူစစ်အာဏာရှင်ကို ဝိုင်းတိုက်ကြ။

တော်လှန်ရေးမုချ အောင်ရမည်။

ဒီမိုကရေစီ မုချရရမည်။

ဦးစီးကော်မီတီ။
ပြည်သူ့လွတ်မြောက်ရေးတပ်ဦး။
ရက်စွဲ ဇန်နဝါရီ ၄ ရက်၊ ၂ဝဝ၉

Saturday, May 9, 2009

ဘန်ယဉ်တိုက်ပွဲမျိုးကို နေရာအနှံ ဖေါ်ဆောင်ကြ




ဘန်ယဉ်တိုက်ပွဲမျိုးကို နေရာအနှံ ဖေါ်ဆောင်ကြ


မေလ ၃ ရက်နေ့ မနက်မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်တို့ ပူးပေါင်းပြီး နအဖရဲ့ ခြေမြန်တပ်ရင်း ၄၂၆ ကို ဆီဆိုင်မြို့ နယ် ဘန်ယဉ်ကျေးရွာနားမှာ တိုက်ခိုက်ချေမှုန်း လိုက် ပါတယ်။ လက်နက်ခဲယမ်းများနဲ့ ဆက်သွယ်ရေး စက်ပါ သိမ်းယူနိုင်ခဲ့တယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ဟာ နအဖနဲ့စေ့စပ်ထားတဲ့ ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ရလလဖ) က ၂ဝဝ၇ ဇန်နဝါရီလ မှာ ခွဲထွက်လာတဲ့ အဖွဲ့ဖြစ်တယ်။

ဘန်ယဉ်တိုက်ပွဲဟာ နအဖနဲ့စေ့စပ်ထားတဲ့ အဖွဲ့တွေ၊ စေ့စပ်ဦးမည့်အဖွဲ့တွေ၊ နအဖရဲ့ ဟန်ပြ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အကြံအဖန်လုပ်ချင် သူတွေ၊ ဘာလုပ်ရမလဲ မသိသူတွေကို မရေရာတဲ့ အိမ်မက်ထဲက လှန့်နိုးစေလိုက်ပါတယ်။ အထူးသဖြင့် ဖိနှိပ်ရက်စက်လွန်းတဲ့ နအဖကို ပအိုဝ်းအမျိုးသားတွေ ရဲ့ ပြင်းထန်တဲ့ ဆန့်ကျင်မှု စိတ်ဓါတ်ကို ပြသရာရောက်သလို၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ဟာ ရှုပ်ထွေပွေလီနေတဲ့ ရန်သူရဲ့ ပရိယာယ်ကို လက်နက်ကိုင် တိုက်ပွဲနည်းနဲ့ တိုက်ရင်နိုင်ကြောင်း ပြသလိုက်တာ ဖြစ်ပါတယ်။

ဘန်ယဉ်တိုက်ပွဲကြောင့် နအဖစစ်အာဏာရှင်တွေက သူတိုလုပ်နေကျအတိုင်းသားတွေကို အနိုင်ကျင့် ရက်စက် ပြပါလိမ့်မယ်။ ကြွက်မနိုင် ကျည်မီးရှို့ လုပ်ကြပါလိမ့်မယ်။ ဒီလိုရက်စက်မှုတွေဟာ တိုက်ပွဲမဆင်လဲ နအဖအာဏာရှင်တွေက လုပ်နေမြဲလုပ်နေတာဖြစ်တော့ ပြည်သူတွေ အတွက် ဘာမှမထူးတော့သလို ဖြစ်နေပြီ။ တိုက်ပွဲဝင်မှသာ ပြည်သူတွေဘဝဟာ စစ်အာဏာရှင် စံနစ်အောက်က လွတ်မြောက်ရေး မျှော်လင့်ချက်ကို ရ စရာရှိပါတယ်။

