ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Thursday, February 1, 2018

ပညာတတ်များသို့ -



ပညာတတ်များသို့ -
 အဆင့်မြင့် ပညာရေး ဥပဒေ မူကြမ်းကို မနေ့က တက္ကသိုလ် ဆရာ/ ဆရာမများအသင်း များကိုယ် စားပြုကော်မီတီက ကန့်ကွက်ကြောင်းသတင်းစာ ရှင်းလင်းပွဲလုပ်တယ် ဆိုတာ ဖတ်လိုက်ရ တယ်။အဲဒီ ဥပဒေရေးဆွဲတဲ့ လုပ်ငန်းမှာ ဆရာ/ဆရာမတွေ မပါဝင်ခဲ့ရသလို အဲဒီဥပဒေက ဗဟိုချုပ်ကိုင်မှု  လွန်ကဲတယ် လို့ ဆိုပါတယ်။ ဒါကြောင့် ကန့်ကွက်တယ်လို့ ဆိုပါတယ်။ ဒါဟာ ဒီနေ့ ခေတ်ရဲ့ ဖိနှိပ်မှု သဏ္ဍာန်တခုဖြစ်တယ်။ အာဏာရှင်စံနစ်ကို နည်းတမျိုးနဲ့ ပုံဖေါ် တဲ့ ဖြစ်ရပ်ပါ။ နည်းလမ်းမကျ၊ စေတနာမမှန်ပုံကို ပညာတတ်တွေဖြစ်တဲ့ သူတွေက လှစ်ဟပြသလိုက်တာပါ။ ဒါဟာ ပညာတတ်တွေရဲ့ ရုန်းကန်မှုတခုဖြစ်တယ်။ ဒါကိုအားပေးရမယ်။
အားပေးပါဆိုတော့ အကြောင်းပြချက်တွေက ပေါ်လာတော့မှာ - သူတို့ကတကယ်လုပ်မှာလား၊ ဟန်ပြ လောက်ဘဲလား၊ ငါတို့ ဂိုဏ်းကလူတွေ လဲ မပါဘူး၊ သပိတ်အထိဖြစ်လာမှာ မဟုတ်ပါဘူးလေ - ဆိုတာတွေ ပေါ်လာမယ်။ တကယ်လုပ်ချင်တဲ့ သူတွေတောင် အထက်ကပြောတဲ့   အချက်တွေကြောင့် အားက မတိုး လာတဲ့ အပြင် စိတ်ပျက်ပြီး ရပ်တန့်သွားသူတွေ အများကြီး။ ဒါတွေက ဘာကြောင့်ဖြစ်ရတာလဲ။ ကျွန် တော်တို့ဟာ လုပ်တဲ့ သူမရှိတော့လည်း လုပ်တဲ့ သူမရှိလို့မျှော်၊ လုပ်တဲ့သူရှိတော့လည်း တန်ဖိုးမထား မထောက်ကူ ကြတော့  လှုပ်ရှားမှုက သက်တန်းရှည်ဖို့ ခက် တာပေါ့။ လှုပ်ရှားမှုတိုင်းဟာ အစက သေးသေး လေးတွေချည့်ပါ။ ၀ိုင်းဝန်းထောက်ပံ့ရင်း ကူညီရင်းရဲ့ နည်းနာတွေပေါ်လာ၊ အင်အားတွေတိုးလာ၊ လမ်းမှန်ပေါ် ထိန်းညှိရင်း အောင်ပွဲ ဆီကို အရောက်တက်လှမ်းကြရတာပါဘဲ။
အင်အားနည်းချိန်မှာ ရန်သူကတမျိုး၊ မလိုလားသူ၊ ဂိုဏ်းဂဏဆန်သူ၊ရန်သူ့ ဒလံတွေက တဖုံရှိ နေကြ မှာဘဲ။ ဒါပေမဲ့ အဖိနှိပ်ခံ စိတ်ဓါတ်နဲ့ လှုပ်ရှားသူတွေ များလာရင် အားကြီးလာရင် ဖိနှိပ်သူတွေ၊ ဒလျှိုဒ လံတွေဟာ အလိုလို ပုန်းလျှိုးပြီး ဘက်ပြောင်းလာကြတာပါဘဲ။ ဒီတော့ ဖိနှိပ်ခံတွေ က တိုက်ပွဲကို အမြင် ကျယ်ကျယ် ဂိုဏ်းဂဏ အစွဲကင်းကင်းနဲ့ စလုပ်တဲ့ သူတွေကို အားပေးသင့်တယ်။ စလုပ်သူတွေဟာ အများ အားဖြင့် ပညာတတ်တွေ ဖြစ်တတ်တယ်။ ပညာတတ်တွေဘဲ စထောက်ခံ ၀န်းရံရင်းအားပေးရမယ်။ စလုပ်ဖို့ ၊ အားပေးဖို့ ပညာတတ်တွေမှာ တာဝန်ရှိတယ်။
“ပညာတတ်” ဆိုတာကို ကျွန်တော်အမြင်ရှင်းပြပါရစေ။အရေးအဖတ်တတ်ရင် “စာတတ်” ပေါ့၊ စာတတ်ပေမဲ့ စာမဖတ်မလေ့လာရင် ပညာမတတ်ဘူး။ ပညာရပ် တခုခုကို လေ့လာမှတ်သား လုပ်ဆောင်မှသာ “ပညာတတ်” လို့ဆိုနိုင်မယ်။ ဘွဲ့ရတာနဲ့ မရတာနဲ့ မဆိုင်ဘူးလို့ထင်တယ်။ ပညာတတ်တွေဟာ သူဘာသာ ပညာတတ်လာကြတဲ့ သူတွေမဟုတ်ပါဘူး မြန်မာပြည်လို တိုင်းပြည်မှာ ပြည်သူကဆောက်ထားကျောင်းတို့ ၊ တက္ကသိုလ်တို့က သင်ယူတတ်မြောက်ခဲ့ကြရတာပါ။ အဲဒီကျောင်း တက္ကသိုလ်ဆိုတာတွေက ကိုယ့်မိဘတ ယောက် ထည်းက ဆောက်ထားတာ မဟုတ်ဘဲ ပြည်သူတွေရဲ့ ချွေးနည်းစာနဲ့ ဆောက်ထားတာတွေပါ။ ပြည်သူတွေ သူတို့ဘ၀ မြင့်မားလာရေးအတွက် မျှော်လင့်ပြီး  ဒီကျောင်းတွေ၊ ဒီတက္ကသိုလ်တွေကို ဆောက် ခဲ့ကြတာ၊ ဒါပေမဲ့ အဲဒီ ကျောင်း အဲဒီတက္ကသိုလ်က ဆင်းလာတဲ့ သူတွေက ပြည်သူတွေရဲ့ မျော်မှန်ချက်နဲ့ ကျေးဇူးကို မသိဘဲ သူတို့တော်လို့တတ်လို့ ဘွဲ့ရကြတာလို့ ထင်ပြီး မာနနဲ့ ကိုယ်ကျိုးစီးပွါးနောက်ကို ကောက်ကောက်ပါ လိုက်ကြ တော့တာဘဲ။ ပညာတတ်တွေ တကိုယ်ကောင်းဆန်တတ်ပုံကို မြင်ဖို့ပါ။
တိုင်းပြည်တခု ချွတ်ခြုံကျနေတယ်၊ ကျရှုံးနိုင်ငံဖြစ်နေရင် အဓိကတာဝန်အရှိဆုံးက ပညာတတ်တွေဘဲ။ စစ်ဖက်အရပ် ဖက် နှစ်ရပ်စလုံးက ပညာတတ်တွေကို ဆိုလိုပါတယ်။ ပြည်သူလူထုရဲ့ ကျေးဇူးမကင်း တဲ့ ကျောင်း၊ သင်တန်း တက္ကသိုလ် မှန်သမျှ ကဆင်းသူတွေအားလုံးပေါ့။ ဒီတော့ ပညာတတ်တွေ ဖြစ်နေကြတဲ့ ကျွန်တော်တို့ မှာ တာဝန်အပြည့်ရှိပါတယ်။ ဒါကို ရှောင်လွှဲလို့မရပါဘူး။
ကျွန်တော်တို့ ပညာတတ်တွေမှာ - လေ့လာနိုင်အားရှိတယ်၊ သင်ယူလွယ်တယ်၊ ပြန်ဖြန့်ဖြူးနိုင်တယ်၊ ရှင်းပြနိုင်တယ်။ အဆက်အစပ်လည်းရှိတယ်၊ နည်းနာလည်းသိတယ်၊ ကျန်းမာရေးလည်းကောင်းပါလျှက်  ပြည်သူတွေ ရဆိုင်နေရတဲ့ စစ်အာဏာတို့ရဲ့ ဖိနှိပ်မှုဒဏ်၊ဒုက္ခဆင်းရဲခြင်းက ကင်းအောင် နည်းလမ်း ကိုမရှာဘဲ အူကြောင်ျာား ဖြစ်နေရင် ကျွန်တော်တို့ဟာ ပြည်သူတွေရဲ့ ကျေးဇူး စူးစရာဖြစ်လိမ့်မယ်။ ကိုယ်မစွမ်းလျှင်လည်း ရှာကြံလုပ်ကိုင်သူ ကြီးငယ်မရွေးကို  အားပေးရမယ်။
ကျွန်တော်တို့ သိထားဖို့က ပညာတတ်တွေဟာ လုပ်အားရောင်းစားသူမဟုတ်ကြဘဲ ၀န်ဆောင် လုပ်ငန်း မှာ အများဆုံးပါဝင်နေကြတော့ ပညာတတ်တွေဟာ တော်လှန်ရေးဘက်မှာ ရှိလျှင် ရှိ မရှိရင် ဖေါက်ပြန်တဲ့ ဘက်မှာ ရှိနေတတ်တယ်လို့ လေ့လာမှတ်သားဘူးပါတယ်။ဒီတော့ ကျွန်တော်တို့ မှာစူးနေတဲ့ ပြည်သူ့ ကျေးဇူးကို သိသောအားဖြင့် ပြည်သူအကျိုးကို သယ်ပိုးသူတွေကို ကြီးသည်သေးသည် မဟူ ၀ိုင်း အားပေး ကူညီပါဝင်ရင်း လှုပ်ရှားမှုကို ကြီးထွါးစေခါ အောင်မြင်မှုပန်းတိုင်းကို ထိန်းကျောင်းသွားသင့်တယ်လို့ ကျွန်တော်အလေးအနက် တိုက်တွန်းလိုက်ပါတယ်။
အောင်ပွဲကို တိုက်ယူကြ။
အဖိနှိပ်ခံတို့ ညီညွတ်ကြ။
ဒီမိုကရေစီ မုချရရမယ်။
ဦးအေးဆောင်
၁၅၊၁၊၂၀၁၈။

0 comments: