ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Monday, January 19, 2015

မာနပလော ဘာကြောင့်ကျရသလဲ။



မာနပလော ဘာကြောင့်ကျရသလဲ။

သင်္ဘောမနစ်ခင်က ဘယ်သူမှ ဘာမှမသိကြ၊ မပြောကြပေမဲ့ သင်္ဘောလည်းနစ်ပြီးရော ဘာကြောင့်၊ ဘယ် လိုဖြစ်တဲ့အကြောင်းတွေ ဝေဖန်ဆန်းစစ်တဲ့ သူတွေများတယ် - လို့ဆိုတဲ့ စကားတခွန်းကို မှတ်သား ဘူးပါတယ်။ တော် လှန် ရေးအဖွဲ့တွေ စုမိခဲ့တဲ့ မာနပလောဘယ်လိုကျရတယ် ဆိုတာကိုတော့ ဝေဖန်ပြော ဆိုသံ တွေ တိတိ ပပ မကြားမိတော့ တခုခုတော့ ချို့ယွင်းနေပြီလို့ ထင်မိတယ်။မာနပလောဟာ အရင်ကတော် လှန် ရေးရဲ့ ဗဟိုချက်မ,ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ရန်သူက လေယာဉ်ပျံနဲ့ တိုက်၊ အမြောက်နဲ့ ပစ်၊ သွေးခွဲ တိုက် ခိုက်ခဲ့တာပါ။၁၉၉၅ ဇန်နာဝါရီလ ၂၇ ရက်နေ့မှာ ကေအင်န်ယူက ဆုတ်ခွါခဲ့ရပါတော့တယ်။ ဒီတော့ ကျွန်တော်တို့အပါအ၀င်တခြား အဖွဲ့တွေလည်း မနေနိုင်ကြတော့ဘူးပေါ့။
မာနပလောကျဆုံးရတာဟာ ရင်နာစရာကောင်းလှပါတယ်။ ရန်သူနအဖ ( အဲဒီတုန်းက-နိုင်ငံတော် အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီ) က ၉၃ ခုလောက်ကစပြီး မာနပလောဒေသကို ထိုးစစ်ဆင်ခဲ့ပါတယ်။ ရန်သူဗိုလ်ချုပ် မောင်လှနဲ့ ကေအင်န်ယူဗိုလ်ချုပ်မြတို့ တိုက်ပွဲဖြစ်နေတာလို့ပြောကြပါတယ်။မြနဲ့လှတို့ စေ့စပ် ဆွေး နွေးကြတယ်ဆိုတဲ့ ကောဠ ဟာဠတွေလည်းထွက်နေခဲ့ပါတယ်။ မာနပလောမှာ ရန်သူလေယာဉ်ပျံက လာ လာပစ်နေတဲ့ ကြားက ခန်နာတဲ့ကရင်လူငယ် ရုံးကြီးတရုံးကို မာနပလော ပင်မလမ်းမ ဘေးမှာ ဆောက် လိုက်တော့ ကျွန်တော်တို့ မဟာမိတ်အဖွဲ့တွေက တကယ်များနားလည်မှုရကြသလား တွေးမိ သေး တယ်။
နောက်တော့ ရန်သူက မာနပလောကို စိုးမိုးနိုင်တဲ့ ခွေးအိပ်တောင်ကုန်းကို သဲသဲမဲမဲ တိုက်ခိုက်တော့တယ်။ အင်အားအများအပြားသုံး။ လက်နက်ကြီးတွေနဲ့ သဲကြီးမဲကြီးပစ် ပါတော့တယ်။ ကျွန်တော်PLF အပါအ၀င် မဟာမိတ်တပ်တွေလည်း ခွေးအိတ်တောင်ကာကွယ်ရေးမှာ နှစ်နှင့်ချီပါဝင်တိုက်ပွဲဝင်ကြရပါတယ်။ ခွေးအိပ် တောင်ထိပ်က ဘန်ကာတွေဟာ လက်နက်ကြီးဒဏ်ကြောင့် ကြာလာတော့ ပြိုကျတာတွေတောင်ဖြစ် လာပါ တယ်။ ရဲဘော်တွေလည်း ပွေးစွဲဝဲစွဲ ဖြစ်လာကြရတယ်။ရိပ်က္ခာလည်းမမှီတမှီပေါ့။ နောက်ဆုံးမှာ ခွေအိပ် တောင်ထိပ်ကို စွန့်လိုက်ရပြီး အောက် ဖက် တောင်ခြေ မာနပလောအထိရန်သူဆင်းမလာနိုင်အောင် ၀ိုင်းတား ဆီး ခုခံကြရတယ်။ တပ် ပေါင်းစုတွေရော NLD LA က လူတွေပါ ၀င်ရောက်တိုက်ပွဲဝင်ကြရတယ်။ ရန်သူက အောက်အထိမ ဆင်း လာနိုင်တော့ဘဲ သူထိုးစစ်ကို တောင်လည်မှာ တန့်သွားရတော့တယ်။