ဘန်ယဉ်တိုက်ပွဲမျိုးတွေကို နေရာအနှံဖေါ်နိုင်အောင် ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေဘက်က စူးစိုက်လုပ်ဆောင်သင့် ပါတယ်။ ဒါမှသာ ရန်သူဟာ ကျည်မီးရှို့ တဲ့ အလုပ်ကို မလုပ်နိုင်ဖြစ်သွားပါလိမ့်မယ်။ ကျွန်တော်တို့ တတွေ သူများလုပ်တာ ထိုင်ကြည့်၊ ထိုင်စောင့်ဆိုရင်တော့ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်သွေးစုတ်တာကို တိုက်ဖျက်ဖြိုချရာမရောက်သလို ဖြစ်နေပါလိမ့်မယ်။ ကရင်နယ်မြေတွေ၊ ရှမ်းနယ်မြေတွေ၊ ပအိုဝ်းနယ်မြေတွေ၊ ရခိုင်နယ်မြေတွေ မှာ ဗိုလ်ကျမင်းမူနေတဲ့ နအဖစစ်အာဏာရှင် ဆန့်ကျင်ရေး လက်နက်ကိုင် တိုက်ပွဲတွေ အစပျိုးနေကြပါတယ်။ ပြည်သူ့တိုက်ပွဲ မီးပင်လယ်ကို ဝိုင်းဝန်းဖန်တီးပြီး နအဖ စစ်အာဏာရှင်တွေကို ချေမှုန်းနိုင်အောင် ကြိုးပမ်းကြရမှာပါ။ စစ်အာဏာရှင်တွေကို ပြည်သူတွေက အနိုင်တိုက်နိုင်ကြောင်း ပြသတဲ့ တိုက်ပွဲတွေ ဆက်တိုက် ဖေါ်ထုတ်သင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။

နအဖစစ်အာဏာရှင်တို့အပေါ် ရန်ငါ စည်းပြတ်တဲ့ ပအိုဝ်းပြည်သူ့လွတ်မြောက်ရေးတပ်နဲ့ ရန်သူကိုတိုက်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်တို့ကို ကျွန်တော်တို့ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးမှ ဂုဏ်ပြုပြီး လှိုက်လှိုက်လှဲလှဲ အားပေးထောက်ခံကြောင်း ဖေါ်ပြလိုက်ပါတယ်။

အဖိနှိပ်ခံတို့ ညီညွတ်ကြ။
ဘုံရန်သူစစ်အာဏာရှင်ကို ဝိုင်းတိုက်ကြ။
ဒီမိုကရေစီမုချ ရရမယ်။

ဦးစီးကော်မီတီ
ပြည်သူ့လွတ်မြောက်ရေးတပ်ဦး။
မေလ၊ ၉၊ ၂ဝဝ၉။

Monday, February 2, 2009

ကရင့်တော်လှန်ရေး အနှစ် ၆ဝ မြောက် နေ့အတွက် သဝဏ်လွှာ


ကရင့်တော်လှန်ရေး အနှစ် ၆ဝ မြောက် နေ့အတွက် သဝဏ်လွှာ

မိုက်ရိုင်းရက်စက်မှု ကမ်းကုန်နေသည့် ဗိုလ်သန်းရွှေဦးဆောင်သော နအဖ စစ်အာဏာရှင်တို့ကို သိက္ခါရှိသော မည့်သည့် နိုင်ငံရေးပါတီကမျှအဖက်လုပ် ဆွေနွေးပြောဆိုရန်မသင့်တော့ပေ။ ဤသို့သော အခြေအနေတွင် ကရင့် တော်လှန်တော်လှန်ရေး အနှစ် (၆ဝ) မြောက်နေ့နှင့် လာရောက်ကြုံကြိုက်နေခြင်းက ကရင့်တော်လှန်ရေး ကို ပြင်းထန်သောစမ်းသပ်မှု အဖြစ်သဘောထား ရမည်သာဖြစ်တော့သည်။

