ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Monday, November 7, 2011

“ဧရာဝတီ အတွက် အဓိက တိုက်ပွဲသဏ္ဍာန်”


ဒီနေ့ အဓိကတိုက်ပွဲသဏ္ဍာန်ဟာ လက်နက်ကိုင်တိုက်ပွဲသဏ္ဍာန်ဖြစ်တာကို မြင်နိုင်တယ်။ ကချင် ဒေသ ကတိုက်ပွဲ တွေဟာ ကေအိုင်အေကို ချေမှုန်းရေးရည်မှန်းချက်နဲ့ရန်သူ ကြံ့ဖွတ်တပ်နဲ့ တရုတ်တွေညှိပြီးလုပ်ခဲ့တာ ပါ။ ကချင်ပြည်သူတွေနဲ့ ကေအိုင်အေတပ်ဖွဲ့တွေ ရွပ်ရွပ်ချွန်ချွန် ခုခံတိုက်ခိုက်လို့၊ အက်စ်အက်စ်အေတွေကလဲ သူ့ဒေသမှာ ရန်သူကို တိုက်ခိုက်ခဲ့လို့ အားနည်းချက်များပြားလှတဲ့ ကြံ့ဖွတ်တပ်က အရှုံး ပေါ်လာတာကြောင့် အလျှင်အမြန် စေ့စပ်ရေး ပရိယာယ်ကို ပြောင်းကျင့်သုံးလာရတယ်။ တရုတ်ကလဲ ကေအိုင်အေစခန်းတွေကို အလွယ်တကူ ကြံ့ဖွတ်တပ်က သိမ်းနိုင်မယ်လို့ ထင်ထားခဲ့ရာက ကချင် တပ်တွေရဲ့ စွမ်းပကားကို သိသွားသလို ။ ကြံ့ဖွတ်တပ်တွေရဲ့ အားနည်းချက်တွေကို သိလာပြီး တရုတ်က ကချင်ပြည်သူတွေနဲ့ ကေအိုင်အို အပေါ် သဘော ထား ပြော့ပြောင်းလာတယ်လို့ သုံးသပ်နိုင်တယ်။
ချုပ်လိုက်ရင် လက်နက်ကိုင်တိုက်ပွဲကို ရဲရဲရင့်ရင့် ဆင်နွဲတဲ့ ကချင်ပြည်သူတွေနဲ့ ကေအိုင်အေတပ်က ရန်သူ ကို ဒီတိုက်ပွဲမှာအောင်မြင်လိုက်တယ်လို့ ဆိုနိုင်တယ်။ ဒါဟာ စေ့စပ်အားမဟုတ်ဘဲ လိုက်နက်ကိုင် တိုက်ပွဲ ကြောင့်သာ ဖြစ်တာကို အလေးအနက်ထားရမယ်။
ဒီလိုပါဘဲ တခြားဒေသတွေမှာ တိုက်ပွဲဝင်နေတဲ့ အက်စ်အက်စ်အေ၊ ကေအင်န်ယူ၊ ဒီကေဘီအေ၊ ကေအင်န်ပီပီနဲ့ တခြားအဖွဲ့ရဲ့ လက်နက်ကိုင်တိုက်ပွဲတွေဟာ ဒီနေ့ လူထုကြားထဲမှာ၊ ရန်သူ့ကြားထဲမှာ မျက်ကွယ် ပြုလို့မရတဲ့၊ ဖုံးဖိလို့မရတဲ့ တိုက်ပွဲတွေပါ။ ရန်သူကို နိုင်ငံရေးအရ။ စစ်ရေးအရ အထိနာစေတဲ့ တိုက်ပွဲတွေဖြစ် တယ်။ဒါတွေကို ကျွန်တော်တို့က ဖေါ့မတွက်စေချင်သလို ဒီလက်နက်ကိုင်တိုက်ပွဲသဏ္ဍာန်ကို ကြီးမားကျယ်ပြန့် အောင်လုပ်ဆောင်သင့်တယ်။ တိုက်ပွဲတွေဟာ ရန်သူ့တပ်ကို တိုက်ရိုက်ရိုက်ခတ်သလို လူထုရဲ့ လှုပ်ရှားမှုကို တိုက်ရိုက်ထောက်ကူ အားပေးနေတာကို “ ဧရာဝတီ မြစ်ဆုံရေဂါတာ ဆန့်ကျင်ရေးလှုပ်ရှားမှု”မှာ တွေ့နိုင်တယ်။
ဒီတော့ လက်နက်အားကိုးပြီး အနိုင်ကျင့်နေတဲ့ ကြံ့ဖွတ်တပ်ကို လက်နက်ကိုင်တိုက်ပွဲနဲ့သာ ဟန့်တား နိုင်တာကိုတွေ့နိုင်တယ်။ လက်နက်ကိုင်ထားတဲ့  ၀ အဖွဲ့နဲ့ မိုင်းလားအဖွဲ့တွေကိုလဲ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းရေးတောင်မပြောတော့ဘဲ သဘောတူညီချက်တွေလုပ်လာရတယ်။ ဒီလိုလုပ်လာတာဟာ ရန်သူအနေနဲ့သူ့ အကွက် နဲ့ သူရွှေ့တာ ဖြစ်နေလဲ လက်နက်ကိုင်ထားလို့၊ တိုက်လို့ ဒီလိုသူကရွှေ့  ရတာကို ကျွန်တော်တို့ ဘက်က အလေးအနက်သိရမယ်။ ပြင်းထန်တဲ့တိုက်ပွဲတွေမပါဘဲ စစ်အာဏာရှင်တွေဆီက ကျွန်တော်တို့ မြင့်မြင့်မားမား ဘာမှ မမျှော်လင့်နိုင်ပါ။ လက်နက် ကိုင်တိုက်ပွဲသာ စစ်အာဏာရှင်တွေကို ရင်ဆိုင်ရာမှာ ထိရောက်တာကို သိသာတယ်။
လက်နက်ကိုင်တိုက်ပွဲက အဓိကအသွင်ဖြစ်နေတာကြောင့် တခြားလူထုတိုက်ပွဲတွေ၊ သပိတ်မှောက် ဆန္ဒပြတာတွေ မလိုဘူးလို့ ပြောတာမဟုတ်တာကိုလည်း ရှင်းရှင်းလင်းလင်း သိစေချင်ပါတယ်။ လက်နက်ကိုင် တိုက်ပွဲကို အကောင်အထည်ဖေါ်ရာမှာ လူထုလှုပ်ရှားမှုနဲ့ သပိတ်တိုက်ပွဲတွေက အစပျိုးရမှာ သဘာဝပါဘဲ။ ဒါပေမဲ့ အဆုံးအဖြတ် တိုက်ပွဲဟာ လက်နက်ကိုင် လူထုအင်အားနဲ့ စစ်အာဏာရှင်တွေကို ဖြုတ်ချရမှာကို စွဲစွဲမြဲမြဲ ဆုတ်ကိုင်ထားဖို့ လိုပါတယ်။ လစ်ဗျားနမူနာဟာ အကောင်းဆုံးပါဘဲ။ လှည့်စားမှုတွေ၊ မြူဆွယ်မှုတွေ၊ အချောင်သမားတွေ၊ အနှစ်မဲ့တဲ့ ငြိမ်းချမ်းရေးတွေ၊ အလံရှူးတွေရဲ့ တောခြောက်သံတွေကို ဖေါက်ထွင်းမြင်ပြီး စစ်အာဏာရှင် တိုက်ဖျက်ရေးလမ်းက မသွေဖီဖို့ လူထုကို အမြဲမပြတ် ရှင်းလင်းပြနေရပါလိမ့်မယ်။
ဒီနေ့ ဧရာဝတီမြစ်ဆုံရေကာတာ ဆန့်ကျင်ရေးလှုပ်ရှားမှုဟာ လူထုလှုပ်ရှားမှုနဲ့ လက်နက်ကိုင်တိုက်ပွဲ လှုပ်ရှားမှုရဲ့ ဆုံချက်ဖြစ်နိုင်တာကို ကျွန်တော်တို့ သိရှိသလို ရန်သူကလဲ သိနေမှာပါဘဲ။ ဒါကြောင့်လဲ သူက တားဆီးနိုင်ရေးအတွက် “ ၀” နဲ့ မိုင်းလားကို အလျှော့ပေးပြီး ကတိုက်ကရိုက်သွားချော့မြူထားတာပါ။ ဒါကသူ့ အလုပ်။ ကျွန်တော်တို့ လတ်တလောလုပ်ရမည့် ရည်မှန်းချက်က တိုင်းပြည်နဲ့ ပြည်သူတရပ်လုံးအတွက် ဧရာဝတီ မြစ်ဆုံရေကာတာ ဆန့်ကျင်တိုက်ဖျက်ရေးကို ဘယ်လို အခက်အခဲတွေရှိပါစေ အပြတ်သားဆုံး ဆုံးဖြတ်ချက်နဲ့ အောင်မြင်အောင် လုပ်ရမှာက ကျွန်တော်တို့ အလုပ်ဘဲ။ ပြည်တင်း မင်းမခံနိုင်ဆိုတာ၊ ပြည်သူဟာ စစ်အာဏရှင် ကို အနိုင်တိုက်နိုင်တယ်ဆိုတာ ပြသရမှာဘဲ။
မြစ်ဆုံရေကာတာဟာကြံ့ ဖွတ်စစ်အာဏာရှင်တွေက တရုတ်နဲ့ လက်ဝါးရိုက်ပြီး တိုင်းပြည်တခုလုံးကို သွေးစုတ်မှုကြီးဖြစ်လို့ လွယ်လွယ်နဲ့ မလျှော့မှာ သေချာတယ်။ ဒီတော့ ကျွန်တော်တို့ပြည်သူဘက်ကလဲ သေမ ထူးနေမထူးဖြစ်နေမှတော့ ရေကာတာလှုပ်ရှားမှု အောင်မြင်အောင် အပြင်းအထန် အားထုတ်ကြိုးပမ်းကြရတော့ မယ်။ ၊တရုတ် နဲ့ ပင်းပြီး  ရေကာတာ ဆောက်တဲ့ ခေါင်းမာဂိုဏ်း လက်တဆုတ်စာကြံ့ဖွတ်စစ် အာဏာ ရှင်တွေကို ပါ ဆန့်ကျင် တိုက်ဖျက်ရေးအတွက်ပါ ထည့်တွက် ပြင်ဆင်ထားရလိမ့်မယ်။
ရေကာတာ ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုနဲ့ လက်နက်ကိုင်အင်အားစုတွေကို ပေါင်းစပ်ဖေါ်ဆောင်နိုင် အောင်လဲ ကြိုးပမ်းဖို့လိုအပ်တယ်။ ဆန္ဒပြပွဲတွေဟာ ဘယ်လိုကြမ္မာနဲ့ကြုံရတယ်ဆိုတာ ပြည်သူလူထုတွေသိ နေပြီးဖြစ်နေတော့ လက်နက်ကိုင်အင်အားစုတွေက ဆန္ဒပြတဲ့ လူထုကို ကာကွယ်ပေးနိုင်ရေးတာဝန်ကို ယူနိုင် အောင် စီစဉ်စဉ်းစားသင့်တယ်။ တရုတ်သံရုံးရှေ့ တကိုယ်တော်ဆန္ဒပြလို့ အဖမ်းခံရတဲ့ ကိုအောင်သိန်းခေါ် ကိုကျော်ဝင်း လိုလူတွေကအစ ကျွန်တော်တို့ကာကွယ်တဲ့ လုပ်ငန်းတွေကို၊ လွှတ်ဖို့တောင်းဆိုတဲ့ လုပ်ဆောင်မှု တွေ ကိုလုပ်ကြရလိမ့်မယ်။ ဘယ်လိုလုပ်သင့်တယ်ဆိုတာက ပြည်တွင်းလှုပ်ရှားသူတွေက ပိုသိမှာဘဲ။
မြစ်ဆုံရေကာတာဆန့်ကျင်ရေး လှုပ်ရှားမှုဟာ လှုပ်ဆော်မှုသက်သက်မဟုတ်ဘဲ တပြည်လုံးအတိုင်း အ တာ ဆောင်တဲ့ လူထုလှုပ်ရှားမှုအဖြစ် တပြည်လုံး အတိုင်းအတာဖြစ်လာအောင် လုပ်ပြီး နည်းမျိုးစုံနဲ့ ပြည်သူတိုင်း ပါဝင်တဲ့ မြစ်ဆုံရေကာတာဆန့်ကျင်ရေး၊ ကြံ့ ဖွတ်စစ်အာဏာရှင် ဆန့်ကျင်ရေး အဖြစ်ဖေါ်ဆောင်ကြရမယ်။
ပြည်သူလူထုရဲ့ စွမ်းပကားက “ပြန့်နှံ့ခြင်းနဲ့ အားကြီးခြင်း” ဖြစ်တာကြောင့် ဒီစွမ်းအင်နှစ်ရပ်ကို အပြည့် အ၀ အသုံးချနိုင်အောင် အားထုတ်ကြရမယ်။ ကြံ့ဖွတ်အားကိုးတဲ့ ကြံ့ဖွတ်တပ်ဟာ လူထုကအော့နုလုံးနာနေ တဲ့အပြင် အင်အားချို့တဲ့နေတယ်။ ယုတ်မာရက်စက်တဲ့ စစ်အာဏာရှင်တွေရဲ့ ခိုင်းဖတ်ဘ၀ကိုလဲ ရွံ့မုန်းနေကြ တော့ ပြည်သူတွေရဲ့ တိုက်ပွဲဟာ အလားအလာအများကြီးကောင်းတယ်။
ပြည်သူတွေရဲ့ ပြင်းထန်တဲ့ ဆန့်ကျင်မှုကိုသာ ကာလ တစုံတရာ ရင်ဆိုင်ရရင် ကြံ့ဖွတ်စစ်အာဏာရှင် တွေ ကြာရှည်ခံနိုင်စရာမရှိဘူး။  နိုင်ငံတကာက အထင်သေးခံနေရတဲ့ မြန်မာပြည်သူတွေရဲ့ သိက္ခာဟာ ထွန်း ပြောင် လာပါလိမ့်မယ်။
မြစ်ဆုံရေကာတာကို လက်ရှိ တိုက်ရိုက် ဆန့်ကျင်နေရတဲ့ ကေအိုင်အို အဖွဲ့ကို ကျွန်တော်တို့ အားပေး ထောက်ခံကြရမှာဘဲ။ လှုပ်ရှားမှု တပြည်လုံးပြန့်နှံ့ရေး အတွက် ဒေသလူမျိုးမခွဲခြားဘဲ အားလုံးက တာဝန်သိသိ လုပ်ဆောင်ကြရမယ်။
ဧရာဝတီမြစ်ကယ်တင်ရေးအတွက် ပြည်တွင်းက လှုပ်ရှားမှုတွေဟာ အရှိန်ရလာတာက အားတက်စရာ ကောင်းလှတယ်။ ကြံ့ဖွတ်သိန်းစိန်က လူထုကို အာရုံပြောင်းလှည့်စားဖို့ ကြံဆောင်နေတယ်။ လူထုလှုပ်ရှားမှု ဖြစ်မလာအောင် သွေးခွဲပြီး လှည့်စားဖို့၊ ခြိမ်းခြောက်ဖို့ တိုက်ခိုက်ဖို့ စီစဉ်မှာပါ။
ဒါပေမဲ့ ဒါတွေဟာ ဧရာဝတီကို ချစ်မြတ်နိုးတဲ့၊ မြစ်ဧရာရဲ့ တန်ဖိုးကိုသိတဲ့၊ စစ်အာဏာရှင်တွေရဲ့ အမျိုးမျိုး ဖိနှိပ်မှု အမျိုးမျိုးကိုခံနေရတဲ့ ပြည်သူတွေရဲ့ တိုက်ပွဲကိုဘယ်နည်းနှင့်မှ ကြံ့ဖွတ်စစ်အာဏာရှင်တွေ ကတားဆီးနိုင်စွမ်း ရှိမည်မဟုတ်ပါ။ တိုက်ပွဲဝင်တဲ့ ပြည်သူတွေဟာ အောင်ပွဲ သရဖူကို ဆောင်းရမှာပါဘဲ။

