ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Sunday, January 20, 2013

လက်ပံတောင်းတောင်က ကြယ်တပွင့် - မအေးနက်



လက်ပံတောင်းတောင်က ကြယ်တပွင့် - မအေးနက်
 ဒီလထုတ် Hot News Weekly မှာ မောင်ကိုကို (အမရပူရ) ရဲ့ “ အသဲနာတယ်” ခေါင်းစဉ်နဲ့ လက်ပံတောင်းတောင် ၀က်မှေးရွာသူ မအေးနက် ပြောကြားချက်အသံဖိုင်ကို ဖတ်ရလို့ စိတ်လှုပ်ရှားပြီး ဂရုဏာ စိတ်ပွါးမိလိုက်တယ်။ တကယ်တော့လက်ပံတောင်းတောင်ကဖြစ်ရပ်တွေဟာ မြန်မာပြည်ရဲ့ နိမိတ်ပုံလိုဖြစ်နေ တယ်။
ဆင်းရဲသားကျောမွဲတွေက သူ့တို့ဝမ်းစာကိုအစဉ်အလာအတိုင်း ခက်ခက်ခဲခဲဖြေရှင်းနေရတာကို မအေးနက်တို့ရှာဖွေစားသောက်ပုံမှာပေါ်လွင်လှတယ်။သူတို့ဘ၀တွေရှင်သန်ရာ၊သူတို့ဝမ်းစာရှာဖွေရာ တော တောင်တွေကို အုပ်ချုပ်သူစစ်အာဏာရှင်တွေက ပိုမိုကောင်းမွန်အောင် စည်ပင်အောင်လုပ်ပေးရမည့်အစား နိုင်ငံခြား တရုတ်စီးပွါးရေးသမား တွေနဲ့ ပေါင်းပြီးလုယက်ဖျက်ဆီးနေတာကလည်း ပေါ်လွင်နေပြန်တယ်။ ပြည်သူ့အစိုးရ မဟုတ်တဲ့ အာဏာ ရှင်တွေဟာ ပြည်သူလူထုမျက်နှာကို ငဲ့ကွက်ရကောင်း မှန်းမ သိတာကိုက အာဏာရှင် ဆိုသူတွေရဲ့အကျင့်ဆိုးတာအထင်းသားဘဲ။ ပြည်သူတွေအပေါ်စစ်အာဏာရှင်တွေမတရားဖိနှိပ် သွေးစုတ်နေတဲ့ လက်ပံတောင်းတောင်လိုကိစ္စတွေ မြန်မာပြည်အနှံ့ယနေ့ဒုနဲ့ဒေးဖြစ်နေပါတော့တယ်။ဒါဟာဒီနေ့ မြန်မာပြည်ရဲ့ သရုပ်ပါဘဲ။
ဒီဖြစ်ရပ်တွေထဲက မအေးနက်ရဲ့ ဖြစ်ရပ်က အဖိနှိပ်ခံ နင်းပြား မြန်မာပြည်သူတွေရဲ့ ဘ၀ကိုကိုယ် စားပြုတယ်။သုံးတန်းသာတတ်တဲ့မအေးနက်ဟာသူ့ဘ၀သူချို့ချို့ငဲ့ငဲ့နဲ့ကာကွယ်ရရှာတာပါ။“အမေးက မွေးတောင် က ကျွေး။” ဆိုတဲ့ သူ့စကားဟာ နားထဲမှာ တွင်ကျန်နေရစ်ရပါတယ်။
လွတ်လပ်တဲ့ တောသူတောင်သားဘ၀ကိုသန့်ရှင်းရေးသမအလုပ်နဲ့မလဲနိုင်တာကိုလည်း“သန့်ရှင် ရေးမလုပ်ပေါင်၊မန်ကျည်းရွက်တက်ခူးမယ်။ ဒါဆို ထမင်းစားလို့ဖြစ်တယ်။” မအေးနက်ရဲ့ ယုံကြည်မှု အပြည့် ရင်ထဲကအသံပါ။ စီမံကိန်းအတွက် ရွာတွေရွှေ့ခိုင်းတော့ခိုင်းမရတဲ့ရွာဥက္ကဌကို နေ့ချင်းညချင်းအဖြုတ်ခံရတာကိုလည်းမအေးနက်ကပြောပြပါသေးတယ်။အာဏာရှင်ပီသလိုက်ပုံပါဘဲ။ ရွာဘုန်ကြီးဆိုတာကလည်းသိန်း၅၀၊ဆိုင်ကယ်တစီး၊ဖုန်းတလုံးရလို့ရွာကျောင်းရွှေ့ပေးဖို့သဘောတူလိုက်ပုံကလည်း ဒီနေ့ သံဃာထုအတွင်း ဖြစ်ပျက်နေပုံနဲ့  အတိုင်းသားတူ နေပြန်တော့တယ်။
ဒီနေရာမှာအုပ်ချုပ်သူတွေက“မြေမသိမ်းပါဘူးကားလမ်းဖြတ်ရုံလာက်ပါ”ဆိုပြီးလှည့်စားပြောဆိုတာ၊ ရဲတွေ၊ ဌာနဆိုင်ရာတွေနဲ့ အတင်းအကြပ်အကွက်ချဖိနှိပ်တာတွေကိုလည်း သိနိုင်တယ်။ရဲ တွေကိုယ်တိုင်က တရုတ်ကုမ္ပဏီဘက်ပါတာကိုတော့ မအေးနက်က “ ရဲတွေက ကျမတို့ မြန်မာရွာသူရွာသားတွေဘက်က မရပ်တည်ဘူး။ဝမ်ပေါင်ဘက်ကရပ်တည်တယ်။”တဲ့။ ဆွေးနွေးမယ်လုပ်ပြန်တော့လည်းဝမ်းပေါင်ဘက်က နှိမ်ပုံကို “ ကျမတို့က မြေကြီးပေါ်မှာထိုင်ရမယ်။ ၀မ်ပေါင်က ကုလားထိုင်တွေပေါ်မှာ ထိုင်ပြီး ဆွေးနွေးမယ်တဲ့၊ ကျွန်မနဲ့ သွဲ့သွဲ့ဝင်းက ဒါကိုလက်မခံဘူး။”
မအေးနက်တို့ မုံရွာဆုတောင်းပြည့်ဘုရား သွားဖူးရာမှာလည်း ရဲတွေက ဘုရားပရ၀ုန်ကို ပိတ်လှောင် ထား တာခံ ကြရပြန်တယ်။ ဒေသခံတွေက ၀ိုင်းဝန်းလာမှ ရဲကထွက်ခွင့်ပေးလိုက်ပြီး ရဲကားပေါ် အတင်းဆွဲ တင်လို မအေးနက်ခမျှာ ထမီတောင်ကျွတ်ရတဲ့ အထိဖြစ်ခဲ့ရတယ်တဲ့။ မြန်မာအမျိုးသမီးတဦး ရှိအပ်တဲ့ အိနြေ္ဒသိက္ခါကိုပါ ရဲဆိုတဲ့ ဖိနှိပ်သူတွေက စော်ကားခဲ့ကြတယ်။ အဖိနှိပ်ခံလူသားမှာ သိက္ခါဆိုတာ မရှိရ ဘူးတဲ့လား။
ဝမ်ပေါင်စီမံကိန်းကတရုတ်တွေ တောင်ပေါ်ကနေ မြေဖြိုချရင်း တောင်အောက်မှာကန့်ကွက်ဆန္ဒပြ နေတဲ့ မအေးနက်တို့ကို ကော့ပြတဲ့အကြောင်းနဲ့၊ တောင်ပေါ်က မြေဇာခဲတွေကိုတရုတ်တွေကလူလစ်ရင်လစ်သလို တောင်အောက်လယ်ကွင်းတွေထဲ ပုံချတာတွေလည်းစိတ်မကောင်းစရာဖြစ်ရတယ်။အကွယ်အကာမဲ့၊အားကိုးရာမဲ့နေတဲ့ ပြည်သူတွေကိုအာဏာပိုင်အရာရှိဆိုးတွေက ကြွက်ကို ကြောင်ကစားနေသလိုလုပ်နေတာပါ။ဒီမြေတူးစက်ကြီး