ဥက္ကဌစောဘဦးကြီး၏ လမ်းညွှန်ချက်အောက်တွင် ခိုင်ခိုင်မာမာရပ်တည်လာခဲ့သော ကေအန်င်ယူ ခေါင်းဆောင် သည့် ကရင့်တော်လှန်ရေးသည် အနှစ် (၆ဝ) တိုင်တိုင်ရပ်တည်လာနိုင်ခဲ့ခြင်းက လမ်းစဉ် မှန်ကန် မှုကို သက်သေပြသခဲ့ခြင်းပင်ဖြစ်ပါသည်။

အနှစ် (၆ဝ) ကာလအတွင်း ရရှိခဲ့သော အတွေ့အကြံနှင့် အခက်အခဲတို့သည် ကေအန်င်ယူ အဖွဲ့ အစည်းကြီး အတွက် တန်ဖိုးမဖြတ်နိုင်သော သင်ခန်းစာတို့ကို ရရှိပြီးစေခဲ့ပြီးဖြစ်သည်မှာ ယုံမှားစရာမရှိ။ ၈၈ ခုနှစ် တပြည် လုံးအုံကြွခါ နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုတွင် ကေအန်င်ယူမှ နိုင်ငံရေးအမျှော်အမြင် ရှိရှိဖြင့် တိုင်းရင်သားပေါင်းစုံ ညီညွတ်ရေးသဘောထားနှင့် လက်နက်ကိုင်တိုက် ပွဲဦးတည်ချက်တို့သည် ကေအန်င်ယူ၏ နိုင်ငံရေး အခန်းကဏ္ဍ ကို မြင့်တင်ပေး ခဲ့ပါသည်။

၁၉၉၄ ခုနှစ်မှစ၍ ရန်သူ၏ ဘာသာရေးသွေးခွဲအမြတ်ထုတ်ခံရခြင်း၊ စေ့စပ်ရေးပရိယာယ်ဖြင့် တိုက်ခိုက်ရေး စိတ်ဓါတ်ကို ထိခိုက်စေခဲ့ခြင်း ကြောင့် တစုံတရာ နစ်နာခဲ့သည့်တိုင် လက်နက်ကိုင် တိုက်ပွဲသည်သာ ဖိနှိပ်ခံ ပြည်သူအပေါင်းတို့၏ လွတ်မြောက်ရေး တိုက်ပွဲကို အောင်မြင် နိုင်စရာရှိကြောင်း မကြာသေးမီက ကျင်းပ သည့်ကေအင်န်ယူကွန်ဂရက်က ပြတ်သားသည့် သဘောထားကြောင့် ညီညွတ် ရေးနှင့် တိုက်ပွဲဝင်ရေး စိတ်ဓါတ်တို့ ရှင်သန်ကြီး ထွားလာစရာရှိပေသည်။ ထို့အတူ ဒုက္ခအဖုံဖုံကြုံနေ ရသော ပြည်သူတို့၏ မျှော်လင့် အားထားရာလည်း ဖြစ်လာပါလိမ့်မည်။

ကျွန်ုပ်တို့ မဟာမိတ်အဖွဲ့အနေဖြင့် ကေအန်င်ယူ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌါန်းခွင့်မှုကို အခိုင်အမာထောက်ခံ အားပေးသည့်အပြင် စစ်အာဏာရှင်နအဖ သန်းရွှေအုပ်စုကို တိုက်ခိုက်ချေ ဖျက်ရေး အတွက် ဆထက်ထမ်းပိုး ပူပေါင်းတိုက်ပွဲ ဝင်သွားမည်ဖြစ်ကြောင်း ဤသို့သောထူးမြတ်သည့် အနှစ် (၆ဝ) ပြည့် နေ့တွင် ထုတ်ဖေါ်တင်ပြ လိုက်ပါသည်။

ဘုံရန်သူ စစ်အာဏာရှင်ကို ဝိုင်းတိုက်ကြ။

တော်လှန်ရေးမုချအောင်ရမည်။

ဒီမိုကရေစီ မုချရရမည်။

ဦးစီးကော်မီတီ

ပြည်သူ့လွတ်မြောက်ရေးတပ်ဦး။

ရက်စွဲ။ ။ ဇန်န၀ါရီ ၃၁၊ ၂၀၀၉ ခုနှစ်