မြစ်ဧရာအတွက် တိုက်ပွဲဝင်ကြ။
စစ်အာဏာရှင်ကို ၀ိုင်းတိုက်ကြ။
အောင်ပွဲကို တိုက်ယူကြ။

ဦးအေးဆောင်။

“ပီတာလင်းပင်အတွက် ပန်းတခွေ”

“ပီတာလင်းပင်အတွက် ပန်းတခွေ”


ဦးအေးဆောင်


ကိုပီတာနဲ့ ကျွန်တော်ဘာမှ အာဃာတ မရှိပါ။ ရင်းနှီးတဲ့ လုပ်ဖေါ် ကိုင်ဖက်တွေပါဘဲ။ အခုတော့ သူက ရန်သူ့ဆီကို သွားပြီ။ ကျွန်တော်တို့ကို ခွဲခွါသွားပြီ။ သူ့လမ်း သူသွားတာကို ကျွန်တော်က ဘာမှ ပြောစရာမရှိဘူးလို့ ကျွန်တော် ထင်ထားပေးမယ့် သူသွားတာက ပါတီပွဲ၊ အလှူပွဲတခုကိုသွားတာ မဟုတ်ပဲ ပြည်သူတွေတရပ်လုံးကို ဖိနှိပ်သွေးစုတ်၊ ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့၊ မတရားမဲလိမ်ပြီး တက်လာတဲ့၊ သိက္ခာဆိုလို့ တပြားမှမရှိတဲ့ ကြံ့ဖွတ်တို့ ဆီသွားတာဆိုတော့ ကျွန်တော်က မပြောပဲ မနေနိုင်အောင်ဖြစ်ရတယ်။
ဘယ်လိုအမြင်နဲ့ ဘာတွေပဲ လုပ်လုပ် ကိုယ်လုပ်တဲ့ အလုပ်ဟာ ပတ်ဝန်းကျင်ကို အနည်းနဲ့ အများ ဂယက်ရိုက်တတ်တာပါဘဲ။ သာမန်အရပ်သားတယောက် မဟုတ်တဲ့ သူလို လူမျိုးက ဂယက်ပိုထစေတယ်။ လူတကာ မျက်ခုံးပင့် ကြည့်စေတာပေါ့၊ ဒီဂယက်က ကျွန်တော်တို့နဲ့ မကင်းတော့ဘူး။
ကိုပီတာဟာ စိတ်ကောင်းစေတနာရှိတဲ့လူတယောက်ပါ။ သတ္တိလဲရှိပါတယ်။ မဟုတ် ရင် မခံတတ်တဲ့သူပဲ။ အစည်းအဝေးကြီးတခုမှာ အပြစ်တင်ခံနေရတဲ့ ကျွန်တော့်ဘက်က ကာကွယ် ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် သူက သူ့စိတ်ကို သူ အလိုလိုက်လွန်းသူပါ။ ဒါကြောင့်ပဲ မိန်းမကိစ္စနဲ့ သူများတွေက ကွယ်ရာမှာ သူ့ကို ကဲ့ရဲ့စကား ဆိုကြတယ်။ အနောက်နိုင်ငံမှာ နေတာကြာသလို အနောက်ယဉ်ကျေးမှုနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို သူ့ကိုယ်ပိုင်စတိုင်လို ကျင့်သုံးနေထိုင်တတ်သူပါ၊ သူနဲ့လည်း ကျနော် ခင်မင်
ရင်းနှီးမှုရှိသလို ကျနော့အပေါ်မှာလည်း စေတနာရှိပါတယ်။ တခါတုန်းက အမှတ်တရအဖြစ်
သူပေးတဲ့ လက်ဆောင်အင်္ကျီတောင် ကျွန်တော့်မှာ ရှိနေပါသေးတယ်။

တော်လှန်ရေးလမ်းက ကြမ်းရုံတင်မက အကွေ့အကောက်တွေ များတာကို သိဖို့ လိုပါတယ်။ စိတ်ခံစားမှု သက်သက်နဲ့ လုပ်လို့မရပါ။ မှော်ရုံတောလိုဘဲ မာယာတွေက များပါတယ်။ ပညာတတ် ဓနရှင်ပေါက်စတွေ အနေနဲ့ အမြတ်ထုတ်ခံရဖို့၊ ထောင်ချောက်ထဲ ဆင်းမိဖို့ လွယ်တယ်။ ရွှေသမင်လိုက်မိတဲ့ ရာမလို ဖြစ်တတ်တယ်။ ကိုယ်တိုင်ကလဲ အားနည်းချက်တွေ များရင် ပိုဆိုးပါတယ်။
တော်လှန်ရေး လမ်းကြောင်းပေါ်မှာ “စစ်တပ်ကို စိတ်နဲ့တောင် မပြစ်မှားနဲ့” လို့ ပြောခဲ့ တဲ့ ဦးအောင်ကြီး၊ “မိုးပေါ်ထောင် မပစ်ဘူး တည့်တည့်ပစ်တယ်” ဆိုတဲ့ ဗိုလ်နေ၀င်းတို့ ပြည်သူတွေ ဘယ်လို ဒဏ်ခတ်ခံရတယ်ဆိုတာ အားလုံးသိခဲ့ကြပြီ။ ကိုပီတာက သူတို့တွေ လောက် အကောင် မကြီးတော့ သူတို့တွေလောက် ဒဏ်မခံရသည့်တိုင် သင့်တော်တဲ့ ဒဏ်ကို တော့ ပြည်သူတွေကပဲ ရွေးချယ်ပေးကြပါလိမ့်မယ်။ မြန်မာပြည်သူတွေဟာ နိုင်ငံရေး အမြင် ထက်မြက်ကြတယ်ဆိုတာ သမိုင်းက အကြိမ်ကြိမ် သက်သေပြခဲ့ ပြီးသားပါ။
တော်လှန်ရေးမှာ ၀င်စို့ထွက်စို့ လုပ်မရပါ။ လူထုအယုံအကြည် ပျက်တတ်ပါတယ်။ ဘဏ်လုပ်ငန်းထက် တော်လှန်ရေးက လူထုယုံကြည်မှုကို ပိုအလေးထားရတယ်။ ဒီနေ့ အင်တာနက်လို လွတ်လွတ်လပ်လပ် လွယ်လွယ်ကူကူ ဖွင့်ချနိုင်တဲ့ကာလမှာ တော်လှန်ရေးအရ၊ နိုင်ငံရေးအရ ပြောဆိုလုပ်ကိုင်မှုတွေဟာ အလေးအနက်ရှိဖို့  ပိုလို့တောင် အရေးကြီးနေပါတယ်။ လက်လွတ်စပယ်ပြောလို့ ရပေမယ့် ဖြေဖျောက်ရ ခက်လိမ့်မယ်။
ဒီနေ့ စစ်အာဏာရှင် စံနစ်တိုက်ဖျက်ရေး၊ ဒီမိုကရေစီ တော်လှန်ရေးကာလမှာ ရန်ငါ စည်း၊ ဘီလူးစည်းလူ့စည်းကို ပြည်သူတွေ မြင်သာအောင် လုပ်ရမှာပါ။ ပြည်သူတွေကို အမြင် ရှုပ်ထွေးစေပြီး၊ လူထုတွေရဲ့တိုက်ပွဲကို နှေးသွားအောင်၊ တန့်သွားအောင် လုပ်တဲ့ အတွေးအခေါ်၊ လုပ်နည်းလုပ်ဟန်တွေဟာ ရန်သူကို အားပေးတာပါ၊ ဆန့်ကျင်ကြရပါမယ်။ ရန်သူစစ်အာဏာရှင်ကြံ့ဖွတ်ဟာ သူ့ရဲ့ ဘယ်ဖိနှိပ်ရေး ယန္တယားကိုမှ လျှော့ပေါ့ပေးနေတာ မဟုတ်သလို ဆက်လက်ဖိနှိပ်နေတုန်းပဲ။ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်တွေဆင် တိုက်ခိုက်နေတုန်းပဲ။ ဘယ် လိုက်လျောမှုကိုမှ လက်တွေ့မလုပ်ဘူး။ လုပ်လဲမလုပ်နိုင်ပါဘူး။ ကြံ့ဖွတ်လွှတ်တော်ဟာ လူထုကို ဖြေဖျော်ဖို့ ဆပ်ကပ်ပွဲသာ ဖြစ်တယ်။ ဒါတွေအပေါ် တကယ်ယုံလို့ ဖြစ်ဖြစ်၊ ဟန်ပြ ယုံလို့ဖြစ်ဖြစ် လုပ်ပြတာကို အပြင်းအထန် ဆန့်ကျင်ရမယ်။
လူထုတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲတွေကို အကောင်အထည်ဖေါ် နေရတဲ့ အခုလို ကာလမှာ ပီတာလင်းပင်လိုလူတွေက ရန်သူအားပေးလုပ်ရပ်ကို လုပ်သွားတာကို ဒီမိုကရေစီ ရေး လှုပ်ရှားနေသူ တယောက်အနေနဲ့ အပြစ်တင်ရှုတ်ချပါတယ်။
မြန်မာပြည်တော်လှန်ရေးတွေ မအောင်မြင်တဲ့ အကြောင်းတွေထဲမှာ ရန်သူကိုပြတ် ပြတ်သားသား မဆန့်ကျင်တာဟာ အဓိကအမှားကြီးဖြစ်တယ်။ ဒီအမှားဟာ ဒီနေ့အထိ ဆက်ဖြစ်နေတုန်းပဲ။ ဒါက တော်လှန်ရေး ခံယူချက် အားနည်းတာနဲ့ အချောင်သမားဝါဒ မှိုင်းမိနေလို့ပဲ။ တော်လှန်ရေးမှာ ထက်မြက်ရုံနဲ့မရ၊ ခံနိုင်ရည်နဲ့ စွန့်လွှတ်မှုလဲ လိုပါတယ်။ ဒီနေ့ ကျွန်တော်တို့ လုပ်ရမှာ ပရိယာယ်မဟုတ်ပဲ လူထုဆန္ဒကို တိုက်ပွဲ အင်အားနဲ့ ပြရမည့် အချိန် ဖြစ်တယ်။
တိုက်ပွဲအရှိန်ကို လျှော့စေမယ့်၊ တွေစေမယ့်၊ ရန်သူ့ ဘက်ပင်းတဲ့ လုပ်ရပ်တွေကို ဖေါ်ထုတ် ဆန့်ကျင်ရမယ်။ တိုက်ပွဲခေါ်သံတွေဖြစ်တဲ့ ဧရာဝတီကာကွယ်ရေးတိုက်ပွဲ၊ မြေယာပိုင်ဆိုင်ရေးတိုက်ပွဲ၊ လူထုအုပ်ချုပ်ရေး ပေါ်ထွန်းရေးတိုက်ပွဲ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတိုက်ပွဲတွေဟာ ရှေ့မှာ တန်းစီတုန်း သူခိုးဓားရိုးကမ်းလုပ်သူ ကိုပီတာကို အပြစ်တင် လိုက်တယ်။
မနေ့ တနေ့က ကွယ်လွန်သွားတဲ့ မိတ်ဆွေကြီး ကိုရှန့်ဂျင့် ( ကိုစိန်ကြည်) ဈာပနကို ခရီးလွန်နေလို့ မတက်ရောက်နိုင်ခဲ့ဘူး ။ သူ့အတွက်ချမယ့် လွှမ်းသူ့ ပန်းခွေကိုလည်း မချဖြစ်ခဲ့ဘူး။ အခုတော့ ကျွန်တော်ချချင်တဲ့ ပန်းခွေကို ပီတာလင်းပင်ဆီကိုပဲ ပို့လိုက်ချင် ပါတော့တယ်။

အချောင်သမားဝါဒကို ဆန့်ကျင်ကြ။
တော်လှန်ရေး မုချအောင်ရမယ်။
ဦးအေးဆောင်။
စက်တင်ဘာ ၂၇။ ၂၀၁၁။

Wednesday, November 2, 2011

“လမ်းစဉ်နှစ်ရပ်တိုက်ပွဲ”


                                  “လမ်းစဉ်နှစ်ရပ်တိုက်ပွဲ”

                                                                         ဦးအေးဆောင်

လမ်းစဉ်နှစ်ရပ်တိုက်ပွဲဟာ ယနေ့မြန်မာပြည်မှာ ဖြစ်နေတဲ့  ဘုံရန်သူစစ်အာဏာရှင် ဆန့် ကျင်တိုက် ဖျက်ရေး ရည်မှန်းချက်အောက်က လုပ်ငန်းလမ်းစဉ်နှစ်ရပ်ကို ဆိုလိုပါတယ်။ စစ်အာဏာ ရှင်ဆန့်ကျင်ရေး နိုင်ငံရေးဦးတည်ချက်ရဲ့အောက်တဆင့်ပါ။
အနုနည်းနည်း၊ အကြမ်းနည်း နှစ်မျိုးကို ဆိုလိုတာပါ။ ဒီနည်းဟာ ဘယ်နိုင်ငံ ရေးလှုပ် ရှား မှုမှာ မဆို ပေါ်တတ်တာပါဘဲ။ ကိုလိုနီစံနစ်ဆန့်ကျင်ရေးကာလကဆိုရင် ဆရာ စံက အကြမ်း ဖက်၊ ငါးထောင် စားအမတ်တွေက မနုနည်း။ အိန္ဒိယမှာ ဂန္ဒီက အနုနည်း၊ စုဘတ်ချန်ဒရာဘို့ က အကြမ်းနည်း ဖြစ် ခဲ့ကြတာပါဘဲ။ ကွန်မြူနစ်ထဲမှာတောင် ဘရောက်ဒါ ၀ါဒလို အလိုက်သင့်လိုက်တဲ့နည်းတွေရှိခဲ့ကြတယ်။
ဒီတော့ ကျွန်တော်တို့ မြန်မာပြည်ရဲ့ အနီးကပ်ဖြစ်စဉ်ကိုဘဲ သုံးသပ်ရရင် ၈၈ လူထု အုံကြွမှုကြီး ပေါ်ပေါက်ပြီးနောက် ရက်ရက်သက်စက် ဖိနှိပ်ခံရပြီး စစ်အာဏာရှင် တွေကို ဆန္ဒပြနေရုံနဲ့ မရတော့ဘူး လက် နက် ကိုင်တိုက်ရမယ်ဆိုတဲ့ အမြင်တွေရလာပြီး နောက် တောခိုကြတယ်။  ဒီအမြင်ဟာ ၉၀ခုနှစ် ရွေးကောက်ပွဲ ဆိုတဲ့ စစ်အာဏာရှင်တွေရဲ့ လှည့်စား မှုအောက်မှာ ထိခိုက်လာတယ်။
ဘယ်လိုထိခိုက်လာသလဲဆိုတာကို လက်လှမ်းမှီသလောက် ရှင်းပြရရင်။ ၈၈ နိုဝင်ဘာမှာ ဖွဲ့လိုက် တဲ့ မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် ( DAB) မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) အပါအ၀င် လက်နက်ကိုင်လမ်းစဉ် ကိုယုံတဲ့ အဖွဲ့တွေ ၂၆ ဖွဲ့နဲ့ ဖွဲ့ခဲ့ပါတယ်။ ဗိုလ်စောမောင်က (DAB) ဟာ သူတို့အတွက် အန်မတန်အန္တ္ဒရာယ်ကြီးတယ်လို့ ဆိုခဲ့တယ်။ သူတို့က ၈၈ အရေးတော်ပုံကို နှိပ်ကွပ်တုန်းက ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုတာ ပြောထားတော့ ဒီမှာတင် ရွေးကောက်ပွဲ ၀င်ရေးမ၀င်ရေး ကိစ္စက မြို့မှာရှိတဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးအုပ်စုတွင်းမှာ ကွဲလာပါ တယ်။ဒါကလဲ ကြားဖြတ်အစိုးဖွဲ့စည်းရေးက နေ လျှော့ပေးပြီးေ၇ွးကောက်ပွဲဘက် လှည့်ခဲ့တာပါ။ ဒါကလဲ  အနုနည်း ၊အကြမ်းနည်း လမ်းစဉ်နှစ်ရပ်တိုက်ပွဲပါဘဲ။မြို့မှာ ရွေးကောက်ပွဲဝင်ရေးက နိုင်သွား တယ်။ အနုနည်းကနိုင်လို့ ကိစ္စက မပြီးပြန်ဘူး။
တောမှာရှိတဲ့ DAB က န၀တ ရွေးကောက်ပွဲအယုံအကြည်မရှိ သဘောထားပါတယ်။ န၀တ က စေ့စပ်မယ် ဇင်းမယ်မှာ တွေ့မယ်ဆိုပြီး ကေအိုင်အိုကိုယ်စားလှယ်က သတင်းပို့လာပါတယ်။ အဲဒီအချိန်ကDAB ညီလာခံလုပ်နေချိန်လည်းဖြစ်ပါတယ်။ တွေ့သင့်မသင့် ဆုံးဖြတ်တဲ့ အချိန်မှာ ကျွန်တော်တို့ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(PLF) က မတွေ့ရေး ဖြစ်တယ်၊ ABSDFမတွေ့ရေးဘဲ ဖြစ်တယ်လို့ဆိုတယ်၊ တခြားအားလုံးက တွေ့ရေးပဲ။  ဒါပေမဲ့ န၀တကတကယ်လာ မတွေ့ပါ။ ပရိယာယ် ဆင် သွေးတိုးစမ်းတယ်ထင်ပါတ.ယ်။  ကျွန်တော့်စိတ်ထဲမှာ တွေ့ရေးသမားတွေကိုယ်စား ရှက်မိတယ်။ ဒါပေမဲ့ သူများတွေကို ကြည့်ရတာ ဘာမှ မဖြစ်သလိုပါဘဲ။
  နောက်တော့ NLD က ရွေးးကောက်ပွဲနိုင်တော့ DAB အနေနဲ့ NLD နဲ့ ထိပ်တိုက်မတွေ့လိုလို့ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုလိုက်ပါတယ်။ ဒီမှာတင် ထိခိုက်မှုကစပါတယ်။ စေ့စပ်ရေးအတွေး အခေါ်ဘက်ကို ယိမ်းလာကြတယ်။  ကျွန်တော့် အမြင်ပြောရရင် NLD အာဏာရမလား ၊ ဘယ် လို မျှစားမလဲ တွေးကြတယ်ထင်တယ်။ ကျွန်တော်က ဌာနချုပ်မှာ တာဝန်ရှိနေပေမဲ့ တပ်ပေါင်းစု နိုင်ငံရေးကို လေ့လာ နေရတဲ့ အချိန်။ ခေါင်းဆောင်ကြီးတွေ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမြ၊ ဥက္ကဌ ဘရန်ဆိုင်း၊ နိုင်ရွှေကျင်၊ ဗိုလ်ချုပ်သွင် ဆိုတာတွေကို သူတို့ရဲ့နိုင်ငံရေးကသိဖို့ မပြောနဲ့ သူတို့ကိုသိအောင်တောင်မနည်း လုပ်နေ ရတာ။ ဒါပေမဲ့ ဒီလို လက်နက်ကိုင်လမ်းစဉ် ကို ထိခိုက်ခံရတာ ကျွန်တော်နဲ့ သက်ဆိုင်သ လောက် တာဝန်မကင်း ဘူးဆို တာ ကိုတော့ ခံယူပါတယ်။
၉၀ ခုနှစ်ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်ပြု လိုက်တာနဲ့ ဒေါ်စုကိုထောက် ခံပြီးသားဖြစ်ခဲ့ တယ်။ သူ့အကြမ်းမဖက်ရေးကို လိုက်လျှောသလိုဖြစ်နေခဲ့တယ်။ဒီနေရာမှာ မရ သေးတဲ့ အာဏာကို မှီစားချင်တဲ့ အချောင်သမား ၀ါဒက ကျွန်တော်တို့မှာကပ် နေပြီးဖြ စ်မှာပါ။ NLD -LA ကိုလဲ ထူ ထောင် အားပေးနေခဲ့ပါတယ်။ ဒါပေမဲ့ လက်နက်ကိုင်တိုက်ပွဲ လမ်းစဉ်ကို ရှေ့တန်းမတင်နိုင်ခဲ့ပါဘူး၊ ဖြစ်နေတဲ့ ထွီးဖါးဝီးကျိုး တောင်တိုက်ပွဲ၊ မယ်နပလောကာကွယ်ရေး တိုက်ပွဲတွေမှာ DAB အဖွဲ့ဝင်အဖွဲ့အစည်း တွေရော NLD – LA ကပါ အားကျိုးမာန်တက် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ လက်နက်ကိုင်တိုက်ပွဲအရှိန်ရပေမဲ့ အကြမ်းမဖက်လမ်းစဉ်က ရွေး ကောက်ပွဲရလာဒ်၊ ဒေါ်စု၊ တို့နဲ့နွယ်နေတော့ လက်နက်ကိုင် တိုက်ပွဲ လမ်းစဉ်ဟာ ရှေ့တန်းမ တင်နိုင်ခဲ့ပါဘူး။ ဒီကြားထဲ အကြမ်းမဖက် သင်တန်းဆိုတာတွေက မာနပ လော လို လက်နက် ကိုင်ဌာနချုပ်မှာ မှိုလိုပေါက်လာပါတော့တယ်။
ဥိးဘရန်ဆိုင်းခေါင်းဆောင်တဲ့ KIO က “ ရန်သူကတို့ကို တိုက်လို့မနိုင်၊ တို့ကလဲ ရန်သူကိုတိုက် လို့ မနိုင်နိုင်” ဆိုတဲ့ သဘောထားနဲ့ စေ့စပ်ဖို့ လှုပ်ဆော်လာပါတော့တယ်။ နောက်ပိုင်း KIO ကရန်သူနဲ့ လျှိုဝှက် စေ့စပ်ပြီး ၉၄ မှာ တရားဝင်ကြေငြာပါတော့တယ်။ ၈၈ ခုနိုဝင်ဘာက စဖွဲ့လာတဲ့ DAB မှာ စစ်ကော်မီတီအတွင်းရေးမှုးအဖြစ် ဗိုလ်ချုပ် မောင်မောင် (KNU) ၊ တွဲဘက်အတွင်းရေးမှုးအဖြစ် ဗိုလ်မှုးကြီး ဇော်ဆိုင်း(KIO) ကတာဝန်ယူထားကြပါ တယ်။ ပထမအကြိမ် ညီလာခံအပြီး စစ်ကော်မီတီအစည်းအဝေး ကို ပထမဦးဆုံးအကြိမ် ထိုင်ဖြစ်လိုက်တယ်နောက်နောင် အကြောင်းအမျိုးမျိုးနဲ့ တွဲဖက်အတွင်းရေးမှုး ဗိုလ်မှုးကြီး ဇော်ဆိုင်း မတက်ရောက်လို့ KIO ရန်သူနဲ့ စေ့စပ်တဲ့နေ့အထိ နောက်ထပ် စစ်ကော်မီတီ အစည်းအဝေး မထိုင်ဖြစ်ခဲ့တော့ပါ။ ဒီတော့ လက်နက်ကိုင်လမ်းစဉ်မအောင်တာက ဘာမှမ ဆန်းပါဘူး။ လမ်းစဉ်အပြစ်မဟုတ်ဘဲ လူတွေရဲ့အပြစ်ဖြစ်နေတာကို ရှင်းရှင်းသိနိုင်ပါတယ်။ ဒါဟာ အရင် လက်နက် ကိုင်လမ်းစဉ် မအောင်မြင်ရခြင်းရဲ့ အရေးကြီးတဲ့ အကြောင်းတခုပါ။ အခုKIO က အရင် KIO လိုဘဲလို့ ယူဆလို့ မရပါ။
လက်နက်ကိုင်လမ်းစဉ် အောင်မြင်ဖို့လိုအပ်ချက်တွေ ရှိမြဲ ရှိနေပါသေးတယ်။ ဒါတွေက စာတမ်းတခုအနေနဲ့ ဆွေးနွေးရပါလိမ့်မယ်။ အခုဟာက ပြီးခဲ့တဲ့ ကာလ က လက်နက် ကိုင် လမ်းစဉ် ကိုသုံးသပ်ချက်ပါ။
အနုနည်းဖက်ကရော အခု အနှစ် ၂၀ အ တွင်းအောင်မြင်မှုတွေရှိခဲ့သလား။ လက်နက် လမ်းစဉ်အတိုင်းသွားခဲ့တဲ့ DAB ကဘာတွေလုပ်နိုင်ခဲ့သလဲဆိုတာကို “ ဆုံရပ်ကDAB” ဆိုတဲ့ ဆောင်းပါး (plfburma.blogspot.com) မှာ တင်ပြထားပါတယ်။  ၈၈ ကထွက်လာကြ သူတွေရဲ့ စိတ်ဓါတ်တွေ ဟာ ခုနက အချက်တွေ၊ တိုင်းရင်းသားတွေထဲက ခေါင်းဆောင် တချို့ရဲ့ နိုင်ငံရေးချို့ငဲ့ ပြီး အမြင်ကျဉ်းတဲ့ လုပ်ရပ်တွေကလဲ ၈၈ ကလူ တွေစိတ် ကို ထိခိုက် စေတယ်။တောခိုလာကြတဲ့သူတွေဟာ ရိုးရိုးအရပ်  သားတွေဖြစ်သလို ဒီမိုကရေစီလို ချင်လို့ စစ်တပ်။စစ်စည်းကမ်းဆိုတာကို မဖြစ်မနေလိုက်နာရမယ်ဆိုတာကို မခံယူနိုင်ကြပါဘူး၊ အဓိက က ပါတီအဖွဲ့အစည်း တွေကို အခြေမခံခဲ့ကြရလို့ပါ၊ အခြေခံရအောင်ကလဲ မဆလက ပါတီမှ ထောင်ခွင့် မှမပေးတာ။ မြေအောက်ပါတီကလဲ အားမကြိး သြဇာ မရှိခဲ့ပြန်ဘူး။ ဒါနဲ့ စိတ်ဓာတ်တွေ ပျက်ပြားကြရတယ်။ နောက်ဆုံး တော့ တတိယနိုင်ငံကို ခိုလှုံရေးက နောက်ဆုံး ထိုး နှက်ချက်ပေါ့။
ရန်သူရဲ့ စေ့စပ်ရေး ပရိယာယ် အောက်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ တော်တော် များများ ပါသွားကြတယ်။ ဗိုလ်ချုပ်မြတောင် ဗိုလ်ခင်ညွန့်နဲ့တွေ့ဖြစ်ခဲ့တယ်။ ကေအင်န်ယူတပ် အတွင်း သဘော ထားတွေ ကွဲမလိုလိုဖြစ်လာကြတယ်။ စေ့စပ်ရေး ဂယက် ဟာ အခုထိအရှိန်မသေသေးပါဘူး။ ရန်သူက သူ့ရည်မှန်းချက်အတိုင်း လက်နက်ဖြုတ်တဲ့ လုပ်ငန်းတွေလုပ်လာမှ မျက်စေ့မျက် ဆန်ပြူးလာကြ တော့ တယ်။ အနုနည်းသမားတွေ ပြီးခဲ့တဲ့ စေ့စပ်ရေး ၁၅ နှစ်လောက်ဘာတွေ ရခဲ့သလဲ
စေ့စပ်ရေးအနုနည်းက ကျွန်တော်တို့ ဘက်မှာထိခိုက်သလို စစ်အာဏာရှင် ဘက်မှာလဲ ထိခိုက် တာပါဘဲ။ ၀သပ အဖွဲ့ အားကောင်းလာတယ်။ တရုတ်သြဇာအောက်ရောက် သွားတယ်။ ကောင်းတယ် မကောင်းဘူးဆိုတာထက် ဒါက အနုနည်းကြောင့် ရန်သူ ဖြစ်ဖြစ် ဘယ်သူဖြစ်ဖြစ်ကျင့်သုံးရင်ရတတ်တဲ့ ရလာဒ်။ အဓိကပဋိပက္ခကို မရှင်းဘဲ ဖုံးကွယ်ထားလို့ မရ တာကို ပြောချင်တာပါ။
ဒီနေ့ မြန်မာနိုင်ငံ မှာ ဖြစ်နေတဲ့ ကိစ္စ စစ်အာဏာရှင် စံနစ်ရဲ့ဖိနှိပ်မှု၊ ကြောင့် ဒီမိုက ရေစီလူ့အခွင့် အရးမရှိမှု ဒါကို မကုစားဘဲ ဖုံးဖိထားရင် ရောဂါက လှိုက်စားမှာပါဘဲ။ အရင်းခံ ကိစ္စကို မရှင်းဘဲ ဝေ့လည် ကြောင်ပတ်လုပ်။ သက်သောင့်သက်သာ အလိုက်သင့်လုပ်နေ လို့တော့ မိုးသာချုပ်မယ် ရွာရောက်ဖို့ ဝေးသထက်ဝေးနေမှာပါ။
ရုရှားတော်လှန်ရေးကအမေရိကန်နဲ့ယှဉ်နိုင်ခဲ့တယ်။တရုတ်တော်လှန်ရေးကတရုတ်ပြည် ကို ကမ္ဘာ က လေးစားစေခဲ့တယ်။ ကျူးဘားတော်လှန်ရေးက အမေရိကန်နားမှာ ရပ်တည် နိုင်ခဲ့ တယ်။ ဒါတွေက ကွန်မြူနစ်မို့ ပြောချင်တာမဟုတ်ဖူး ပြတ်သားတဲ့ လှုပ်ရှားမှုတွေ သာ အားကောင်းမောင်းသန် တယ်ဆို တာကို သိသာလောက်တဲ့ နိုင်ငံတွေဖြစ်လို့ ထောက်ပြတာ။
လက်နက်ကိုင်လမ်းစဉ်ဘယ်လိုထိခိုက်လာရသလဲဆိုတာကို ရှင်းပြတာက ၈၈ကထွက် လာသူတွေ ရဲ့ လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကို ပြန်လည် ရှင်သန်စေ ချင်လို့ဖြစ် တယ်၊ ပစ်ပယ်ဖို့မဟုတ်ဘူး။
အခုတော့ လူထုဆန္ဒပြတာကိုတောင် အားမပေးချင်လောက်အောင်ကို အနုနည်း သမား တွေက နောက်ဆုတ်လာကြတော့ ပြည်သူတွေဟာ အနုနည်းသမားတွေဆီက ဘာမှ မမျှော် လင့် နိုင်သလို ရန်သူ နဲ့ပေါင်ြးိပီးး ပြည်သူကို ဖိနှိပ် ကြိုးတုပ်မှာ တောင်စိုးရိမ်လာရပြီ။
ကြားဖူးတဲ့ ပုံ ပြင်တခုကို သတိရမိတယ်။ တောင်ပေါ်က ရှမ်းကြိးတယောက် မန်းရွှေ စက်တော် ဘုရားသွားဖူးတယ်တဲ့။ ရွှေစက်တော်က တန်ခိုးကြီးတယ်ဆိုတော့ အထုတ် ထမ်း လာ ရတဲ့ ရှမ်းကြီးက ဆုတောင်းတာပေါ့။ “လေးတဲ့ကုန်လဲပေါ့ပါစေ။” လို့ ။ သူဆုတောင်း နေတုန်း အလစ်သုတ်သမားက သူ ဘေး မှာ ချထားတဲ့သူ့ အထုပ်ကို သုတ်သွားရော။ ဆုတောင်ပြီး ပြန်ဖို့ ထတော့ အထုပ်က မရှိတော့ဘူး။ ဒီတော့ ရှမ်းကြိးက “ ဒါတော့လွန် တယ်နော် - မန်းရွှေစက်တော် ” လို့ ငြီးရှာသတဲ့။ အခုလဲ ကျွန်တော်တို့  အပြော့ သမားတွေ ကို “ ဒါတော့လွန်ပြီ” လို့ပြောရတော့မယ်။
သိန်းစိန်ကြံ့ဖွတ်အစိုးရမဆိုထားနဲ့ ဒီမိုကရေစီနိုင်ငံဆိုတဲ့ အမေရိကန်။ ပြင်သစ် တိုင်ဝမ်၊ သြစ တေးလီးယားတွေမှာ တောင် “ဝေါလမ်းမသိမ်းရေး” လှုပ်ရှားမှုတွေနဲ့ ဆင်းရဲသားတွေအတွက် ချမ်းသာ သူတွေကို ဆန္ဒပြနေကြရတာ ဖိနှိပ်ချုပ်ချယ်မှုမှာ စံတင်ထား တဲ့ ကြံ့ဖွတ်လိုအစိုးရကို လမ်းထွက်ဆန္ဒပြ။ သပိတ်မှောက်။ အာဏာဖီဆန်ရေး တိုက်ပွဲလုပ် တာ ဘာမှ မတရားစရာမဟုတ်ဘူး။
ကိုဖိုးဖြူလိုလယ်သမားအရေးး လုပ်နေသူတွေဟာ ရန်သူနဲ့ စကားပြောနေတဲ့ သူတွေ ထက် ပိုပြီး ပြည်သူအတွက် တန်ဖိုးရှိပါတယ်။ပြည်သူတွေရဲ့အားဟာ ပေါင်းစည်း လှုပ်ရှာခြင်းနဲ့ အင်အားကြီးခြင်းဘဲ။ ဒါကြောင့်ဘဲ ပြည်သူတွေကို အနန္ဒ တန်ခိုးရှင် လို့ခေါ် တာ။ဒီလိုအားကို ကြောက်လန့်တာ မတရားတဲ့ ဖိနှိပ် သူနဲ့ လူထုကို သွေးစုတ်သူ တွေသာဖြစ်တယ်။ ကိုဖိုးဖြူရဲ့ စကားဖြစ်တဲ့ “ တောင်သူလယ်သမားတွေမှာ ဥပဒေကြောင်းအရ ဆောင်ရွက်ရမဲ့ လုပ်ငန်းတွေကုန်နေပြီ၊ ဒါကြောင့် ကျွန်တော်တို့ လူလုံးပြပြီး လူကိုယ် တိုင်ထွက်ပြီး အင်အားပြ ဆောင်ရွက်ရတာဖြစ်တယ်။” ဆိုဟာ ကြံ့ဖွတ်ဥပဒေ ဟာအသုံးမကျဘူး၊ အားမ ကိုးနိုင်ဘူး ဆိုတာရှင်းနေတယ်။
ရှေးရှေးက လူတွေ ဂျပန်နဲ့ညှိ အင်္ဂလိပ်ကိုတိုက်၊ အင်္ဂလိပ်နဲညှိ ဂျပန်ပြန်တိုက်။ အင်္ဂလိပ်နဲ့ညှိ လွတ် လပ် ရေးယူ ဆိုတာတွေလုပ်ခဲ့တာ အသိဘဲ ၊ အမြဲတမ်းညှိညက် လုပ်နေ တာဘဲ တခါမှကိုယ့် ဘာသာ အားမကိုးဘူး။အခုလဲ ကိုယ့်ပြည်သူ ကိုယ့်တိုက်ပွဲ အားမကိုးတော့ ဘူး ရန်သူနဲ့ ညှိပြီး နှပ် ချင်နေပြန်ပြီ။ လွတ်လပ်ရေး ကတောင်းလို့ရတာ လို့ထင်တဲ့လူတွေရှိ သေးတယ်။ လုပ်သားသတင်းစာထဲမှာ စန်းယု သမ တလုပ်တဲ့ခေတ်က ဗြိတိသျှ အကြွေး ၆၉ ကုဋေကျပ် ကိုပေးလျှော်ပြီးကြောင်း ပါလာတာကို မှတ်မိနေ မိတယ်။
ဒီလိုပဲ ပေးဝယ်ချင်တယ်ဆိုရင်တော့ အနုသမားတွေ ပေးချင်သလောက်ပေးပါစေ။ ကျွန်တော်တို့ သွေးချွေးတွေ၊ လယ်သမားတွေရဲ့လယ်ယာမြေတွေ၊ ကြီးမားတဲ့ အခွန် အထုပ် တွေ။ ဖိနှိပ်သွေးစုတ်မှု တွေနဲ့တော့ မပေးဖို့ တားမြစ်ဖို့ ကျွန်တော်တို့က နည်းမျိုးစုံ နဲ့ လုပ်ရမှာ ပါဘဲ။
လက်နက်ကိုင်တော်လှန်ရေး အဆင့်ကို ၈၈ ကတည်းက မြန်မာပြည်သူတွေရောက် ရှိနေပြီး ပါပြီ တခြားအရာတွေဟာ အပေါ်ယံသာဖြစ်တာကို ဘ၀အတွေ့အကြုံအရ ပြည်သူ တွေ က သိနေကြပါတယ်။
စစ်အာဏာရှင် စံနစ်ကို တိုက်ဖျက်ခြင်းသည် တရားသည်။
အဖိနှိပ်ခံတို့အတွက် တော်လှန်ကြ။

ဦးအေးဆောင်
နိုဝင်ဘာ ၁ ၊ ၂၀၁၁။
plfburma.blogspot.com







Sunday, October 23, 2011

“ဝေါလမ်းမနဲ့ ကြပ်ပြေးမြို့”


                               “ဝေါလမ်းမနဲ့ ကြပ်ပြေးမြို့”

                                                                    ဦးအေးဆောင်

အမေရိကန်နိုင်ငံ နယူးရော့မြို့ကငွေကြေးလုပ်ငန်းတွေကို ချုပ်ကိုင်ထားရာ အချက် အခြာ ကျတဲ့   ဝေါလမ်းမကို လူထုတွေက သိမ်းပိုက်ဆန္ဒပြနေတာ စက်တင်ဘာလ၁၇ရက်နေ့ ကတည်းက ပါ။ အနောက် တိုင်း သတင်းဌာနတွေက ဖုံးဖိထားခဲ့ပြီး အယ်ဂျာဇီးရား သတင်းဌာနက တပတ်လောက်အကြာမှာ ဖေါ်ပြခဲ့လို့  တခြားသတင်းဌာနတွေလဲ မနေသာ တော့ ဘဲ ဖေါ်ပြလာခဲ့ရပါတော့တယ်။ အခုတော့ ဒီသ တင်းတွေက ပြန့်ပြီး  ကမ္ဘာ့ နိုင်ငံ အများ အပြားက မြို့ကြီးပြကြီးတွေမှာလဲ ငွေကြေး ဈေးကွက် အချက် အခြာကျရာတွေကို လူထုတွေက ၀ိုင်းဝန်း ဆန္ဒပြ နေကြပါတော့တယ်။ သြစထရေးလီးယား၊ တိုင်ဝမ် ၊ဂျပန်တွေ အထိပြန့်နေပါပြီ။
ဒီသတင်းကို မြန်မာပြည်က လူတွေက မသိသေးတာလား။ မသိချင်တာလားတော့ မသိ။ သူတို့ သတင်းလောကမှာ မကြားရတာက ထူးဆန်းနေပါတယ်။
ဝေါလမ်းမကို သိမ်းပိုက်ကြတဲ့ လူထုတွေက ငွေကြေးချုပ်ကိုင်ထားတဲ့ ချမ်းသာကြွယ်ဝတဲ့ လုပ်ငန်း ရှင် အရင်းရှင်တွေဟာ  ဒီနေ့ ဖြစ်ပေါ်နေတဲ့ ၊ စီးပွါးရေး၊ နိုင်ငံရေး၊ စစ်ရေး ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ ပညာရေး၊ ကျန်းမာ ရေး၊ လူမှုရေး ရေး ပျက်စီးမှုတွေ အတွက် တာဝန်ရှိတယ်လို့ ယူဆကြပြီး ၀ိုင်းဝန်း ဆန္ဒပြ နေကြတာပါ။ ကမ္ဘာမှာ ချမ်းသာသူက ၁%သာရှိပြီး ဆင်းရဲသားတွေက ၉၉% ရှိတယ်လို့ဆိုတယ်။ ဒီ ၁% က ဘဲ ကမ္ဘာ့ အရင်း အမြစ်တွေကို ထုတ်ယူအမြတ်ထုတ်တယ်။ စည်းစိမ်ခံကြတယ်၊ ဆင်းရဲသား တွေ မှာက ပင်ပင် ပန်းပန်း လုပ်ရပေမဲ့  စားဝတ်နေရေး ဖူလုံတယ်လို့မရှိတာကို သူတို့ သိရှိကြပြီး ငွေရှင်ကြေး ရှင် အရင်းရှင် တွေကို ရှုန့်ချကန့်ကွက်နေကြတာပါ။
လှုပ်ရှားမှုတွေက အဖွဲ့အစည်းသဘောမဆောင်ဘဲ ၊ လူထုသဘောဆောင်ပါတယ်။ ခေါင်းဆောင် ဆိုသူတို့လဲ မရှိကြပါဘူး။ ဘာတွေတောင်းဆိုတယ်ဆိုတာကိုလဲ တိတိကျကျ မရှိသေးပါဘူး။ လူထုတွေဟာ အရင်းရှင်ကြီးတွေကြောင့် ဆိုတာကိုဘဲသိနေကြတယ်။ နိုင်ငံရေးသမားတွေကိုလည်း အရင်းရှင်တွေနဲ့ ပုလင်း တူဗူးဆို့လိုသဘောထားနေကြတယ်။
အခုဖြစ်နေတဲ့ နိုင်ငံတကာလှုပ်ရှားမှုဟာ လက်ဝဲလက်ျာ ကိစ္စ မဟုတ်ဘဲ ဆင်းရဲချမ်း သာကိစ္စဖြစ် နေတယ်။ လူတန်းစားကွာဟမှု ကြီးမားရာက ပေါ်လာတဲ့ ကိစ္စ ဖြစ်တယ်။ လူတန်း စားပဋိပက္ခဘဲ။ ချမ်းသာ ဆင်းရဲ မကွာခြားပါဘူးဆိုတာ မဟုတ်ဘူး။
ဆင်းရဲသားတွေအတွက် ပစ္စည်းမဲ့ ဆိုတဲ့ လူတွေအတွက် အလုပ်အကျွေးပြုချင်တဲ့ လူတွေဟာ  ဒီအ ချိန်ဟာ ရှေ့တန်းက ပါဝင်ကြရတော့မှာ ပါ။ အခုတော့ အချိန်ကာလက တို သေး လို့လား၊ ခတ်ကွင်းပြင် နေကြတာလားတော့ မသိဘူး လူထုတွေဟာ သူတို့ ကောင်းနိုးနိုး ရာရာတွေ အော်နေကြပေမဲ့ ဘာကစလို့ ဘာဆက်လုပ်ရမယ်ဆိုတာကို မသိသလိုဖြစ်နေ တယ်၊ အားစုနေကြတာလားလဲ မပြောတတ်။
သေချာတာကတော့ ရေရာတဲ့ ခေါင်းဆောင်မှုမရှိသလို ၊ ရည်မှန်းချက်က ငြိမ်းငြိမ်း ချမ်းချမ်း ဖေါ်ပြ တာလောက်ဘဲ ဖြစ်နေတယ်။ အုပ်ချုပ်သူတွေကလဲ ဘယ်သူ့ ကို  ညှိပြိး ဖြေရှင်း ရမလဲမသိသလို၊ ဘာအ ချက်အလက်တွေလိုလားမှန်းမသိ ဖြစ်နေတော့တယ်။
အခုဖြစ်နေတဲ့ ကမ္ဘာ တ၀ှမ်းလှုပ်ရှားမှုက ဘာနဲ့တူသလဲဆိုရင်  ဂျီကျ လွန်းတဲ့ သားတယောက်က သူ့အမေကို အတင်းကုတ်ခိုင်းနေတယ်။ အမေကလဲ ဘယ်မှာ ယားသ လဲလို့ မေးတော့ သားလုပ်တဲ့သူက “ရှာကုတ် - ရှာကုတ်” လို့ပြောနေသလိုဖြစ်နေတယ်။ အခု   လည်းမကျေနပ်တာတော့သိတယ်၊ ဘယ်လို ဖြေ ရှင်း ရမယ် ဆိုတာကို ဆင်းရဲသားတွေရော၊ အုပ်ချုပ်သူတွေရော မသိသလိုဖြစ်နေတယ်။
ဒါပေမဲ့ ဒီလှုပ်ရှားမှုမှာ ဆင်းရဲသားတွေအနေနဲ့ သွေးစုတ် အမြတ်ထုတ်မှုကို သိတယ်၊ ရွံရှာ တယ်ဆိုတာကို ပြလိုက်နိုင်ပေမဲ့ လက်တွေ အကျိုး ရှိအောင်လုပ်ဆောင်ဖို့က ရှေ့ ဆောင်လမ်းပြ လိုပါလိမ့်မယ်။
ဒါအတွက် ဆင်းရဲသား တွေအကျိုးဖြစ်စေလိုတဲ့ ကျွန်တော်တို့ စဉ်းစားရပါလိမ့်မယ်။ ကမ္ဘာ အတိုင်းအတာနဲ့ ချီစဉ်းစားဖို့က ကမ္ဘာအနှံ့အဆက်အစပ်တွေလိုပါလိမ့်မယ်။ အရင်က မရှိထားတဲ့ ကျွန်တော်တို့အတွက်  ညှိနှိုင်းဖို့ခက်ပါလိမ့်မယ်။ ဒါကြောင့်ပဲ ရှေးက ဆိုရှယ်လစ် ကွန်မြူနစ်တွေက နိုင်ငံ တကာအဖွဲချုပ်တွေ တည်ထောင်ကြပါတယ်။ အခုတော့ ဒီအဖွဲချုပ် တွေအပေါ် အရေးပါတာကို မသိကြ လို့ဘဲဖြစ်ဖြစ် အကျိုးစီးပွါးချင်း မကိုက်လို့ ပဲ ဖြစ်ဖြစ် မတည်ထောင်ချင်ကြဘူး။ တဗိုလ်တမင်း ဖြစ်နေ ကြတုန်း အခုလိုကာလမှာ ဆင်းရဲသားတွေကို ကယ်တင်စောင့်ရှောက်ချင်တဲ့ လူတွေဟာ ကမ္ဘာ့အမြင်နဲ့ စုစည်းသင့်ပါတယ်။ ဖွဲ့စည်း သင့်တယ်။ စုစည်းပုံတွေကကျစ် လစ်လေကောင်းလေဖြစ်မှာ ပါ။ အဖွဲအစည်း မရှိဘဲ အလုပ် လုပ်လို့ မရနိုင်ပါ။ အခုလိုအချိန်မှာ ဆင်းရဲသားတွေဘက်ကရပ်တည်တဲ့ ကမ္ဘာ့ အဖွဲ့ချုပ် တခုသာရှိရင် အနည်းဆုံးလမ်းညွှန်ချက်တွေတော့ပေး နိုင်မှာ ပါပဲ။
အခုလက်တွေ့မှာတော့ဝေါလမ်းမကိုသိမ်းပိုက်ဆန္ဒပြတာကို ကျွန်တော်တို့က ထောက်ခံ ရမှာ ပဲ။ ကမ္ဘာအနှံ့ကျယ်ပြန့်အောင်လဲ အားပေးရမှာဘဲ။ မြန်မာပြည်မှာ ဆင်းရဲချမ်းသာကွာဟတာကိုလဲ တိုက် ဖျက်နိုင်အောင် စစ်အာဏာရှင်တွေ မတရားသိမ်းတားတဲ့ ပြည်သူ့ ဘဏ္ဍာ တွေကို ပြန်ယူပြီး ပြည်သူ့ အကျိုးပြု လုပ်ငန်းတွေမှာသုံးနိုင်အောင်လုပ်ရမယ်။ ၊ အခွင့်အ လမ်းတွေကို လက်ဝါးကြီးအုပ်ပြီိး ကိုယ့်တ ဆွေ တမျိုးကောင်းစားရေးအစား  လူထုအစိုးရက သတ်မှတ်တဲ့ ဥပဒေအောက်မှာ လူတိုင်းတန်း တူအခွင့် အရေး ရှိအောင် လူထုအစိုးရ ပေါ် ပေါက်အောင် ကြိုးပမ်းရမှာဘဲ။
ဒီနေ့ကမ္ဘာ့ ဆင်းရဲသားလှုပ်ရှားမှုဟာ အရှိန်ရလာနေပါတယ်။ ကျွန်တော်တို့ ပြန်မာပြည်က ဆင်းရဲ သားပြည်သူတွေဟာလဲ လူမျိုးမရွေးဘာသာမရွေး ဆင်းရဲမှုနွံ့ တွင်းက ထွက်နိုင်မောင် အဓိကတရားခံ စစ်အာဏာာရှင် တွေကို တိုက်ဖျက်ကြရပါလိမ့်မယ်။ ကြံ့ဖွတ်တွေရဲ့ ဆင်းရဲမှုတိုက်ဖျက်ရေးဆိုတာ ယုဇန လို ကုမ္မ္မဏီတွေအတွက် လယ်သမားတွေ ဆီက မြေသိမ်းတာသာဖြစ်နေမှာပါဘဲ။ စစ်အာဏာရှင်တွေနဲ့ သူ့လက်ပါစေ တွေရဲ့အကျိုး စီးပွားက  ပြည်သူတွေကို ပိုပိုဆင်းရဲတွင်းနက်စေနေပါတယ်။
ဒီတော့ ကြံ့ဖွတ်စစ်အာဏာရှင်နဲ့ သူ့လက်ပါးစေလက်ဝေခံတွေကို လူထုတိုက်ပွဲ လက်နက ကိုင်တိုက်ပွဲနည်းနဲ့  ဖြုတ်ချနိုင်ရေးကသာ ပြည်သူတွေဆင်းရဲတွင်းက အမြန်လွတ် ကင်းနိုင်မှာပါ၊
အောင်ပွဲကိုတိုက်ယူကြ။
အချောင်သမားဝါဒဆန့်ကျင်ကြ။
ဦးအေးဆောင်
အောက်တိုဘာ ၁၉ ၊ ၂၀၁၁





Wednesday, October 19, 2011

ပါတီပေါင်းစုံ ကွန်ဖရင့် ဖြင့်သာ တိုင်းပြည်အရေးကို ဖြေရှင်းနိုင်မည်။


ပါတီပေါင်းစုံ ကွန်ဖရင့် ဖြင့်သာ တိုင်းပြည်အရေးကို ဖြေရှင်းနိုင်မည်။
ပြည်သူတွေရဲ့ နိုးကြားတဲ့ လှုပ်ရှားမှုတွေကြောင့် မြစ်ဆုံဆည်ကို ရပ်ဆိုင်းလိုက်တာ၊ အကျဉ်းသားလွှတ်တာ၊ ဥပဒေတချို့ကို ပြင်ပေး တာတွေဖြစ်လာခဲ့တယ်။ ဒါတွေဟာလဲ တကယ်တော့  အပေါ်ယံပြောင်းလဲမှုတွေသာဖြစ်ပြီး သူတို့ကိုယ်တိုင်လုပ်ထားတဲ့ ဖန်တီးထား တဲ့ အပင်းတွေကို သူတို့ဘာသာ ပြန်ဖြေတာဘဲ ဖြစ်နေသေးတယ်။ပြည်သူတွေအတွက် အ ပေါင်း လက္ခဏာ အဖြစ်ဘာမှ မရသေးဘူး။ ကြံ့ဖွတ်စစ်အာဏာရှင်တွေဟာ ပြန်ပေး သမားတို့ ရဲ့ နည်းအတိုင်း ဓါးစာခံကို ဖမ်းထားသလို နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းထား တယ်။ စိးပွါးရေးပိတ်ဆို့မှု၊  နိုင်ငံတကာလူရာဝင်နိုင်မှု တို့နဲ့ လဲလှယ်ချင်တယ်။ ဒီ ပြန်ပေးနည်း တွေက သူတို့ ထိပ်ပိုင်းမပြောနဲ့ အောက်ခြေတောရွာမှာလဲ  ဒီလိုဘဲ။ ရွာလူကြီးတို့ ရွာသား တို့ကို ဓါးစားခံဖမ်းပြီးး သူတို့ ဗီုလ်ကို ပြန်လွှတ်ခိုင်တာ၊ ပြန်ရှာခိုင်းတာ ရှေ့တန်း စစ်မြေပြင်မှာလဲ လုပ်နေတာပါဘဲ။
ကြံ့ဖွတ်တပ်ဟာ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်ရာမှာ အပြစ်မဲ့တဲ့ ပြည်သူ တွေကို ဓါးစာခံလုပ်ပြီး သူတို့ကို သူတို့ကာကွယ်နေကြရတယ်။တော်လှန်ရေးအင် အားစုတွေ က  ပြည်သူကိုငဲံ့တာကို သူတို့ကသိပြီး အခွင့်ကောင်းယူတယ်။ သူတို့က ပြည်သူကို ခုတုံး လုပ် အသုံးချတယ်။ နှိပ်စက်သတ်ဖြတ်တယ်။ ဒါဟာ တော်လှန်ရေးတပ်နဲ့ ကြံ့ဖွတ်တပ်တို့ရဲ့ ကွာခြားမှုဘဲ။
လူထုကို ဓါးစားခံလို ကျင့်သုံးနေတဲ့ သူတွေကို “အစိုးရ” လို့ အသိအမှတ်ပြုရရင် “ မုဒိန်းကောင်”နဲ့ “ ပြန်ပေးသမား”တွေကို ဘယ်လိုနံမယ်ပေးရမှာလဲ။ စစ်အာဏာရှင်တွေ ဟာ ဗြောင်လိမ်ဗြောင်စားတွေ ၊ အရှက်မရှိသူတွေ၊ ရက်စက်ယုတ်မာရာမှာ ကမ်းကုန် နေ တဲ့ သူတွေ ဆိုတာကို ၈၈ အရေးတော်ပုံ၊ေ၇ွှဝါရောင်လှုပ်ရှားမှု၊ ဗြောင်လိမ်တဲ့ ၂၀၁၀ ရွေးကောက် ပွဲ၊ သခင်အောင်ဆန်းဆန့်ကျင်ရင်းက ရုတ်ချည်း သခင်အောင်ဆန်းပုံချိတ် ဗြောင် အသားယူ အမြတ်ထုတ်တာ၊ စစ်တိုက်ရင်းက စေ့စပ်ရေးလုပ်တာတွေက  ကောက်ကျစ် လှည့်ဖြား မှုကို လုပ်ဖို့ ၀န်မလေးသလို သိက္ခါ ဆိုတာကို သိထားပုံလဲမရဘူး။ ဒီတော့ဒီလို ဘာမူမှမရှိ ထင်သလို လုပ်တတ်တဲ့ စိတ်မမှန်သူလို ဖြစ်နေတဲ့ သူတွေကို ကျွန်တော်တို့က ဘာလုပ်ရမှာလဲ။
နှစ်ယောက်ချင်းပြောလို့ကတော့ သူတို့အကြိုက်။ တိတ်တိတ်သဘောတူညီချက် တွေက သူတို့ အတွက် အမြတ်ချည့်ဘဲ။ သူတို့က ထင်သလို ထုတ်သုံးပြီး ထင်သလို အဓိ ပါယ်ဖွင့်မှာဘဲ။ ဒီတော့ ပွင့်လင်းပြီး လူထုကို ချပြတဲ့နည်းနဲ့ဘဲ သူတို့ရဲ့ စေတနာမှန်မမှန်ကို တိုင်းတာကြရတော့မယ်။
ဒီလိုချပြနိုင်ဖို့က ပြည်သူတွေ အမြင် ရှင်းလင်းအောင် ပြည်သူတွေရှေ့မှောက်မှာ နိုင်ငံကို တကယ်အကျိုးပြုလို သူတွေဖြစ်ကြောင်း ပြသပြောဆိုနိုင်အောင် နိုင်ငံရေး အဖွဲ့တိုင်း ပါဝင်နိုင်မည့် “ ပါတီပေါင်းစုံကွန်ဖရင့်” တရပ်ကို ခေါ်ဆိုရပါလိမ့်မယ်။
ဒီလိုခေါ်ဖို့ရာက (၁) တပြည်လုံး အပစ်အခတ်ရပ်ထားရမယ်။ (၂) လွတ်ငြိမ်း ချမ်းသာခွင့် ထုတ်ပြန်ထားရမယ်။ (၃) နိုင်ငံရေး ပါတီဝင်တွေကို ဖမ်းဆီး ထားခြင်းမရှိရ။ (၄) လွတ်လပ်စွာ ပြောဆိုဆက်သွယ် ရှင်းလင်း နိုင်ခွင့်ရှိရမယ်။(၅) လွတ်လပ်စွာ ဆွေးနွေး ပြောဆိုနိုင်ရမယ်။ (၆) အများစုရဲ့ သဘောထားကို လက်ခံ အကောင် အထည် ဖေါ် ရမယ်။ ဆိုတဲ့ မူ နဲ့ လုပ်ဖို့လိုတယ်။
အမျိုးသား ရင်ကြားစေ့ရေးတို့ ၊ အမျိုးသား ပြန်လည်စည်းလုံးရေးတို့။ အမျိုးသားပြန် လည်သင့်မြတ်ရေးတို့ ဆိုတာတွေကို ပွင့်လင်းလွတ်လပ်တဲ့ ဆွေးနွေးမှု၊ ပြည်သူတွေရဲ့ ဆန္ဒအမှန်အတိုင်း ရွေးချယ်မှုတွေကသာ အကောင်အထည်ဖေါ်ပေးနိုင်မယ်။ တခြားနည်း တွေက ပြည်တွင်း စစ်နဲ့ နိုင်ငံရေး ပဋိပက္ခတွေကို ဘယ်တော့ အဆုံး မသတ်နိုင်ဘူး။
ပြည်သူတွေရဲ့ တော်လှန်တိုက်ပွဲတွေကို မတရားတဲ့ နည်းတွေနဲ့  ထိန်းချုပ် လို့မရနိုင်တာ ကို  သိခဲ့ကြပြီဘဲ။ စစ် အာဏာရှင်စနစ် ဆိုတာ ဒီနေ့လိုခေတ်မှာ မရှိသင့်တော့ တဲ့ အရာဆိုတာ ကမ္ဘာ့ လှုပ်ရှား မှုဖြစ်စဉ်တွေမှာ ပိုပိုထင်ရှားလာနေတယ်။ လူထုဆန္ဒ၊ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေး တောင်း ဆိုမှုတွေ မြည်ဟိန်းနေတယ်။ ဒီအချိန်ဟာ ပြည်သူ တွေအတွက် အားအင်စိုက် လှုပ်ရှားရမည့် အချိန်ပါဘဲ။
ကြံ့ဖွတ်အစိုးရအနေနဲ့ ပြည်သူတွေရဲ့ အကျိုးကို ဦးထိပ်ထား ဆောင်ရွက်မယ်ဆိုရင်၊ လူထုရဲ့ ဆန္ဒသဘောထားကို အလေးထားအကောင်အထည်ဖေါ်မည်ဆိုရင် “ပါတီပေါင်းစုံ ကွန်ဖရင့်” ဟာ တတိုင်းပြည်လုံး ပြည်သူတရပ်လုံးအတွက်ြဲငိမ်းချမ်းသာယာမှု၊ စည်းလုံးမှုကို ပေးနိုင်မည့် ပထမဦိးဆုံးးခြေလှမ်းဖြစ်လာပါလိမ့်မယ်၊
နိုင်ငံရေး ပဋိပက္ခကို စားပွဲပေါ်မှာ ဖြေရှင်းတာလဲ ဖြစ်မယ်။ တိုင်းပြည်ရဲ့ ကောင်းမွန်တဲ့ အနာဂါတ်အတွက် နည်းနာကောင်းတွေပေါ်ထွန်းလာစရာ ရှိပါတယ်။
ဒီလိုဖြစ်ဖို့ကိစ္စကအားတွေအများကြီးစိုက်လုပ်ကြရဦးမယ်။သခင်အောင်ဆန်းပြောသလို “ အောင်ပွဲဖြင့် မရသေးဘူး တက်ထောင်ချင် ” ရင်တော့ ၊ အချောင်လိုက်ချင်ကြရင်တော့ စစ်ဗိုလ်ချုပ်တွေက ခွဲစားသွားပြီး စစ်ဖိနပ်အောက်မှာ ပြည်သူတွေဟာ အချိန်ကြာညောင်းစွာ ဖိနှိပ် ညှင်းပန်းသွေးစုတ်ခံနေရပေဦးတော့မယ်။
ဒီတော့ နိုင်ငံရေးအရ “ ပါတီပေါင်းစုံကွန်ဖရင့်” ကို ဦးတည်ပြီး မြစ်ဆုံဆည် ကို ဆိုင်းငံမဟုတ်ဘဲ။ ရပ်ဆိုင်းရေး၊ နိုင်ငံရေး အကျဉ်းသားအားလုံးလွတ်ရေး။လယ် လုပ်သူ လယ်ပိုင် ရေး၊ အကျင့်ပျက်အရာရှိဆန့်ကျင်ရေး။ လူထုအုပ်ချုပ်မှုထူထောင်ရေး။ လူ့အခွင့်အ ရေး တို့အ တွက် လက်တွေ့နယ်ပယ်မှာ တောင်းဆိုတိုက်ပွဲဝင်ကြရပါလိမ့်မယ်။
လိုချင်တဲ့ အခွင့်အရေးအတွက် ကိုယ်တိုင်တိုက်ပွဲဝင်ရပါလိမ့်မယ်။ မတရားမှုတွေကို လက်ပိုက်ကြည့်နေခြင်းဟာ မတရားမှုကို  အားပေးရာရောက်တတ်ပါတယ်။
အောင်ပွဲသည်တိုက်ရဲသူအတွက်၊
ဦးအေးဆောင်
အောက်တိုဘာ ၁၂ ၊ ၂၀၁၁။


Friday, September 9, 2011

လူတန်းစားတိုက်ပွဲနဲ့ မြန်မာပြည်


လူတန်းစားတိုက်ပွဲနဲ့ မြန်မာပြည်

ကြံ့ဖွတ် လက်ပါးစေ ကရင်ပြည်နယ် ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေး ပါတီ (KSDDP)က DKBA ကို အသိအမှတ်မပြုကြောင်း ဒီလ ၃ ရက်နေ့က ဖါးအံမှာ ကျေညာလိုက်တယ်။ DKBA ကလဲ လူထုက သူတို့ကို သိနေပြီးသားဖြစ်တာကို ရှင်းလင်းလိုက်တယ်။
ကရင် အဖွဲ့ နှစ်ခုရဲ့ မတူညီတဲ့ ရပ်တည်မှုနဲ့ ဆန့်ကျင်တိုက်ပွဲဖြစ်နေပုံကို သိသာပါ တယ်။ လူမျိုး တူချင်း အတွေးအခေါ်အရ ရပ်တည်ချက်အရကွဲပြားတာကြောင့် ဖြစ်နေတဲ့ ပဋိ ပက္ခတွေပါဘဲ။ လူတန်းစား တိုက်ပွဲပါ။ အဖိနှိပ်ခံနဲ့ ဖိနှိပ်သူတွေရဲ့ လက်ပါးစေတို့ ပဋိပ က္ခ။ ဒီလိုဖြစ်ရပ်တွေကကချင်မှာလဲအဖွဲ့ကွဲတွေ၊ ရှမ်းမှာလဲအဖွဲ့ကွဲတွေ၊ကရင်နီ၊မွန်မှာလဲအဖွဲကွဲတွေ ပေါ်ခဲ့ကြတယ်။ဗမာအချင်းချင်းကတော့ ပြောစရာမလိုအောင် ကြာ ရှည်ပြ၊ီး များလွန်းနေတယ်။ အချင်းချင်း တိုက်ခိုက်ကြတယ်။
ဒီလို ပဋိပက္ခက မြန်မာပြည်မှာ ဖြစ်နေတာကြာပြီ။ လွတ်လပ်ရေးရခါနီးကတည်းက လွတ်လပ်ရေး ကို ဘယ်လိုယူရမလဲ ဆိုတာကစပြီး အတွေးအခေါ်တွေ ၀င်လာကြတယ်။ ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်ပေါ် သဘောထားက စခဲ့ကြတယ်။ လူမျိုးအချင်းချင်းမတရားအသင်းအဖြစ်ကျေညာကြတယ်။ဆန့်ကျင်တိုက်ခိုက် ကြတယ်။ လက်ဝေခံ ဓနရှင် အစိုး ရနဲ့ တိုင်းရင်းသား ပဒေသရာဇ်တွေရဲ့ ပဋိပက္ခ၊ ဓနရှင်အစိုးရနဲ့ စစ်ပဒေသရာဇ်တို့ ပဋိပက္ခ စတဲ့ မြန်မာပြည် သား အချင်းချင်း ပဋိပက္ခ တွေဟာ ကိုလိုနီဆေတ်နောက်ပိုင်း မှာ အနှစ်သာရအားဖြင့် လူတန်းစား ပဋိပက္ခတွေဘဲ။
ဒါကကောင်းလား မကောင်းဘူးလား။ ကျွန်တော်က အဆုံးအဖြတ်ပေးတာထက် သုံးသပ်တာကို အရင်လုပ်စေချင်ပါတယ်။ ကြိုက်ကြိုက် မကြိုက်ကြိုက်။ ဒါကသဘာဝ ဖြစ်စဉ် ဆိုတာကို ကျွန်တော်တို့ လက်ခံရမှာဘဲ။ ဒီလိုပါဘဲ တခြားနိုင်ငံတွေမှာလဲ ဖြစ်ပါ တယ်။ ပြင်းတာ ပြော့တာဘဲကွာမယ်။အီဂျစ်တွေ၊ လစ်ဗျားတွေလဲ ဒီလိုဘဲ။ မဆန်းပေမဲ့ မမြင်မိဘူး။
အခုဖြစ်နေတဲ့ ပဋိပက္ခ တွေက လူမျိုးတခုတည်းမှာ ဖြစ်တာမဟုတ်ဘဲ လူမျိုး တိုင်း မှာ ဖြစ်နေရတာ က ကဒ်ရောဂါ တခုလို ဖြစ်တဲ့ အတွက်လူတန်းစားတိုက်ပွဲ ဖြစ်တယ်၊ မျိုးနွယ် စု တခု နယ်နယ်မိတ် တခု ရဲ့ ပြဿနာထက်ကြီးတယ်။ လူတန်းစားပဋိပက္ခ ဖြစ် တယ်။ ဒီနေ့ ပဋိပက္ခက ဖိနှိပ်သူ စစ်အာဏာရှင်တွေနဲ့ အခွင့်ထူးခံ သူ့လက်ပါးစေ လက် ဝေခံတွေက တဖက်၊ တိုင်းရင်းသားလူမျိုးစုံအပါအ၀င် လယ်သမား အလုပ်သမား ဆင်းရဲ သား စစ်သား တွေအပါဝင်တဲ့ အဖိနှိပ်ခံ ဧရာမ ပြည်သူလူထုကြီးကတဖက်ဆန့်ကျင် တိုက် ပွဲ ၀င်နေကြ တာဖြစ်တယ်။ ဖိနှိပ်သူ လူတန်းစားနဲ့ ဖိနှိပ်ခံ လူတန်းစားတို့ တိုက်ပွဲ ဖြစ်တယ်။
ဒါလေးများ - ဘာဖြစ်မှာလဲ ဆိုချင်ဆိုမယ်။ အတွေ့ အကြုံ အရ မာနယ်ပလောခွင် မှာ နအဖတပ်က ဦးသုဇန( မြိုင်ကြီးငူ) နဲ့ ချိတ်ဆက်ပြီး ထိုးစစ်လုပ်လာတော့ ဗိုလ်ချုပ်မြက သူ့ ဗျူဟာ မှူးကို တိုက်ဖို့ အမိန့်ပေးတယ်လို့ကြားဖူးတယ်။ဗျူဟာမှူးလုပ် သူက ကရင် ချစ်စိတ်လောက်  နဲ့ တော်လှန်ရေး လုပ်နေတဲ့ သူဖြစ်တော့ ကရင်အချင်းချင်း မတိုက် ချင် တော့ မတိုက်ဖူးတဲ့ ။ ဒါနဲ့ မာနပလောကျရတယ်လို့ ဆိုတယ်။အဲဒီတပ်မှူးက “ သမိုင်းး တရားခံ မဖြစ်ချင်ဘူး” လို့ ကျွန်တော့်ကိုပြောတယ်။ သူဟာ သမိုင်းတရားခံ ဖြစ်မဖြစ်တော့ မသိဘူး။ ရန်သူအမြတ် ထုတ်သွားတာရယ် KNU အထိနာသွားတာရယ်၊ သူအမိန့်မနာခံ တာရယ် ကတော့ အမှန်ဘဲ။ ကျွန်တော်သူ့ကိုဘာမှ ပြန်မပြောလိုက်ပါ။မာနပလောက ရန်သူ့လက်ရောက်ခဲ့ပြီးပြီဘဲ။ ကြီးလေးတဲ့ သင်ခန်းစာတခုဘဲ ယူလိုက်ရတယ်။
  ဒီတော့ ဒီနေ့ဖြစ်နေတဲ့ လူတန်းစားပဋိပက္ခကို မသိရင် လူမျိုးစိတ်၊ မျိုးချစ် စိတ် လောက်နဲ့ ဆိုရင် စဉ်ပေါ်မှာ ရှိနေတဲ့ စစ်အာဏာရှင်တွေကို ဆွဲချဖို့ခက်မယ်။ ရန်သူက ဘာလူမျိုးရယ်ရွေးမနေဘူး သူအကျိုးရှိမယ်ဆိုရင် ပေးပေါင်းပြီးဆွဲစားတာဘဲ အကျိုး အမြတ် အမြင်နဲ့ လုပ်တယ်။ ကျွန်တော်တို့ကလဲ လူတန်းစားအကျိုးနဲ့ဘဲ လုပ်တတ်အောင် ကိုယ်ကိုယ် ကိုလေ့ကျင့်သင့်တယ်။ လူမျိုးရေးတွေ၊နယ်မြေတွေ၊ ဂိုဏ်းဂဏတွေဟာ အရံ ဘဲ။
ဒီလိုပါဘဲ ကြံ့ဖွတ်တပ်ထဲ ကအရာရှိအရာခံအကြပ်တပ်သားတွေကလဲ ။ မျိုးချစ် စိတ် လောက်ပြည် ချစ်စိတ်လောက် အမိန့်နာခံမှုလောက်နဲ့ဆိုရင် စစ်အာဏာရှင်တွေရဲ့ သွေး စုတ်ချယ်လှယ်ပြီး အခွင့် ထူးခံ အမြတ်ထုတ်တာကို မြင်ဖို့ခက်မယ်။ ဒါကြောင့် အဖိနှိပ် ခံညီညွတ်ရေးနဲ့ ဘုံရန် သူဝိုင်း တိုက်ရေးလုပ် ငန်းစဉ်မှာ လူတန်းစားတိုက်ပွဲ အတွေး အခေါ်ကို အခိုင်အမာမြင့်မြင့် မားမား စိုက်ထူထားဖို့ မဖြစ်မနေ လိုအပ်တယ်။
ပဋိပက္ခတွေ တိုက်ပွဲတွေဟာ အမြဲတမ်းရှိနေမှာဘဲ။ ထွေပြားနေမယ်။ ပြောင်းလဲ နေမယ်။ ဒါပေမဲ့ အဓိက ကျတဲ့ ပဋိပက္ခဖြစ်တဲ့ စစ်အာဏာရှင် စံနစ် တိုက်ဖျက်ရေးကို နယ်မြေတွေ ၊လူမျိုးတွေနဲ့ အကန့် အသတ်မထားဘဲအကောင်အထည်ဖေါ်နိုင်အောင် နိုင်ငံ ရေးခေါင်းဆောင်တွေ၊စစ်ခေါင်းဆောင်တွေ၊ ကေ ဒါတွေ ပြည်သူတွေ နားလည်အောင် ကျွန်တော်တို့ အမြဲမပြတ် အတွေးအခေါ်တည်ဆောက်ပေးထားရမယ်။
ရန်သူကြံ့ဖွတ်ကသူတို့မှာခိုအောင်းဖို့ နိုင်ငံရေးအတွေးအခေါ်မရှိတော့ဘူး။အမျိုးချစ်စိတ်ပြောရအောင်လဲ ပြည်သူတွေ ဘုန်းကြီးတွေကို သတ်ပြထားပြီးဖြစ်နေ၊ လူတန်းစားဆိုရအောင်ကလဲ အခြေခံလူတန်းစားမဟုတ်ဘဲ၊ ဖိနှိပ်သူသွေးစုတ်လူတန်း စား ဖြစ် နေတော့ သူတို့အနေနဲ့၊ နိုင်ငံတော်တို့ ၊ ပြည်ထောင်စုစိတ် တို့ ပါးစပ် ကပြောနေ မှာဘဲ။ အဓိကအားဖြင့် လိမ်လည်ကောက်ကျစ်မှုနဲ့ အပေါစား မြူလုံးတွေကို သုံပြီး သူတို့သက် ဆိုးရှည်အောင်ကျိုးစားဖို့သာရှိတယ်။
မြန်မာပြည် တော်လှန်ရေးဟာ ရေရှည်စစ်ဖြစ်ခဲ့တယ်။ဖြစ်နေတယ်။အဆုံးအရှုံး တွေအထိအခိုက်တွေ ကြားမှာဘဲ တော်လှန်ရေးတွေဟာ ဆက်ရှင်သန်နေတုန်းဘဲ။ သင်ခန်းစာ တွေ ကို ထုတ်ယူမယ်ဆိုရင် ကျွန်တော်တို့တတွေ အောင်ပွဲနားနီးနေ လောက်ပြီ၊ဒါပေမဲ့ရန်သူရဲ့လိမ်လုံးလှိမ့်လုံးတွေကမျိုးဆက်သစ်တွေ ကို ညာစားနိုင် သေးတယ်။ အချောင် သမားတွေကလဲ “ အမျိုးသား” လို့ပြောရရင်အလွယ်စည်းရုံးနိုင် တော့ အမျိုးသားရေး၊ လူမျိုးရေးနားမှာဘဲ ကပ်ရပ်ပြိး စားသောက်နေကြတယ်။ ပြည်သူကို ရန်သူနဲ့မိတ်ဆွေ မခွဲပြကြဘူး။ လူတန်းစားတိုက်ပွဲနဲ့ အဆက်အစပ်ကို မရှင်းပြလိုကြဘူး။ လူတန်းစားအကြောင်းပြောရင် ကွန်မြူနစ်လို့ထင်မှာ ကြောက်ဟန်တူ တယ်။ ယနေ့ မြန်မာပြည်တော်လှန်ရေးရဲ့ အဆင့်နေရာဟာ လူတန်းစားတိုက်ပွဲ ဖြစ်တာကို မသိကျိုးကျွံ ပြုရင် ရန်သူရဲ့ အမြတ်ထုတ်တာကို တနည်းမဟုတ်တနည်းနဲ့ အမြတ်ထုတ်တာ။ လှည့်ဇြား တာ ခံရပြီး တော်လှန်ရေးဟာ ပိုရေရှည်သွားနိုင်လို့ လူတန်းစား စိတ်ဓါတ်ကို တည် ဆောက်ရတာ။
သမိုင်းကို ပကတိအတိုင်း မြင်နိုင်အောင်လေ့လာရမယ်။ သမရိုးကျ အမျိုးသားရေး အမြင်အဆင့် ဟာ ဒီနေ့ မြန်မာပြည်မှာ မကိုက်ညီတော့ဘူး။ အမျိုးသားရေးအမြင်ရှိသူတွေအနေနဲ့အငြင်းပွားစရာဖြစ်ပေမဲ့ ဘုံရန် ၀ိုင်းတိုက်ရေးလုပ်ငန်းပေါ်မှာတော့ မဖြစ်မနေ ပူးပေါင်းဆောင်ရါက်နိုင်အောင် သီးသန့် အမျိုးသား ၀ါဒကို ပြုပြင်ကြရဦးမှာပါဘဲ။ သမိုင်းမှန်  ကို သိဖို့ဆိုရင်လဲ ရန်သူက အချက်အလက်တွေကို ပိတ်ပင်ထား တယ်။ ဖုံးကွယ် ထား တယ်။လူတွေဘယ်လောက်အမြင်မဲ့မဲ့၊ မဲ့ လေ ဖိနှိပ်အုပ်ချုပ်ရလွယ်လေလို့ အာဏာ ရှင် တိုင်း က ယူဆကြတယ်။ တကယ်တော့လူထု မျက် လုံးကို ဖေါက်ထားတာဘဲ။ မျက်မ မြင် ဖြစ် နေတဲ့ ၊ ခြေလက်ကျိုးပြတ်နေတဲ့ ပြည်သူ တွေကို  မျက်စီဖွင့်ဖို့၊ ထမ်းခေါ်ဖို့  ပညာတတ်ဆိုတဲ့၊အများအကျိုးသယ်ပိုး လိုတဲ့၊ ပြည်သူ့ အတွက်၊ တော်လှန်ရေးအတွက် ထမ်း ဆောင် လိုတဲ့၊ တော်လှန်ရေး သူရဲကောင်း တွေကို  စစ်အာဏာရှင်ဆန့်ကျင်ရေးလူတန်းစားတိုက်ပွဲကဖိတ်ခေါ်နေတာကို မြင်သာ အောင်တင်ပြလိုက်ရပါတယ်။
အဖိနှိပ်ခံတို့ ညီညွတ်ကြ ။
ဘုံရန်သူ စစ်အာအာဏာရှင်ကို ၀ိုင်းတိုက်ကြ။
တော်လှန်ရေး မုချအောင်ရမယ်။

ဦးအေးဆောင်
စက်တင်ဘာ ၈ ၊ ၂၀၁၁။






လယ်သမားတော်လှန်ရေး လိုနေပြီ


လယ်သမား တော်လှန်ရေး လိုနေပြီ

ဒေါ်စုက အာဏာရရေး မဟုတ်ဘူးဆိုတော့ လယ်သမားတွေ လယ်သိမ်းမြေသိမ်း ခံနေရ တာကို ကာကွယ်ဖို့ အာဏာကို ရအောင်ကိုယ့်အားကိုယ်ကိုး ပြီး ရအောင်ယူရ တော့မယ်။ လယ်သမားတွေ ဟာ မြန်မာပြည်ရဲ့ လူများစု ဖြစ်နေတော့ သူတို့တွေရဲ့ ဘ၀အခြေအနေတိုးတက်ရေးဟာ တိုင်းပြည်တိုး တက်ရေးအတွက် အဓိကဘဲ။ အခုဟာက အာဏာကို ချုပ်ကိုင်ထားတဲ့ စစ်ဗိုလ်ချုပ်တွေက လယ်မြေတွေ ကိုလုပြီး သူတို့ လက်ပါး စေတွေ၊ လက်ဝေခံတွေ အတွက် သူတို့ ဥပဒေအကာအကွယ်ရယ်၊ စစ်တပ်သြ ဇာရယ်သုံးပြီး ဈေးပေါပေါနဲ့အလကားလောက်နီးနီးခွဲဝေယူနေကြတယ်၊လယ်သမားတွေဘ၀ပျက် နေကြတာ
မြင်မကောင်းတော့ဘူး။
ကိုဖိုးဖြူလို လူတွေက စာနာထောက်ထားပြီး အာဏာရဲ့ အစွယ်အောက်မှာ  လယ် သမား အရေး လိုက်လံ ကူညီပေးနေပေမဲ့ သူ့ခင်မြာ အာဏာမရှိ သြဖာမရှိတော့ ထင်တိုင်း မပေါက်နိုင်တဲ့ အပြင် မကြာ ခဏ ထောင်တန်းကျနေရမှာဘဲ။ ဒါဟာ စစ်အာဏာ ရှင်ကပေးတဲ့ ဖိနှိပ်မှုပါဘဲ။ ဒီလိုဖိနှိပ်မှုတွေကို ဖယ်ရှား ဖို့က စစ်အအာဏာရှင်တွေကို ဖယ်ရှားတိုက်ဖျက်တာကအရင် စရတော့မယ်။ အာဏာဆိုတာ အခွင့်အရေး ကို ကာကွယ် ဖို့။ ဒါကို ရန်သူတိုက်ဖျက်တဲ့ အလုပ်ကိုကြည့်ပြီးလန့်နေသူတွေရှိတယ်။ အာဏာဟာဟာ ယာဉ်ရထားနဲ့ တူတယ်။ ခရီးတွင်တယ်။ လမ်းလျှောက်ချင်သူလဲလျှောက်ပေါ့၊ သူတို့ ပုဂံမပြောနဲ့ ကြပ် ပြေးတောင်မရောက်ပါဘူး။ ပြည်သူကိုကာကွယ်ဖို့ရယ်၊ ပြည်သူ့အကျိုး ထူထောင်ဖို့ရယ် အ တွက် ပြည်သူ့အာဏာ ကိုထူထောင်ရမှာ ဘဲ။ ဒါးကို မကိုင်ရဲရင် အိမ်မ ဆောက် နိုင်လို့ ကျောက်ဂူထဲမှဘဲ အခုထိနေနေရတုန်းဖြစ်နေမယ်။
လယ်သမားတွေအခုအကာအကွယ်မဲ့ သားကောင်သက်သက်ဖြစ်နေတယ်။အုံကြွမှု တွေ မဖြစ်ေ အာင် ၊ ဖြေသိမ့်မှုတွေနဲ့ တရားဥပဒေရှိသယောင်နဲ့ စစ်အာဏာရှင် တွေက ၀မ်းချဖို့ ဟန်ဆောင်လုပ် ရပ်တွေ ကြားထဲမှာ သံသရာလည်နေ ရတယ်။ ပဒေသရာဇ် ခေတ်ကနေ အရင်းရှင်ခေတ်ကို ပြောင်းတဲ့ အခါမှာ တော်လှန်ရေးတွေ ဒါကြောင့် ပေါ်လာရတာဘဲ။
ဒီနေ့ သန်းရွှေကြီးမှူးတဲ့ စစ်အာဏာရှင်တွေဟာ လက်ဝါးကြီိးးအုပ်စစ်ပဒေသရာဇ် တွေဖြစ်တယ်။ သူတို့ဟာ တိုင်းပြည်ကို သေနတ်နဲ့ မြေကို ချုပ်ကိုင်ပြီးကြီးစိုးနေတာဖြစ် တယ်။တိုင်းမှူး၊ဗျူဟာ မှူးဆို တာသူတို့ နယ်စားပယ်စားတွေဘဲ၊ သူတို့ ၂၀၀၈ ဥပဒေမှာကိုလိုအပ်ရင် အာဏာသိမ်းဖို့ မိုက်မိုက် ကမ်းကမ်း ထည့် ထားတယ်။ မြေယာအားလုံး နိုင်ငံတော်က ပိုင်တယ်တဲ့။ နိုင်ငံတော်ဆိုတာ သူတို့ကိုယ်သူတို့ပြော တာ ပြည်သူတွေ ကို ကိုယ်စားပြုတဲ့ နိုင်ငံတော်မဟုတ်ဘူး။ နားကြားမလွှဲဖို့လဲလိုတယ်။ လူထုအစိုးရ မဟုတ်တဲ့ စစ်ပဒေသရာဇ် တွေအောက်မှာ မြန်မာပြည်သူတွေ ကြီးပွါးးစရာအကြောင်းမရှိဘူး၊ ရှေး တုန်း က မင်းကောင်းမင်းမြတ်ဆိုတာတောင် ပြည်သူတွေရဲ့ အသက်ကို စိုးပိုင်သူတွေဖြစ် ခဲ့ကြတယ်။ မင်းဆိုး မင်းညစ်ဆိုရင် ပိုလို့ဆောင်ရက်စက်ကြတယ်၊ ပဒေသရာဇ်အာ ဏာရှင် စံနစ် အောက်မှာ  လူလူချင်းတန်း တူမှုမရှိတာကို သတိရသင့်သလိုဒီနေ့ဖြစ်နေတာနဲ့ နှိုင်း ယှဉ်ကြည့်သင့်ပါတယ်။ သာမန်ပြည် သူမပြော နဲ့ ဒေါ်စုလိုထင်ရှားတဲ့အစုလိုက်အပြုံလိုက်ကိုတောင်ဒီပဲယင်းမှာ ဗြောင်ရိုက်တာသာကြည့်တော့။ နောက်ပြီး ရိုက်တဲ့ သူက ဘဲ ပြန်ဖမ်းချုပ်သေးတယ်။ ထင်တိုင်းလုပ်ကြတယ်။  ဒီတော့ တောတောင်ထဲမှာ   ပေါ် တာ အထမ်းသမားတွေ ပျောက် တာ ၊ စစ်ဆေးရင်း လူမသိသူမသိသေတာ တွေက ကျွန်တော် တို့ နေ့စဉ်လိုလို ကြားနေကြ သာမန်သတင်းလိုတောင်ဖြစ်နေပြီ၊မဟုတ်လား၊  ဒီ သက်ဦး ဆံပိုင် ပဒေသရာဇ်ီစံနစ်မျိုးဟာ အနောက်နိုင်ငံမှာ  ၁၉ ရာစု နှစ်တည်းက ကုန်ခဲ့ပြီ။ ဒီစံနစ် ကြောင့် တိုင်းပြည် မတိုးတက် နိုင်တာ ။ ဒီစံနစ်ကို လုံးဝတော်လှန်ပစ်ရမယ်။
          စံနစ်အကြောင်းမသိဘဲ စိတ်ကောင်းစေတနာလောက်နဲ့ လုပ်လို့မရလို့ ရှင်းပြရ တာပါ၊ အခု စစ်အာဏာရှင် စစ်ပဒေသရာဇ်တွေက သူတို့ အသက်ဖြစ်တဲ့ သေနတ် ( စစ်တပ်)နဲ့ မြေ ကို ဘယ်လို အထိပါးခံမလဲ။ စစ်တပ်ရဲ့ အခွင့်ထူးခံမှု၊ ဖိနှိပ်မှုတွေကို ခံရတဲ့ ပြည်သူတွေ၊ လယ်သိမ်းခံရတဲ့ လယ်သ မားတွေ ဟာ စစ်ပဒေသရာဇ်နဲ့ ထိပ် တိုက်မ တွေ့လို့ ဘယ်လိုဖြေရှင်းမလဲ။  ဒီနေရာမှာ ဘယ်ဘက်မှာ ရပ်တည်မလဲ ဆိုတာ ဘဲ။
          လက်ရှိနိုင်ငံတော်ဆိုတာ စစ်ပဒေသရာဇ်ဗိုလ်ချုပ်တွေ ကြီးစိုးနေတာ၊ လူထု ဆန့် ကျင်ရေး(သူတို့လက်မှာ သွေးစွန်းနေတဲ့)စစ်ဗိုလ်ချုပ်တွေဖြစ်နေတော့ရှိတယ်လို့ငဲ့စရာမလို၊  မြေယာပေါ်
လစီပြဿနာမှာတော့ ကျွန်တော်တို့ အတွင်းမှာ သဘောထားတိ ကျပြတ် သားဖို့လို လာတယ်။
          အထက်ကတင်ပြခဲ့သလို စစ်ပဒေသရာဇ် စံနစ်ကို ဆန့်ကျင်ရာမှာ ဆိုရှယ်လစ်ယောင် ယောင်၊ စံနစ် နဲ့ သွားမလား အရင်းရှင် စံနစ်နဲ့သွားမလား ဆိုတာစဉ်းစားရမယ်၊ ဆိုရှယ် လစ် ယောင်ယောင် က လယ်မြေကို လယ်သမားက စိုက်နိုင်တယ်။ မရောင်းရ၊ မလွှဲရ။ မပိုင် ဆိုတာ ဖြစ်ပြီး၊ အရင်းရှင်စံနစ်က လယ်သမားကလုံးဝပိုင်တာဖြစ်တယ်။ ဒါက ဒီနေ့ ကြံ့ ဖွတ် လွှတ်တော်မှာ ပြောစပြုနေတယ်။ ကြောင်ကို ဘယ်ကြွက်က ချူဆွဲမလဲ။
          ကျွန်တော်က “ လယ်လုပ်သူလယ်ပိုင်ရေး ” မူ ၊ အရင်းရှင်မူအတိုင်းသွားရမယ်လို့ ယုံကြည်တယ်။ ဒါမှ စစ်ပဒေသရာဇ် စံနစ်အောက်ကလွတ်မြောက်မှာ ဖြစ်သလို ဖွဲံ့ဖြိုးမှု ဟာ အရှိန်အဟုန်နဲ့ ခုန်ပျံတိုး တက်လိမ့်မယ်။ ပြည်သူလူထုတွေဟာ သူတို့ကြမ္မာကို သူတို့ ဖန်တီးနိုင်တယ်ဆိုတာ ကိုခံစားလာကြမယ်။  ဒီနေရာမှာ လက်ဝဲ သူငယ်နာ မစင်သူတွေ က အရင်းရှင်လွှမ်းမိုးမှုကို စိုးရိမ်ကောင်းစိုးရိမ်နိုင်တယ်။ အရင်း ရှင်ဒီမိုကရေစီလို့ဆိုရာမှာအဖွဲ့အစည်ူးလွတ်လွတ်လပ်လပ်ခွင့်၊စာနယ်ဇင်းလွတ်လပ်ခွင့်တွေ၊ ဟောပြော
စည်းရုံးခွင့် တွေ အပြည့်ရှိနေရမှာ ဖြစ်တော့ မြန်မာပြည်က လူထုတွေ ချင့်ချိန် စဉ်းစားနိုင် လာဖို့ မျှော် လင့်နိုင်တယ်။ အရင်းရှင် စံနစ်ကြီး ထွားလာသလို လူတန်းစားတိုက်ပွဲ တွေလဲ ပီပြင်ရှင်းလင်း လာလိမ့်မယ်။လူတန်းစားတိုက်ပွဲကို အကျိုးပြုစေလိမ့်မယ်။
          ဒါကြောင့်ပုဂ္ဂလိက ပိုင်ဆိုင်မှုကို အသိအမှတ်ပြုတဲ့ အရင်းရှင် စံနစ်၊ မြေယာမှာ “လယ်လုပ်သူလယ်ပိုင်ခွင့်” ကို ကျွန်တော်တို့ အကောင်အထည်ဖေါ်ရမယ်။

အကောင်အထည်ဖေါ်တဲ့ ကိစ္စ
          မြန်မာ့ တော်လှန်ရေး သမိုင်းတလျှောက်မှာ မြေယာတော်လှန်ရေး အရေးပါတာ ကို ပြောတာကြားရပေမဲ့ စိုက်စိုက်မတ်မတ်အကောင်အထည်ဖေါ်တာကို လေ့လာမိသလောက် မတွေ့ရ ဘူး၊ တရုတ်ပြည်မှာ ဥက္ကဌမော်တို့တုန်းက လေးလေးနက်နက် လုပ်ကြတာကို တွေ့ရတယ်။ ကျွန်တော် တို့ဆီမှာ ဘာကြောင့် မလုပ် ကြတာလဲ လေ့လာတုန်းဘဲ။ လယ် သမား တွေ အခုလိုအားကိုးစရာမရှိဖြစ်နေ ချိန်မှာ လယ်ယာမြေ ပေါ်လစီ ကိုမှန်မှန် ကန် ကန်ချနိုင်ရင်လက်နက်ကိုင်တော်လှန်ရေးအတွက်တိုက်ရိုက်  အကျိုးပြုမှာ ဖြစ်လို ။စစ်အာ ဏာရှင်တွေရဲ့ဒေါက်တိုင်တွေကို ဖြိုပြီးသားဖြစ်မယ်။  ဒီမိုကရေစီ ကျင့်စဉ်တွေ ကို မြေယာ က အစ ကျင့်သုံးနိုင်လိမ့်မယ်။ လယ်သမားတွေရဲ့ ထောက်ခံမှု အားပေးမှုကို အခိုင်အမာ ရနိုင် မှာလဲဖြစ်တယ်။     ကျွန်တော့်အမြင်တော့ ကျေးလက်တွေမှာ“စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေး  ကော်မီတီ ”တွေဖွဲ့ ပြီး “ လယ်လုပ်သူလယ်ပိုင်ရေး” “မြေယာ တော် လှန်ရေး” လုပ်ငန်းတွေကို မြေ အောက် တပိုင်း နည်း၊ မြေအောက်နည်း၊ လက်နက် ကိုင် နည်း တွေနဲ့ ဖေါ် နိုင်အောင်ကြိုး ပမ်းရမယ်၊  တိုင်းရင်းသား လက်နက်ကိုင်အင်အားစု တွေကလဲလယ်သမားတွေရဲ့လှုပ်ရှားမှုကိုဦးဆောင်မှုပေးသင့်တယ်။မြေယာတော်
လှန် ရေး တိုင်း ပြည် အနှံ့  ပေါ်ပေါက်နိုင်ရေး အတွက် အနိမ့်ဆုံးအဆင့် “လွတ်မြောက်ရေး ကော် မီ တီ များ” ပေါ်ပေါက်အောင် အားပေး  ထောက်ကူ သင့်ပါတယ်။
          မြန်မာပြည်တော်လှန်ရေး မအောင်မြင်ရတဲ့ အကြောင်းထဲမှာ -တော်လှန်ရေးအမြင် အားနည်းတာ၊ ကိုယ့်ဘက်အင်အားကိုအပြည့်အ၀အသုံးချဖို့မမြင်တာ၊ဂိုဏ်းဂဏနဲ့လူမျိုးရေးအမြင်မစင်တာ။တိုက်ပွဲဝင်ရေးထက် အချောင်ရမည့် အခွင့်အရေးကို မက်တာ၊ ကယ်တင်ရှင်ကို မျှော်တာ တွေဘဲလို့ တင်ပြလိုက်ပါတယ်။

အဖိနှိပ်ခံတို့ညီညွတ်ကြ ။
ဘုံရန်သူ စစ်ပဒေသရာဇ်ကို ၀ိုင်းတိုက်ကြ။
မြေယာတော်လှန်ရေးလုပ်ကြ။
တော်လှန်ရေး မုချအောင်ရမယ်။
ဦးအေးဆောင်
စက်တင်ဘာ ၇ ၊ ၂၀၁၁။