ဒီအချိန်မှာခံစစ်ကြောင်းကို ကေအင်န်ယူတည်ဆောက်ထိန်းသိမ်း နေရတယ်။အဲဒီအချိန်ခံစစ်ကြောင်း တောင် ကုန်း တနေရာမှာ ဦးသုမန ခေါင်းဆောင်တဲ့ ဘုန်းကြီးက စေတီတဆူလာတည်ပါတော့တယ်။ ဒါဟာ ရန်သူ လက်နက်ကြီးနဲ့ ပစ်နိုင်အောင် အချက်ပြသလိုလည်း ဖြစ်နေတော့ ကေအငန်ယူ ဗိုလ်မှူး ဝေါလ်တာက တားပါတယ်။ က တောက်ကဆဖြစ်ကြတယ်။ဦးသုဇနကဗုဒ္ဒဘာသာကရင်တွေစုပြီးဆန့်ကျင်ဆန္ဒပြကြတယ်။ ပဋိပက္ခဖြစ်တယ်။ဒီလိုပဋိပက္ခတွေပေါ်နေတဲ့အချိန်မှာဗိုလ်ချုပ်မြဦးဆောင်တဲ့ ကေအင်န်ယူခေါင်းဆောင် တွေက ဘာသာရေးပဋိပက္ခမဖြစ်စေချင်လို့KNLAစစ်ရေးပြကွင်းအနောက်ဘက် တောင်စောင်းမှာဘုန်းကြီး ကြောင်း ကြီးတကျောင်း အမြန်ဆောက်ပြီး ရမ်ဘိုဘုန်းကြီး ဆိုတဲ့ ဆရာတော်ကို လှူတယ်။ ဒါပေမဲ့ ပြဿနာက ကြီးနေပြီ။ KNLA ထဲက တပ်တချို့ ဦးသုမနနဲ့ ပေါင်းပြီး မာနပလောနဲ့ နှစ်မိုင်လောက်ပဲဝေးတဲ့ မြစ်ဆုံ ဘုန်းကြီးကျောင်းမှာ လာနေကြတော့တယ်။ ကေအင်နန်ယူကဗိုလ်ချုပ်တန်ပလာဘောနဲ့ဗိုလ်ချုပ်မောင်မောင် တို့ သွားရောက်ညှိနှိုင်းရာ မှာ ဦးသုမနတို့က ဖမ်းထားတယ်လို ဆိုတယ်။အဲဒါနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မြက မဟာမိတ်ခေါင်းဆောင်တွေ ခေါ်ပြီး KNLA စစ်ရုံး အပေါ်ထပ်မှာ တိုင်ပင်ပါတယ်။ ဦးသုမန ကို တပ်ပေါင်းစု ခေါင်းဆောင်တွေ သွား ဆွေးနွေး ဖြောင်းပြဖို့၊ မရလျှင် အဖမ်းခံထားရသူတွေကို ၀င်ကယ်ဖို့ သဘော ထား ကျပါတယ်။ ဒါနဲ့ မဟာမိတ်ခေါင်း ဆောင်တွေထဲ ကျွန်တော်အပါအ၀င် မြစ်ဆုံ ထိုင်းဘက်ကမ်းက တည်းခိုရေးစခန်းမှာ ၀ိုင်းကူဆွေးနွေးဖို့ သွားညအိပ်စောင့် နေကြ ပါတယ်။ ဦးသုမနက ၀စီပိတ် ဥပုဒ် ၄၉ ရက် စောင့်နေတယ်တဲ့။ ကျွန်တော်က မဖြစ်တော့မှန်းသိပေမဲ့ ကိုယ်က စီစဉ်သူ မဟုတ်တော့ လူကြီးတွေစီစဉ်သလို အထူးသဖြင့် ကေအင်န်ယူ ခေါင်းဆောင်တွေ သဘောထား ပေါ် မူတည်ပြီးလုပ်နေရတယ်။ နောက်နှစ်ရက် လောက်မှာမှ မာနပလောပြန်လာကြရတယ်။ ဘာမှ အကြောင်းမထူး။ရန်သူရောက်လာတဲ့အထိ ဦးသုမနက အချိန်ဆွဲထားတာပါ။
နောက်ပိုင်း ရက်အတော်ကြာမှ ဗိုလ်ချုပ်တန်ပလာဘောတို့ ဗိုလ်ချုပ်မောင်မောင်တို့ ပြန်ရောက်လာတယ် ကြားရတယ်။ နောက်တော့ ကရင် ဗုဒ္ဒဘာသာတပ်တွေက ခွဲထွက်ကြတယ်။ ၀င်လမ်းထွက်လမ်း သိနေတဲ့ ဗုဒ္ဒဘာသာ ကေအင်န်ယူ တပ်ဖွဲ့ဝင်တွေလမ်းပြလို့ ရန်သူပါပါလာပြီး ၀င်တိုက်ကြလို့ ကေအင်န်ယူက မာနာ ပလောမှ ဆုတ်ကြရ တော့ တယ်။ဒါက မာနပလောကျရခြင်းဖြစ်ရပ် ပုံကြမ်းပါ။
ဒီဖြစ်စဉ်မှာ-အစဦးကထည်းကခံစစ်သေဖြစ်နေခဲ့တာကိုအရင်ဆုံးသိမှတ်ဖို့လိုပါတယ်။ တော်လှန်ရေးစစ်ပွဲရဲ့ တိုက်ပွဲသေနင်္ဂဗျူဟာ မဟုတ်ခဲ့ပါဘူး။ ဒါတွေက ကျွန်တော်မရောက်ခင်ကထည်း ဖြစ်တည်နေခဲ့တာ။ ဘာသာ ရေးကိစ္စက ကေအင်န်ယူမှာ ဖြစ်နေတာကြာခဲ့ပါပြီ၊ခရစ်ယာန်နဲ့ဗုဒ္ဓဘာသာ။ခရစ်ယာန်ထဲမှာမှစနေသင်းနဲ့၊ တခြားခရစ်ယာန် ထပ်ဖြစ်တယ်။ အနောက်လက်ျာဂိုဏ်းဟာ ဘာသာရေးနဲ့ကွန်မြူနစ်ဆန့်ကျင်ရေး အခြေခံနဲ့ လူတွေကို စည်းရုံးကြတော့ ကေအင်န်ယူခေါင်းဆောင်အများစုလည်းအဲဒီအထဲမှာပါနေကြတာပါ။ ဘာ သာစွဲတွေပေါ်နေတယ်။ ဒီကြားထဲစောနဲ့  မန်းကရင် ဖြစ်ဝကျွန်ပေါ်ကရင်နဲ့ တောင်ပေါ်ကရင် ဆိုတဲ့ ဒေသစွဲကလည်းရှိသေးတယ်။ဒါတွေကအခြေခံလူတန်းစားအမြင်အားနည်းတော့အပေါ်ယံကိစ္စတွေကအဓိက ဖြစ်လာတာလို့ ဆိုနိုင်တယ်။
ခွေးအိပ်တောင်ထိပ်က ဆုတ်လာရချိန်မှာ ဒီတောင်ကိုကာကွယ်ဖို့ တပ်ပေါင်းစုတွေ၊ မဟာမိတ်တွေက ၀ိုင်းကြိုး ပမ်းကြတော့ ကလလတ ( ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး) က ခွေးအိပ်တောင်မှာ  တိုက်ပွဲဝင်ဖို့ တပ်တွေလွတ်လာပါတယ်။ တပ်တွေရောက်တော့ KNPP(ကရင်နီအမျိုးသားတိုးတက်ရေးပါတီ) က ကေအင်န်ယူကိုလှမ်းကန့်ကွက်ပါတော့တယ်။ဒီတော့ ကေအင်န်ယူကကလလတတပ်တွေကို ပြန်ခိုင်းလိုက်ရတယ်။ ဒါတွေကလည်း မာနပလောကာကွယ်ရေးမှာ ကြီးမားတဲ့ ထိုးနှက်ချက်တခုဖြစ်ခဲ့တယ်။ ဒီကြားထဲ ABSDF ကလည်း ကရင်အချင်းချင်းတွင်းဖြစ်တဲ့ ပဋိပက္ခမှာ ကြားနေမယ်ဆိုတဲ့ ကြေညာချက်ကထွက်လာသေးတယ်။ ကျွန် တော်တို့ PLF ပြောက်ကြားတပ်က တပ်မဟာ နှစ် တေင်ငူအရှေ့ဘက်ခြမ်မှာ ဘဲ ရှိနေခဲ့တယ်။ ဒီဘက်မှာသာ  ရှိခဲ့ရင် ကျွန်တော်တော့ ၀င်တိုက်ခိုင်းမှာဘဲ။
မာနပလောကျပြီလို့သတင်းရတော့ ကျွန်တော် ဇင်းမယ်ကနေချက်ချင်းသွားတယ်။ ကိုယ်လူတွေကို သွားစီစဉ် ပေးဖို့၊ ကျွန်တော်တို့စခန်းမှာလူမရှိတော့ဘူး၊ ကေအင်န်ယူဘက် သွားတော့ ဗိုလ်ချုပ်မြကို သူတို့ စစ်ရေးပြကွင်း မြောက် ဘက်နား က နေရာမှာတွေ့ရတယ်။ သူ့ဘေးမှာ သူ့လူ နှစ်ယောက်သုံးယောက်နဲ့။ ကားလည်း ပါတယ်။ ကျွန်တော်သွားနုတ်ဆက်တော့ သူကအေးအေးဆေးဆေးပါဘဲ။ ရှေ့ မလှမ်းမကမ်းမှာ ထရပ်ကား နှစ်စီးစာ လောက်ရှိတဲ့ လက်နက်ပုံကြီး ပုံထားတာလည်းတွေ့ရတယ်။ ကျွန်တော့်ကိုခင်ဗျားလိုချင်တဲ့ လက်နက် သွားယူလို့ပြောတယ်။
သူစကားကကျွန်တော့ကို များစွာစဉ်းစားခန်းဝင်စေခဲ့တယ်။ ကျွန်တော့်နားမှာ ကျွန်တော်ရဲဘော်တွေရှိခဲ့ရင် သွား ယူခိုင်းမှာဘဲ၊ အခုတော့ ရဲဘော်တွေနဲ့လည်း မဆက်မိ ဘယ်ရောက်နေလဲလည်း မသိ။ ကိုယ်တိုင် ယူရင်လည်း တလက်နှစ်လက်ပေါ့၊ ဒါပေမဲ့ ဘယ်လိုသယ်ပြီး ဘယ်မှာထားရမလဲ။ ယူပြီး သူနဲ့လိုက်သွား ရအောင်ကလည်း ကိုယ့်လူတွေနဲ့ တွေ့ဖို့လိုပြန်တယ်။ ကျွန်တော်တော်တော်တွေနေတယ်။ နောက်တော့ကျွန်တော့်ရဲဘော်တွေသွားရှာလိုက်ဦးမယ်ပြောပြီးထွက်လာခဲ့တယ်။ မြင်ခဲ့ရတဲ့လက်နက်ပုံကြီးကို နုမျောလို့မဆုံးဘူး၊ အရင့် အရင်ကသာရခဲ့ရင် ဘယ်လောက်ကောင်းမလဲပေါ့။
မာနပလောမှာ လူသူရှင်းနေတယ်။ သေနတ်သံတွေ ဘာတွေတော့လည်း မကြားရသေးတော့ ကျွန်တော်လည်းစိတ်မပူပေမဲ့ကိုယ့်ရဲဘော်တွေထွက်ခွါမည့်နေရာလို့ထင်တဲ့ဘက်သွားရင်း သောင်းရင်းချောင်းတဖက် ထိုင်းဘက်ကမ်းမှာထိုင်ရင်းစောင့်နေခဲ့တယ်။ ဖြတ်လာနေတဲ့ကရင်မိသားစုတွေကိုကြည့်ရင်းစိတ်မကောင်းဖြစ်နေ ရတယ်။ ခလေးခလောင်တွေ၊ အထုပ်အပိုးတွေ၊ ၀က်တွေ ကြက်တွေ၊ ကားနဲ့တမျိုး ခြေလျှင် တဖုံ ကတိုက်ကရိုက် လာနေကြတယ်။ ဒီလောက်များတဲ့ လူတွေ ဘာကြောင့် ရန်သူကို မနိုင်နိုင်သလဲ ဆိုတာကိုလဲ အထပ် ထပ် စဉ်း စားနေမိတယ်။ အသိတွေကိုလည်း ကျွန်တော့်လူတွေ မတွေ့ကြဘူးလား လို့ လိုက်လိုက် မေးနေရတယ်။ တယောက်က ဒီထိုင်းဘက်ကမ်းကို သွာကုန်ကြပြီ လို့ပြောတာနဲ့ ထိုင်းဘက်ကမ်းမှာရှိတဲ့ လူတွေရှိရာ လိုက်ရှာ ရပြန်တယ်။  တောင်ကမြောက်စီးတဲ့ သောင်ရင်းမြစ်နဲ့ အပြိုင် ထိုင်းဘက်ကမ်းမှာ မြေနီကားလမ်းရှိပါတယ်။ အဲဒီကားလမ်းကို အခြေပြုပြီး လူတွေလာကြတာပါ။ ကျွန်တော်က တောင်ဘက်မှာရှိတဲ့မဲဆောက်မြို့ဘက်ဦးတည်သွားကြမလားလို့ယူဆပြီး တောင်ဘက်သွားတဲ့ ကားလမ်းအတိုင်း လျှောက်လာတယ်။ လမ်းဘေး တဖက်တချက်မှာလည်း  ပြေးလာသူတွေ သူ့အစုနဲ့ သူနေနေကြ တာ တွေ့ ရတယ်။
တောင်ဘက်ကို တော်တော်လေးသွားမိတော့ လမ်းမှာ စောင့်နေတဲ့ ကေအင်န်ယူကဗိုလ်မှူးရော်ဂျာ ကိုတွေ့ ရတော့ တော်တော်ဝမ်းသာသွားတယ်။ အရင်ကထည်းက သိထားတဲ့လူဆိုတော့။ သူကဘယ်သွားမလို့လဲလို့လှမ်းမေးတယ်။ ကျွန်တော်လည်း အားကိုးချင်နေတော့  ကျွန်တော်တို့ ရဲဘော်တွေကို လိုက်ရှာနေတာလို့ပြောလိုက်တယ်။ သူကတုန်းတိတိနဲ့ဒီဘက်ကို ဗမာတွေ ပေးမလာဘူးလို့ပြောလိုက်တယ်။ဒီတော့ ကျွန်တော်ပါမလာရ လို့ဆိုသလိုဖြစ်တော့ကျွန်တော်လည်း ကြောင်အန်းအန်းဖြစ်သွားတယ်။ သူက ဘာမှ ဆက်မပြောဘဲ မျက်နှာတင်းတင်းနဲ့ ကြည့်နေတယ်။ ကျွန်တော်လည်း သူ့ကို တချက်ကြည့်ပြီး ဘာမှမပြော၊ နောက်ကြောင်းပြန်ကားလမ်းညွှန်ရာ မြောက်ဖက်အတိုင်းဆက်လျှောက်လာခဲ့တယ်။စိတ်ထဲမှာတော့ သူတို့ဘာတွေ လုပ်နေကြတာလဲ။ ဒီလောက်ဒုက္ခရောက်နေတဲ့ အချိန်မှာတောင် လူမျိုးရေးခွဲခြားတာလုပ်ကြ သလား လို့ တွေးပြီးစိတ်မကောင်းဘူး။ဒီလိုစိတ်ဓါတ်တွေကို ရွံမုန်းမိတယ်။ ခြေထောက်ကလျှောက်နေပေမဲ့ စိတ်က အပူ မီးရော၊ ဒေါသမီးပါဟုန်းဟုန်းလောင်နေတော့တယ်။
မြောက်ဘက်ဦးတည်လျှောက်ရင်းလူစုစုနေရာတိုင်းလျှောက်ကြည့်ရင်းကိုယ့်ရဲဘော်တွေရှာဖွေနေတယ်။ နောက်တော့ လမ်းဘေးလျှိုတခုမှာ ကျွန်တော့် ရုံးအဖွဲ့တာဝန်ခံ ဗိုလ်မြအောင် နဲ့အတူ ရဲဘော် ၅ / ၆ ယောက် ကို တွေ့ရတယ်။ သူတို့သေနတ်တွေကိုတော့တိုက်ခိုက်ရေးတပ်ကို ပေးထားခဲ့ကြပါတယ်။တိုက်ခိုက်ရေးတပ် စိပ်က မာနပလောဘက်ခြမ်းမှာပါ။ သူတို့ကို ဒီဘက်ကမ်းမကူးဖို့၊ ကေအင်န်ယူတတပ်တွေနဲ့အတူတွဲတိုက်ဖို့ မှာပြီးသားပါ။ ဒီတော့ကျွန်တော်တို့ တစုက မယ်စရင်းဘက်ကို ဦးတည်ပြီး မြောက်ဘက်ကို  ဆက်လျှောက် လာတယ်။ အချိန်က ညနေစောင်းပါပြီ။ ကားကြုံ လိုက်ချင်ပေမဲ့ ဖြတ်သွားတဲ့ ကားတွေက သူ့ဝန်နဲ့ သူတောင် မမျှကြဘူး။ တား လည်းမရပ်ကြပါဘူး။ဒါနဲ့ မှောင်စပြုလာလို့ ချောင်းခြောက်တခုရှိတဲ့လျှိုတခုထဲမှာ အနားယူ ပြီး ဖြစ်သလို အိပ်စက်လိုက်ြကပါတယ်။  နောက်နေ့ နံက်စောစောမှာ နံက်စာ ချက်ပြုတ်စား မယ်စရင်းဘက် သွားရာ မြောက်ဖက်ဦးတည်တဲ့ကားလမ်းဘက်ကို ဆက်လျှောက်လာကြတော့တယ်။ မာန ပလောဟာနောက်မှာ တဖြေးဖြေးကျန်နေရစ်ခဲ့တော့တယ်။
မာနပလောက ဆုတ်ခွါရပြီးနောက် တပ်ပေါင်းစုဖြစ်တဲ့၊ ဒီအေဘီ၊ NCUB အစည်းအဝေးတွေကို တပ်မဟာ ၆ ခွင်ထဲက ထီးကဘယ်လယ် တောထဲမှာလုပ်ကြတယ်။နောင်မှာမယ်ဆောက်မှာလုပ်ကြတာများလာတယ်။ ထိုင်းရဲ့သြဇာလည်း ပိုဝင်လာတယ်။ မာနပလောကျရခြင်းအကြောင်းနဲ့ ပတ်သက်ပြီး တရားဝင်သုံးသပ် တာတော့ မကြားမိဘူး၊ ကျွန်တော်တို့ က လည်း တရားဝင်မမေးကြဘူး။ နားလည်မှုနဲ့ မသိမသာနေကြ သလိုပါဘဲ။ ဒါပေမဲ့နားစွန်နားဖျားကြားရတာက ဗိုလ်ချုပ်မြက မြစ်ဆုံ ကိစ္စပေါ်နေချိန်မှာ တိုက်ဖို့ သူက မိန့်ပေးတယ်လို့ ဆိုတယ်၊ ဒါပေမဲ့ သူ့ လက်ထောက် ဗိုလ်ပီနံက ကရင်အချင်းချင်း မတိုက်ချင်ဘူး ဆိုပြီး ငြင်းဆန်လိုက်တယ်လို့ဆိုတယ်။ နောက်သုံးနှစ် လောက်အကြာမှာဗိုလ်ပီနံကိုဗိုလ်နဒါးမြစခန်းမှာတွေ့တော့ လူချင်းလည်းရင်းနှီးတာနဲ့ အဲဒီအကြောင်းကိုမေးဖြစ် တော့တယ်။ သူက သူ့သမိုင်းမှာ အမဲစက်မထင်ချင်လို့ တိုက်ဘူးလို့ပြောတယ်။ကျွန်တော်က သူ့ကို ပြန်မငြင်း ချင်ပါ။ မာနပလောကလည်းကျပြီးပြီ။ ထွက်ပြီးတဲ့ဆင် စွယ် က ပြန်ဝင်မှာမှ မဟုတ်တော့ဘဲ။
 ကေအင်န်ယူဟာ လူမျိုးရေးလောက်၊ ဘာသာရေးလောက်နဲ့ ရပ်တည်နေတဲ့ အားနည်းချက်ကို ရန်သူက ကောင်းကောင်း အမြတ်ထုတ်သွားခဲ့တယ်။ သူတို့ အနိုင်ရဖို့ ကရင်ကိုကရင်နဲ့ တိုက်တာကို ဘယ်လိုလုပ် ကျွန်တော်ကရှင်းပြလို့ရနိုင်တော့မှာလဲ။ နောက်ထပ် နှစ်နှစ်လောက်ကြာတော့ကရင်အသိုင်းအ၀ိုင်းဆီကဘဲ ကြားရပြန်တယ်။  ဗမာ တွေကို လက်ခံလို့ မာနပလောကျရတယ် ဆိုတဲ့ လေသံ။ဒီမိုကရေစီအင်အားစုဆိုတ တဲ့ လေသံတော့ မကြားရ။ တပ်ပေါင်းစုရဲ့ အကျိုးကျေးဇူးကြောင့်ကေအင်န်ယူဟာ နံမည်ကြီးလာရတယ်။ ကမ္ဘာကသိလာတယ်။တော်လှန်ရေးရဲ့ ခေါင်းဆောင်ခန်းမှာရှိခဲ့ ရ တယ်။ ရန်သူကိုတစုံတရာ ခုခံနိုင်ခဲ့ တယ်။ ဆိုတာတွေကို မတွေးကြဘူး၊ မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေတွေကိုဘာမှမသုံးသပ်ဘဲလူမျိုးရေး စိတ်လောက်နဲ့တော်လှန်ရေးဆိုတာကိုလုပ်နေ၊ ရန်သူ ရဲ့လူမျိုးရေးသွေးထိုးမှုတွေကို နားယောင်နေသေး တာ ကို  သိရတော့ ကျွန် တော်အနေနဲ့ တော်လှန်ရေးရှေ့ခရီး အတွက် ရင်လေးမိတယ်။ ဒါပေမဲ့ကျွန်တော် တို့ လုပ် ရမည့် စစ်အာဏာရှင်စံနစ်တိုက်ဖျက်ရေး တာ ၀န်ကိုတော့ ဦးလည်မသုန် လုပ်ဖို့ရမှာဘဲလို့ စိတ်တင်း လိုက် ပါတယ်။
ဦးအေးဆောင်
၊ ၁ ၊ ၂၀၁၅။







Friday, January 9, 2015

လက်နက်ကိုင်အင်အားစုတွေ သတိရဖို့လိုပြီ



လက်နက်ကိုင်အင်အားစုတွေ သတိရဖို့လိုပြီ 

ဦးနုနဲ့ လက်ဆွဲနုတ်ဆက်ပြီး ပြန်လာတဲ့ လူတွေကို သခင်ဖေဌေးက သွေးစွန်းတဲ့ လက်နဲ့ နုတ်ဆက်လာတဲ့ ကောင်တွေ ရုံးမလာနဲ့လို့ ပြောဘူးကြောင်း တခါတုန်းက ဖတ်ဖူးတယ်။ အခုတော့ တော်လှန်ရေး ဆိုတဲ့ လူတွေက လူပရိဿတ် ဗိုလ်ပုံအလည်မှာ လူထုရော သူတို့ကိုပါ အမျိုးမျိုး ဖိနှိပ်ချိုးနှိမ် နေတဲ့  စစ်အာဏာရှင် ကြံ့ ဖွတ် ဗိုလ်ချုပ် အဟောင်း အသစ်တွေနဲ့ မီးရောင် ပြောင်ပြောင်အောက်မှာ ကိုယ်ကျင့်သိက္ခာနဲ့ နိုင်ငံ ရေးသိက္ခါ မဲ့စွာ ရိုကြိုးဂုဏ်ပြု နုတ်ဆက်နေတာဟာ တော်လှန်ရေး သိက္ခာသာမက မြန်မာပြည် သူများအတွက် ဆိုးဝါးတဲ့ နိမိတ်ဖြစ်ခဲ့ပြီ။
ဒီအချိန်မှာ လယ်သမားဘ၀တွေကို ပျက်စေတဲ့မြေသိမ်းမှုတွေရှိနေတယ်၊ တပ်ပေါင်းစုကို အမြှောက်နဲ့ ပစ်ခဲ့ တယ်။ လက်ပန်းတောင်းမှာ သတ်ပြနေတဲ့ အချိန်မှာ သတ်သူတို့နဲ့ ဖတ်လဲတခင်း လုပ်ပြတဲ့ ဒီလိုပြကွင်းမျိုးကို ပြရက်တဲ့ခေါင်းဆောင်ဆိုသူတွေဟာကမ္ဘာမှာစံရှားတဲ့ဖေါက်ပြန်ရေးသမားတွေသာဖြစ်တာသေချာနေတော့တယ်။ တော်  လှန်ရေးဟာ သူတို့နဲ့ မဆိုင်တော့တာလည်း ရှင်းနေတော့တယ်။ တော်လှန်ရေးသမားတွေက သူတို့ နဲ့ ခြားနာဖို့လိုနေပြီ။
၈၈ အတွေ့အကြုံအရ ပြည်တွင်းက မြို့ကြီးတွေမှာ ဖြူစိမ်းတွေ၊ အလုပ်သမား၊ လယ်သမား ဆင်းရဲသား စစ်သားတွေ ဆန္ဒပြနေတဲ့ အချိန်မှာ မာနပလော တောထဲကရှိတဲ့ လက်နက်ကိုင် တိုင်းရင်းသားတပ်ပေါင်းစု မဒတ ( အမျိုးသားဒီမိုက ရေစီတပ်ပေါင်းစု)က ဘယ်လို အမြင်ရှိကြလဲ ဆိုတော့ သူတို့သာ ပြည်တွင်းထဲ ၀င် ကူ လိုက်လို့ရှိရင် ဆန္ဒပြ သူတွေကို ရန်သူက ပစ်သဆ်ဖို့ အကြောင်းပြကောင်းသွားလိမ့်မယ်။ဆိုပြီး မကူခဲ့ကြဘူးတဲ့။ ဒီတော့ သိတဲ့ အတိုင်း လမ်းတွေပေါ်၊ ထောင်တွေထဲ၊ တောထဲ သေခဲ့ကြတာသောက် သောက်လဲဘဲ၊ ဗမာ တွေသေတာသေပါစေလို့ ယူဆချင်ကြသေးလား။ ဒီလို အမြင် တွေဟာဖိနှိပ်ခံ ပြည်သူလူထုကို ကယ်တင် ရာမရောက်ဘဲ ရန်သူရဲ့ ဖိနှိပ် သတ်ဖြတ်မှုကို တဖက်တလမ်းက အားပေး နေခဲ့တာပါ။ ရန်သူက သူပြချင်တဲ့ အကြောင်းတွေ ပြနေမှာပါဘဲ။ တာဝန်မဲ့သူတွေကသာ တာဝန်ကို ရှောင်ဖို့ သူတို့ဘာသာ ကြောင်းပြခဲ့ကြတာဖြစ်တယ်။ လက်သဲဆိပ်ရင်လက်ထိပ်နာရမှာပါ။အဖိနှိပ်ခံလူတန်းစား အမြင် ခေါင်းပါးပါတယ်။အခုလည်းဒီလို တာဝန်မဲ့ မှုတွေကို ထပ်လုပ်ဖို့ ဖေါက်ပြန်ရေးသမားတွေက တော်လှန်ရေး အရည်ခြုံ လုပ်စားဖို့ ခွင်ဖန်နေကြတာ မမြင် ချင်တဆုံး ဖြစ်နေပြီ။
၈၈အရေးတော်ပုံကနေ တော်လှန်ရေး လုပ်ဖို့ ထွက်လာတဲ့လူတွေကို ခွန်ဇာအဖွဲ့ ဗမာအချင်းချင်းဖြစ်တာ - ဘာမှ လုပ်စရာမလိုဘူး။ ပြန်ခိုင်းလိုက်လို့ သဘောထားပေးတာလည်းကြားဖူးတယ်။ တခြားလူမျိုးရေး အခြေခံ အဖွဲ့တွေကလည်း သူတို့ လူမျိုးတွေကိုသာ လက်ခံပြီး တခြားလူတွေကို ဥပက္ခါပြုတာလည်းကြားရတယ်။မြန် မာပြည်က လက်နက်ကိုင်အင်အားစုတွေ ဘယ်လောက် နိုင်ငံရေး မရှိဘဲ။ ဘယ်လောက်အထိ လူမျိုးရေးနဲ့ အမြင်ကျဉ်းခဲ့ကြသလဲ၊ အချောင်သမားဘယ်လောက်ဆန်ခဲ့ကြသလဲဆိုတာကို သိစေချင်တာပါ။ ဒီအတွေး အ ခေါ်မျိုး တွေက အခုအထိကျန်နေသေးတာကိုလည်း မြင်စေချင်ပါတယ်။ ပြည်တွင်းက လူထုတွေ လှုပ်ရှားထကြွ အနစ်နာခံ၊ စစ်အာဏာရှင်ကို ဆန့်ကျင် နေချိန်မှာ လက်နက်ကိုင်တော်လှန်ရေးအင်အားစု ဆိုသူတွေက ရန်သူနဲ့ အရက်ခွက်ချင်းခွပ် ဖက်လှဲတ ကင်းဖြစ်နေတာဟာ လူထုလှုပ်ရှားမှုကို သရော်လှောင်ပြောင်နေသလို၊ ဆန့်ကျင်ဖီလာလုပ်နေတာသာဖြစ်ပါတယ်။ ဒါဟာ ဒီခေတ်စကားနဲ့ ဆိုရင် တော် တော်ကြီးတော့လွှဲနေပြီ လို့ ပြောရတော့မယ်။ ဖိနှိပ်ခံ ပြည်သူလူထုကြီးက ဒဏ်ခတ်ဖို့ လို အပ် နေပြီ။တတ်နိုင်တဲ့ ဘက်က ၀ိုင်းပယ်ရမယ်။ သူတို့အပြုအမူကို ဆန့်ကျင်ကြောင်း ပြသရတော့မယ်။
ကျွန်တော်တို့ သိထားရမှာတော့ တော်လှန်ရေး ဆိုတာ တော်လှန်သူတွေ အတွက်သာဖြစ်တယ်။ ဖေါက်ပြန် သူတွေအတွက် မဟုတ်သလို တော်လှန်ရေးက ဖေါက်ပြန်သူတွေကို ကြိတ်ဝါးသွားမှာပါဘဲ။ ဖေါက်ပြန်ခဲ့ တရားတွေအရ၊ မမှန်ကန်တဲ့ အချောင်သမား အတွေးအခေါ် တွေအရ၊ ဖိနှိပ်ခံလူတန်းစားချင်းတူတာကို  မမြင်ဘဲ ကိုယ့်တွင်းဝလောက်သာမြင်တဲ့ အမြင်းကျဉ်း လူမျိုးရေးကိုယ်ကျိုးရှာသမားအတွေးအခေါ်တွေကြောင့် ၈၈ အရေး တော်ပုံ အပါအ၀င်၊ မာနပလောအပါအ၀င် တပ်ပေါင်းစုတွေ အပါအ၀င် ဘယ်လို ကျဆုံးခဲ့ရတယ် ဆိုတာကို ကောင်းကောင်းသတိ ရကြဖို့ လိုပါတယ်။
ရန်သူစစ်မြေရှင် ပဒေသရာဇ်က လက်နက်ကိုင်အင်အားစုတွေကို နယ်စားပယ်စား လက်အောက်ခံလေးတွေ အဖြစ် မွေးနေ ပါတယ်။ တချို့တွေကို လက်ကြားယို အခွင့်အရေးလောက်နဲ့ တော်လှန်ရေးကနေပင်စင်ယူဖို့ အားပေးနေကြ  တယ်။ ရန်သူ့သြဗာခံတွေဟာ  နံမည်တွေ၊ စကားလုံးတွေ၊ ဟန်ပန်တွေနဲ့ နိုင်ငံရေးလိုလို၊ တော် လှန်ရေးလိုလို လုပ် နေကြပေမဲ့ ရန်သူ့အားပေး ကိုယ်ကျိုးရှာ၊ လူထုဆန့်ကျင်ရေးသမားတွေချည့် ဖြစ်ကြတယ်။
လူထုတိုက်ပွဲ လက်နက်ကိုင်တိုက်ပွဲ ဆက်စပ်နိုင်ရေး၊အဖိနှိပ်ခံညီညွတ်ရေး၊ ဘုံရန်သူဝိုင်းတိုက်ရေး အမြင် တွေကို ထိပါးနှောက်ယှက်တဲ့ မည်သည့် အတွေးအခေါ်၊ အပြုအမူကိုမဆို  ပြတ်ပြတ်သတ်သတ် ဒီအချိန် က ထည်းက ဆန့်ကျင်မှသာ ပေါ်လာဦးမည့် လူထုလှုပ်ရှားကြီးဟာ ၈၈ ကလိုမဟုတ်ဘဲ ပြည့်စုံတဲ့ အောင်ပွဲကို ရနိုင်ပါလိမ့်မယ်။ သစ္စာဖေါက်တွေ၊ဖေါက်ပြန်သူတွေ၊ ဖိနှိပ်သူတွေနဲ့ တွဲက၊ တွဲအိပ်နေသူတွေကို အဖိနှိပ်ခံ ပြည်သူလူထုကြီး တရပ်လုံးက ဒဏ်ခတ်အရေးယူနိုင်ပါလိမ့်မယ်။
အနီးဆုံး ဖေါက်ပြန်သူကိုဖေါ်ထုတ် ဆန့်ကျင်ကြ။
စစ်အာဏာကျဆုံးရမယ်။
တော်လှန်ရေး မုချအောင်ရမယ်။
ဦးအေးဆောင်။
ဇန်န၀ါရီ ၉၊ ၂၀၁၅။