တွေ ရှေ့အသေခံတားဆီးရတဲ့အလုပ်တွေကိုလည်း မအေးနက်တို့ လုပ်ခဲ့ကြ ပါတယ်။ နိုဝင်ဘာလ ၂၉ ရက်နေ့ ရဲတွေက မီးလောင်ဗုံးနဲ့ ပေါက်တဲ့ အချိန်မှ လည်း မအေးနက်တို့ သပိတ်စခန်းမှာ ရှိနေကြပါတယ်၊ ကံကောင်းလို့ ပေါ့။မအေးနက်က“အစိုးရကရက်စက် လိုက်တာ - အသဲနာတယ်။” တဲ့
လက်ပံတောင်းကြေးနီစီမံကိန်းဟာ မူလအစကပင်စစ်အာဏာတည်မြဲရေးအတွက်တရုတ်နဲ့လက်ဝါး ရိုက်လုပ်ထားတဲ့စီမံကိန်းဖြစ်လို့ရည်ရွယ်ချက်ကလူထုဆန့်ကျင်ရေးဖြစ်နေပါတယ်။လူထုအသက်မွေးဝမ်း ကျောင်း မှုကို တိုက်ရိုက် ဖျက်ဆီးနေတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာလည်း သောက်သုံးရေများ ပျက်စီး၊ ရွာသားများ ကျန်းမာရေးထိခိုက်ခံကြရတယ်။  လက်ရှိ အုပ်ချုပ်နေတဲ့ မြန်မာအစိုးရဟာတရုတ်တို့ရဲ သြဇာ အောက်လွှမ်းမိုး ခံနေရတာကို ပြောဆိုလုပ်ကိုင်ပုံတွေက ပေါ်လွင်နေလို့ အမျိုးသားသိက္ခါ ကျဆင်းရ တယ်။သံဃာများကိုမီးလောင်ဗုံးနဲ့ပစ်ပေါက်ခဲ့တဲ့အတွက် တောင်းပံလိုက်ရတာကြောင့် ပြည်တွင်ရောပြည်ပ မှာပါ အစိုးရသိက္ခါ ကျခဲ့ရပြီ၊ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ နိုင်ငံမှာ သံဃာတွေကို မီးလောင်တိုက်သွင်းလို့ သမိုင်းမှာဖျက်မရတဲ့ အမည်စက်တင်သွားခဲ့ပြီ။ဒါကြောင့်ဒီစီမံကိန်းကစက်သံတွေကြားနေရသ၍ မြန်မာပြည် သူတွေအတွက် ဒေါသကို ဆွသလိုသာဖြစ်နေတော့မှာမို့ ဒီလက်ပံတောင်းစီမ့ကိန်းကို ရပ်ယုံမှ တပါး အခြားမရှိ။
မအေးနက်တို့လို တောသူတောင်သားတွေရဲ့ လိုလားတောင့်တဲ့ ဆန္ဒတွေကို ပြည့်ဝစေရေးအတွက် မတရားဖိနှိပ်တဲ့ အာဏာရှင်တွေကို လူထုအားနဲ့ ဖြိုချနိုင်ဖို့ မအေးနက်တို့လို ရဲရဲတောက်စိတ်ဓါတ် နဲ့ တိုက်ပွဲ ၀င်ကြရမှာပါဘဲ။ မအေးနက်ဟာ အမှောင်ညတွေမှာလင်းလက်တဲ့ လက်ပံတောင်းတောင်က ကြယ်တပွင့်ပါဘဲ။
အောင်ပွဲကိုတိုက်ယူကြ။
စစ်အာဏာရှင် စံနစ် တိုက်ဖျက်ပစ်။

ဦးအေးဆောင်
ဇန်န၀ါရီ ၁၇ ။ ၂၀၁၃။





0 comments: