ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Wednesday, July 6, 2016

ကွန်မြူနစ်နဲ့ ကျွန်တော်



ကွန်မြူနစ်နဲ့ ကျွန်တော်
“ကွန်မြူနစ်” ဆိုတဲ့စကားကို စကြားမိတုန်းက ကျွန်တော်အသက် ၈နှစ်ပတ်ဝန်းကျင်လောက်ရှိမှာပါ။ တောင်ငူ မက္ကမံလမ်း အိမ်ကိုလာလည်တဲ့ ကိုမြမောင်ကို ကွန်မြူနစ်လို့ပြောတာသဲ့သဲ့ကြားမိခဲ့တာ၊ ဘာကြောင့် သူလာလည်ရတာလဲလည်းကျွန်တော် မသိ၊ ကွန်မြူနစ်လို့ဘယ်သူက ပြောလဲဆို တာလည်း မမှတ်မိတော့ဘူး။ ကိုမြမောင်လို့ အမေတို့ကခေါ်ပေမဲ့ ကျွန်တော့် အတွက်တော့ ဦးမြမောင်ပေါ့။ သူက အသားညိုညို မျက်နှာ သွယ်သွယ်။ အရပ်က  ကျွန်တော်ကို ထိုင်ဖက်နေတဲ့ အနေအထား လောက်သာမှတ်မိတော့ အရပ်အနိမ့် အမြင့်ကို ကျွန်တော်မခန့်မှန်းနိုင်ပါဘူး၊ သူမျက်နှာပုံကိုလည်း ခတ်ဝါးဝါး သာ မှတ်မိတော့တာပါ။ ဒါပေမဲ့ သူပြောတဲ့ “ မောင်အေးဆောင်က သူစားချင်ရင် တိုက်ရိုက်မပြောဘဲ - ဦးလေးမုန့်လက်ဆောင်း စားလေ ဆိုပြီး လမ်းက လာအသည်ကို ခေါ်ခိုင်းတတ်တယ်။ ” ဆိုတာကိုတော့ ကျွန်တော် အမှတ်ရနေတုန်းဘဲ။ နောက်တော့ ဦးမြ မောင်ကိုလည်း ထပ်မတွေ့တော့ပါဘူး။ “ကွန်မြူနစ်” ဆိုတာကိုလည်း လယ်သမား၊ကိုင်းသမား လို အလုပ်မျိုးဘဲ ဖြစ်မှာလို့ ကိုယ့်ဘာသာမှတ်ယူထားလိုက်ပါတယ်။
အဖေတို့က နိုင်ငံရေးလုပ်ပေမဲ့ ကွန်မြူနစ်ဆိုတဲ့စကားလုံးတခါမှပြောသံမကြားရဘူး။သူတို့  ပြောကြ တာ လယ်မြေအကြောင်း၊ လူတွေ အကြောင်းဘဲ။ ပြူစောထီး ဆိုတာတော့ပါတယ်။ တနေ့တော့ ကျွန်တော့ အဖွါး ဒေါ်ငွေစင်ရဲ့သား ကျွန်တော့ ဦးလေးတော်သူ တိုက်ပွဲမှာကျလို့ သူ့အလောင်းကို သူ့မိန်းမရှိရာရွာ ဆီပို့ လာတယ်လို့ ကြားတော့တာဘဲ။ ကျွန်တော်က ဦးမြမောင်များလားလို့ ထင်နေမိတယ်။ နောက်တော့ ကျွန်တော်အမေရဲ့ အကိုဝမ်းကွဲတော်တဲ့ ကိုဖိုးဆိတ် ဖြစ်တယ်ဆိုတာ ပြောကြလို့ သိရတယ်။ ကိုဖိုးဆိတ်က ဗမာပြည်ကွန်မြူနစ်ပါတီက ဗိုလ်တဲ့၊ နံမယ်က ဗိုလ်ထွန်းဝင်းတဲ့၊ သူ့ကို ထန်းတပင်ရွာမှာ ရန်သူက၀ိုင်းမိတော့ ရန်သူက “ ဟေ့ - ဖိုးဆိတ် ၊ မင်းကိုဝိုင်းထားပြီ၊ လက်နက်ချ။” လို့ဆိုသတဲ့ ဦးလေးက လက်နက်မချဘဲ ပြန်ခံပစ်ရင်း ကျသွားတာလို့ သိရတယ်။ သူ့ဓါတ်ပုံကို တော့ သူ့မိန်မ ဒေါ်ဟန်ကြည် တခါကပြထားလို့ မြင် ဘူးတယ်။ အပေါ်ကစစ်အင်ကျီ အောက်မှာပုဆိုးနဲ့ ခါးကစစ်ခါးပတ်မှာ ခြောက်လုံးပြူး ချိတ်ထားတယ်၊ လက်ပိုက် ထားတယ်၊ ခေါင်းမှာနံပြားဦးထုပ်နဲ့ ဘေးတိုက်ပုံ။ လူပုံက မြင်နေကျ အသားညိုညို ဗမာပုံပေါ့။ အခုတော့သူကျဆုံးသွားပါပြီ။ သူ့အလောင်းကို ရန်သူကလာ ပို့ပေးတာကိုက ကျွန်တော်တို့ကို ခြိမ်းခြောက် ၀ါဒဖြန့်လိုက်တာဘဲ လို့ ကျွန်တော်ထင်တယ်၊ ဒီတော့ ကျွန်တော့်ဒေါသကို ဆွသလိုလို၊ မခံချိ မခံသာဖြစ်မိ တယ်။
ဒေါ်ဟန်ကြည်နဲ့ သူသား ကျွန်တော်ထက် အနည်းငယ်သာငယ်တဲ့ မောင်အေးကို တို့ နေ ထိုင်တဲ့ တောင်ငူ ရန်ကုန်ကားလမ်းဘေးကရွာကို ဘယ်သူနဲ့မှန်းမသိ ကျွန်တော်လိုက်သွားဖြစ်တယ်။  ဘတ်စ်ကားက အလောင်းစဉ်ပြင်ထားတဲ့ အိမ်ရှေ့လမ်းပေါ်မှာရပ်ပေးတော့ ဆင်းပြီးသွားရတယ်။ အလောင်းထည့်ထားတဲ့ ခေါင်းကို အိမ်ခြံ အပြင်ဘက် ရေမြာင်းလိုဟာကို ကန့်လန့်ဖြတ် စဉ်ထိုးတင် ထားတာပါဘဲ။ ဒီလိုမျိုး သေဆုံး သူကို အိမ်ထဲ မထားရဘူးနဲ့ တူပါတယ်။ ဒေါ်ဟန်ကြည်တို့ အိမ်းကလည်း မြင်နေကြ ၀ါးအိမ်ကလေးတခုပါ။ ဧည့်သည်ဆိုလို့ ကျွန်တော်တို့လာတဲ့ သူဘဲရှိပါတယ်။ ကျွန်တော်လည်း ကလေးဘာဝ ဘာမှလဲ မသိ ထုံးစံ လည်းလဲမသိ။ ခဏသာနေပြီး ကျွန်တော် တို့ တောင်ငူပြန်ခဲ့တာပါဘဲ။ ကျွန်တော်ကြားမိတာတခုက ဒီဦးဖိုး ဆိတ်ဟာ တော် တော်ကြမ်းတယ် တဲ့။ အိမ်မှာရှိတဲ့ ဘုရားစင် ကိုလည်း ကန်ချတယ်လို့ ဆိုတယ်။သူ့အမေ အဖွါးဒေါ်ငွေစင်ဟာ အလွန်ဘုရားတရား ကြည် ညိုပါတယ်။ အဖွါးတော့ တော်တော်စိတ်ညစ်မှာဘဲ လို့လည်း တွေးမိတယ်။ အဖွါးက တောင်ငူမှာကျွန်တော်တို့နဲ့နေတော့ သူတို့ သားအမိလည်း ဆုံဖြစ်တာလည်း တခါမှ မကြားမိပါဘူး။ ဒါကြောင့်  ဦးလေးဖိုးဆိတ်အတွက် ကျွန်တော့်ခံစား ချက်တွေက ရှုတ်ထွေးနေခဲ့တာပါဘဲ။ ဒါပေ မဲ့ကွန်မြူနစ် ဆိုတာ အစိုးရကို တိုက်တဲ့သူဘဲ ဆိုတာတော့သိလာတယ်။
ဗိုလ်နေ၀င်းအာဏာသိမ်းပြီး အဖေတို့ ပထစ အစိုးရပြုတ်တော့ တော်လှန်ရေးလုပ်ဖို့လေ့လာ လာတဲ့ အခါ ပါတီတရပ်ရှိဖို့လိုအပ်တာကိုတွေ့ရှိပြီး ပါတီတခုခုနဲ့ ဆက်သွယ်မိအောင်ကျိုးစားခဲ့ပါတယ်။ ဒါတွေ ကို တော့ “နောက်တန်းကဗမာတယောက်”  စာအုပ်မှာ ရေးခဲ့ပြီးသား၊ တွံတေးတောကြီးတန်းက အလံနီ ကွန်မြူ နစ်ပါတီ နဲ့ ဆက်မိပြီး လှုပ်ရှားခဲ့တယ်၊ လှုပ်ရှားမှုတွေသာလုပ်ဖြစ်ပြီး သဘောတရားနဲ့ ပတ်သက်လို့ သိပ်မ ဆွေးနွေးဖြစ်ကြပါ၊ လမ်းစဉ်နဲ့ လုပ်ငန်းတွေလောက် သိမှီသလောက်လုပ်တာပါဘဲ။ အဲဒီတုန်းကလည်း ရုရှား ဆိုဗိယက်ကွန်ုမြူနစ်ပါတီ အကြိမ် ၂၀မြောက်ကွန်ဂရက် လမ်းစဉ်အပေါ် အငြင်းအခုံပြင်းထန်နေတုန်းပေါ့။ ဒီ ဆောင်ပါးက လမ်းစဉ်တွေ ထက် ကွန်မြူနစ် အဘိဓမ္မာကို မြင်သလောက်တင်ပြချင်တာဖြစ်တော့ လုပ်ငန်း လမ်းစဉ်တွေကို ရှင်းလင်းမှာ မဟုတ်ပါဘူး။
မြေအောက်လှုပ်ရှားမှုလုပ်ရင်း ကျွန်မြူနစ် သဘောတရားတွေကိုလည်း တဘက်ကလေ့ လာနေမိ တယ်။ သခင်ကိုယ်တော်မှိုင်းက ကွန်မြူနစ်အကျင့်ကို လိုက်နာနိုင်ရင် ရဟန္တာတွေ ဖြစ်တယ်လို့ ပြော တာဖတ်ဘူးတယ်။   စကားလုံးအတိအကျနဲ့ စာအုပ်တော့ မမှတ်မိတော့ဘူး။ ဒီတော့ ကျွန်တော်သိနေတဲ့ ဦးလေးဖိုးဆိတ်နဲ့ သခင်ကိုယ်မှိုင်းပြောတဲ့ အချက်ကလည်း နဂိုကမ မရှင်းတဲ့ ကျွန်တော့ အတွက် ပို ရှုပ်စေခဲ့ပါ တယ်။ ကွန်မြူနစ် ၀ါဒကို လူတော်တော်များများက နိုင်ငံရေးလမ်းစဉ်လို့ဘဲ ယူဆနေကြ တာတွေ့ရတယ်။ အမှန်က ကွန်မြူနစ် အဘိဓမ္မာဟာ ကိုယ်ကျင့်သိက္ခါလည်းဖြစ်တာကို အလေး မထားကြဘူး။
ကွန်မြူနစ်တွေက ရုပ်ဝါဒီတွေ၊ ရုပ်ဝါဒီဆိုတာက လက်တွေ့ကျမှ ယုံတာကိုဆိုလိုတာ၊ ဒီနေရာမှာ အဆိပ်အကြောင်း သိချင်ရင် သောက်ကြည့် ရမယ် ဆိုတဲ့ ရုပ်ကြမ်းဝါဒ လိုမျိုးမဟုတ်သလို၊ ရောဘတ် အိုဝင်လို အရင်းရှင်တွေကြားထဲမှာ ဘုံစံနစ်တည်ဆောက်တာမျိုးလည်းမဟုတ်ဘူး။ အကောင်အထည်မဲ့ နိဗ္ဗာန်တို့၊ ကောင်း ကင်ဘုံတို့ကိုလည်း မယုံဘူး။ ဒီတော့ နိဗ္ဗာန်တို့ ကောင်းကင်ဘုံတို့နဲ့ အသားကျ အကျိုး စီးပွါးဖြစ်နေတဲ့ သူတွေက ဘယ်လို လုပ်လက်ခံနိုင်တော့မှာလဲ။ ဒါတွေက ပြဿနာစတော့တာပါဘဲ။
မသိနိုင်တဲ့ အရာတွေကို ခုတုံးလုပ်ပြီး အမြတ်ထုတ်တတ်ကြတဲ့ စံနစ်ကို မာက်စ်က ဖြိုဖျက်လိုက်တာပါ။ လူတွေ ချမ်းသာတယ်ဆိုတာ ပါရမီတို့၊ ကုသိုလ်ကံတို့ ကြောင့်လို့ မရေမရာရှေးက ယုံနေနေတာ ကိုမာက်စ်က အစွန်းထွက်တန်ဖိုးကြောင့် ၊ ဖိနှိပ်သွေးစုတ်မှုတွေကြောင့်လို့ ဖေါ်ပြတဲ့ သက်သေတွေ ထုတ်ပေးခဲ့တယ်။ ဒါကြောင့်ဘဲ ကွန်မြူနစ်တွေက “ မသိနိုင်တာမရှိ ၊ မသိသေးတာ သာရှိတယ်၊” ဆိုတဲ့ အယူအဆနဲ့ လောကကို ခွဲစိပ်ဖြာ ကြည့်တတ်အောင် ကြည့် ရဲအောင် တိုက်တွန်းခဲ့ကြတယ်။ မသိနိုင် မသိအပ်တဲ့ ဖန်ဆင်းရှင် ၊တန်ခိုးရှင် ဆိုတာမျိုးကို ရုပ် ၀ါဒီကွန်မြူနစ်တွေက မယုံကြပါဘူး။မက်စ်ဝါဒက လက်တွေ့ကျပါတယ်။
မက်စ်ဝါဒ၏ လောကကို ချဉ်းကပ်ပုံ  အနုပဋိလောမအဖွင့်ကို အကျဉ်းချုပ် လိုက်ပါက
၁ ။ အရာတိုင်းသည် အဆက်အစပ်ရှိသည် ။
၂ ။ အရာရာတိုင်းသည် ပြောင်းလဲနေသည်။
၃။ အရေအတွက်မှ အရည်အချင်းသို့ပြောင်းလဲနေသည်။
၎။ အတွင်းပဋိပက္ခသည် အဓိကကျသည်။
ဆိုတာ တို့ဖြစ်တယ်။ မာက်စ်ရဲ့ ချဉ်းကပ်ပုံ ၄ ရပ်ကို ဆရာပါရဂူက ဗုဒ္ဓရဲ့ သစ္စာ တရား လေးပါးနဲ့ နှိုင်းပြီး “ မာက်စ်ဝါဒနဲ့ ဗုဒ္ဓ အဘိဓမ္မာ” ဆိုတဲ့ စာအုပ်မှာ ဖတ်ဘူးပါတယ်။ ဒါပေမဲ့ သူက မာက်စ်ဝါဒရဲ့ ရည်မှန်းချက်က ကွန်မြူနစ်လူ့အဖွဲ့ အစည်းတည်ဆောက်ရေး ဖြစ်ပြီး၊ ဗုဒ္ဓရဲ့ ရည်မှန်းချက်က နိဗ္ဗာန် (စိတ်)ဖြစ်တာကို တော့မရှင်းဘူးလို့ မှတ်သားမိတယ်။
အနုပဋိလောမ ရုပ်ဝါဒ နည်းနာကို အကျေအလည် ကျင့်သုံးလိုက်နာဖို့ ဆိုတာကလွယ်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လောကကိုချဉ်းကပ်သုံးသပ်ရာမှာ များစွာအသုံးကျတာတော့ အမှန်ပါဘဲ။ ဗုဒ္ဓအဘိ ဓမ္မာက လောကကို အဆိုးမြင် ပြီး၊ မာက်စ်က အကောင်းမြင်ပါတယ်၊ လက်ရှိလောကမှာကို ကွန်မြူနစ်စံနစ် ဆီတနေ့ မဟုတ်တနေ့ ရောက်ရမယ်လို့ ယုံကြည်တယ်၊ လောကကို ချစ်ခင်စွဲမက်ပါတယ်၊ ဗုဒ္ဓအဘိဓမ္မာ က လောကကို မုန်းတီးရွံ့ရှာပါတယ်။ဒါကြောင့်ဘဲ ကွန်မြူနစ်တွေဟာ လောက ကောင်းကျိုးအတွက် သွက်လက် တက်ကြွကြ တယ်လို့ ယူဆနိုင်ပါတယ်။
လူ့သမိုင်းကိုသုံးသပ်ရာမှာ တော့ မာက်စ်က ချားလ်စ်ဒါဝင်ရဲ့ သီဝီရီကို အခြေခံပြီး “ သမိုင်းရေး ရုပ်ဝါဒ” Historical Materialism ကိုတင်ပြခဲ့တယ်။ ဒီသမိုင်းရေးရုပ်ဝါဒ အချုပ်ကို ကျွန်တော်မြင် သလောက် ပြောပြရရင် လူ့လောကကြီးဟာ ကုန်ထုတ်လုပ်မှုဖြစ်စဉ်ကြီး ဖြစ်တယ်၊ ဒီအထဲမှာ ကုန်လုပ်စွမ်းအားစုနဲ့ ကုန်လုပ်ဆက်ဆံရေး ဆိုတာရှိတယ်။ အဲဒီနှစ်ခု အဆင်ပြေနေရင် လူလောကကြီးက သို့မဟုတ်တိုင်းပြည်တခု ဟာ အဆင်ပြေနေမယ်၊ အဲဒီနှစ်ခု သဟဇာတမဖြစ် အထစ်အငေါ့ ဖြစ်နေရင် ပဋိပက္ခတွေ ဖြစ်လာမယ် လို့ ဆိုပါတယ်။ ကုန်လုပ်ကရိယာ (ရုပ်)တွေ တိုးတက်လာသ လို၊နည်း ပညာတွေတိုးတက်လာမယ် လူ့သမိုင်းက လည်း တိုးတက်လာမယ်။ ခေတ်တွေပြောင်း လာမယ်။ ခေတ် အလိုက်ဖိနှိပ်ခံနဲ့ ဖိနှိပ်သူလူတန်းစားတွေ တိုက်ပွဲဖြစ်နေတယ်၊ နောင် လည်းဖြစ်နေဦးမယ်။ ကွန်မြူနစ် လူ့ဘောင်မဖြစ်သ၍  လူတန်းစားတိုက်ပွဲတွေ နဲ့ လူ့လောက၊ လူ့အဖွဲ့ အစည်းကြီးဟာ ကြောင်လိမ်လှေခါး လို အဆင့်ဆင့် တိုးတက်လာမယ်လို့ ရှင်းပြခဲ့တာ ပါဘဲ။ဒီနေရာမှာ ကျဆုံး မည့်လူတန်းစားနဲ့ တိုးတက်အောင်မြင်လာမည့် လူတန်းစားကို သိရှိအောင်လည်း သူက ရှင်းပြထားခဲ့ပါတယ်။ ဒါကိုတော့ ဆက်လက်လေ့လာကြဖို့ အကြံပြုပါရစေ။
လူတွေရဲ့ အသိဟာလည်း သူကျင်လည်ရာ ဘ၀ပတ်ဝန်းကျင်က ရခဲ့တာလို့ဆိုပါတယ်။လော ကကြီးနဲ့ ကင်းပြတ်ပြီး ရရှိတာမဟုတ်လို့ သူ့အတန်းအစားအလိုက် ခံစားချက်နဲ့အသိတွေရှိတယ်လို့ ဆိုပါတယ်။ ဒါက လည်း “ အားလုံးအရာတွေဟာ ဆက်စပ်နေတယ်။” ဆိုတဲ့ နိယာမအတိုင်းပါဘဲ။ အလိုလိုသိလာတာမဟုတ်ပါ။
ကွန်မြူနစ်တွေက ရုပ်ဝါဒယုံသလို၊ ရုပ်ဆိုတာ လိမ်လို့ မရတာကိုလည်းယုံတယ်။ဒါကြောင့် မလိမ်ကြ ဘူး။လိမ်ချင်ရင်လည်းလိမ်ပါ။ ဒါပေမဲ့ ပေါ်မှာဘဲ လို့ ယုံတယ်။  လူတွေကို လိင်၊ အသားအရောင်၊ ဘာသာရေး၊ လူမျိုးရေးအရ၊ လုပ်အားအပေါ်၊ အသိဥာဏ်အပေါ်၊ သိက္ခါအပေါ် အမြတ်ထုတ်တာကို မလုပ်ဖို့၊ လုပ်ရင်လည်း တန်ပြန် ခံရမယ်ဆိုတာကို ရုပ်အဘိဓမ္မာအရ နား လည်းထားကြတယ်၊ပရိယာယ်နဲ့ လိမ်ညာလှဲ့စားမှုတွေကို မယုံသလို၊ ရွံမုန်းတယ်။ ဒီတော့ ဒီလိုရုပ်ဝါဒကို ယုံကြည်တဲ့ ကွန်မြူနစ် ဆိုတာ မကောင်း ဘူးလား ကောင်း လားဆိုတာတော့ စာဖတ်သူတွေ ကိုယ်တိုင် စဉ်းစား ကြည့်ပေါ့။
ကွန်မြူနစ် ဆိုတာ ကွန်ုမြုန်း ဆိုတဲ့ စကား အစုအဖွဲ့ “ ဘုံ” ကလာတာ၊ ကွန်မြူနစ်ဆိုတာ ဘုံဝါဒီပေါ့။ရှိအတူ၊ မရှိအတူ စုပေါင်းနေ၊ ဝေမျှ စားသောက်တဲ့ သဘောထားရှိသူကို သာ ကွန်မြူနစ် လို့ခေါ် နိုင်တယ်။ ဒီတော့ ကိုယ်ကျိုးအတ္တတွေ ကြီးစိုးလွန်းလှတဲ့ ပဒေသရာဇ်ခေတ်လို အရင်းရှင်ခေတ် လို လောကမှာ ဒီလိုလူတွေ တွေ့ဖို့လွယ်ပါ့မလား - ဒါကြောင့်ဘဲ သခင်ကိုယ်တော်မှိုင်းက ပြောခဲ့ တာ ဖြစ်မယ်ထင်ပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် ဒီဆောင်းပါးက ကွန်မြူနစ်တယောက်ရဲ့ ကျင့်စဉ်ကို ပုံကြမ်းလောက်ဖေါ်ပြပေးနိုင်ရင် ရေးရကျိုးနပ်ပါပြီ။
အများအကျိုးသယ်ပိုးနိုင်ကြပါစေ။
ဦးအေးဆောင်။
ဇွန် ၁၂၊ ၂၀၁၆။


0 comments: