သိထားသမျှ ကွန်မြူနစ် အဘိဓမ္မာ (၁)
ကွန်မြူနစ်ဖြစ်ချင်တဲ့
ခေတ်လူငယ်တွေကို တွေ့ရလို့ အားတက် မိတယ်။ သူတို့အတွက် တောက်ပြောင်တဲ့ အနာဂါတ်ဟာ ရှိမနေတာကြောင့်လည်း
စိတ်ပူမိတယ်။ အရင်းရှင်စံနစ်က ကြီးစိုးနေပြီး အချောင်သမားဝါဒ က အားကောင်း နေတော့ အနာဂါတ်
ကွန်မြူနစ်လေးတွေ အားကောင်မောင်းသန်ဖြစ်စေဖို့ ကျွန်တော်သိသမျှမြင်သမျှ တင်ပြ လိုက်ရပါတယ်။
ကြိုတင်မှာထားချင်တာက
ကွန်မြူနစ်ဖြစ်မှ တော်လှန်ရေး လုပ်ရမယ် ဆိုတာ မဟုတ်ဘဲ တော်လှန်ရေး လုပ်ရင်း ကွန်မြူနစ်ဖြစ်လာ
ကြတာများတယ် ဆိုတာကိုတော့ သတိပြုစေချင်ပါတယ်။
ကွန်မြူနစ်
ဆိုတာ မာက်စ် ဝါဒက ပေါက်ဖွါးလာလို့ မာက်စ်ဝါဒီလို့လည်းခေါ်တယ်။ ဒါပေမဲ့ ကွန်မြူနစ်
ဆိုတဲ့ စကား လုံးက ပိုလူသုံးများပါတယ်။ ကွန်မြူနစ်ဆိုတာ အင်ဂလိပ်လို “Commune” ဘုံလူ့အဖွဲ့အစည်း
ကို ယုံကြည်သူ “Communist” ကလာတာပါ။ “ဘုံဝါဒီ” လို့ ဆိုပါစို့။ ကွန်မြူနစ်ဆန့်ကျင်သူတွေက
ကွန်မြူနစ်တွေဟာ သူတို့ မိန်းမကို တောင်ဘုံ လုပ်မှာလို့ ရွဲ့ပြောတတ်ကြ တယ်။ဒါတွေက အဓိပ္ပါယ်မဲ့
အပြစ်ရှာပြောပါတာပါ။ ကျွန်တော့် အနေနဲ့ ကွန်မြူနစ်ဝါဒကိုသာ မကိုင်စွဲ မိရင် ကျွန်တော်
အရည်ပျော် တာကြာပြီလို့ ထင်ပါတယ်။ ကွန်မြူနစ် အဘိဓမ္မာက ကျွန်တော့်ကို စွမ်းပကားတွေ
ပေးခဲ့လို့ပါ။
အရင်းရှင်
လူ့အဖွဲ့အစည်းက “အတ္တ” အပေါ် အခြေခံ တယ်။ ကွန်မြူနစ်က “ဘုံ” စုပေါင်းပိုင်ဆိုင်မှု
အပေါ် အခြေခံ တယ်။ မျှဝေခံစား ကြရမယ်လို့ ယုံကြည်ကြတယ်။ ကောင်းကျိုးဆိုးပြစ် အတူခံစား
ရဲတာကို ဆိုလိုတာပါ။ လွယ်တဲ့ကိစ္စ တော့မဟုတ်ပါဘူး။ “ငါးခူရတော့ ခွဲခြားခွဲခြား” ဆိုတဲ့
လူတွေနဲ့ နည်းနည်းမှ မဆိုင်ပါဘူး။
ဒီမှာတင်
ကွန်မြူနစ်နဲ့ အရင်းရှင် ကကွာလာတယ်။ အရင်းရှင် အဘိဓမ္မာက ငါ့ကံကြောင့် ငါရတာ ဘယ်သူမှ
ဝေမျှစရာ မလိုဘူးလို့ ယူဆတယ်။ ကွန်မြူနစ်က - အားလုံးနဲ့ ပတ်သက်ပြီးရလာတာကြောင့် ဝေမျှ
သင့် တယ် လို့ ယူဆတယ်။ ဒါကို ရှင်းရရင် နည်းနည်းရှည်မယ်။ အတ္တနဲ့ ပရ လို့ဘဲ အတိုမှတ်ထားလိုက်ပါ။
ယခုအခါမှာ
ကွန်မြူနစ်နံမယ်တွေခံပြီး နေတဲ့ လူတွေ၊ အဖွဲ့အစည်းတွေများနေတော့ သီးသန့် ထုတ်နုတ် ပြောရတာ
ခက်တယ်။ ပြဿနာလည်းများတယ်။ ဒီတော့ အဘိဓမ္မာ အခန်း သန့်သန့် ကို ဆွေးနွေးပြချင်တယ်။
ကွန်မြူနစ်တွေရဲ့
အခြေခံအဘိဓမ္မာက “ရုပ်ဝါဒ” ဖြစ်တယ်။ နာမ်ဝါဒ မဟုတ်ဘူး။ “ရုပ်” ဆိုတာ ထိတွေ့နိုင်မှု
လောက်ကို ဆိုလိုတာမဟုတ်ဘူး ၊ စိတ်ကို ထင်ဟတ်စေတဲ့ အရာတွေအားလုံးဟာ “ရုပ်” ဖြစ်တယ်။
ဥပမာ ပိုက်ဆံမရှိလို့ စိတ်အားငယ်သူကို ပိုက်ဆံတထပ် အိပ်ထဲထည့်လိုက်ပါ သူ့စိတ်အားငယ်တာ
ပျောက်သွားမှာပါ။ စိတ်ရဲ့ လိုအပ်တဲ့ ရုပ်ကိုအသေအချာသိရှိရင် ပြဿနာဖြေရှင်းလို့ရပြီ။
ရုပ်ကြောင့် စိတ်ဖြစ်တာ၊ စိတ်ကြောင့် ရုပ်ဖြစ်တာမဟုတ်။
ဒီနေရာမှာလည်း
နည်းနည်းထပ်ရှင်းဖို့လို လိုပြန်တယ်။ ရေနွေးငွေ့အားကို ဂျိမ်းဝပ်က မြင်တယ် နောက်တော့
မီးသင်းဘောတွေဖြစ်လာတယ်။ ဖြစ်စဥ်က ရုပ် > စိတ် > ရုပ် ။ ရေနွေးငွေ့အား > စိတ်ကူး > မီးသင်းဘော။ ဖြစ်လာရတာကို ဆိုလိုပါတယ်။ ဂျိမ်းဝပ်က
ရေနွေးငွေ့ကို မမြင်ရင် အတွေးပေါ်စရာ မရှိပါ။ အဲဒီလိုဘဲ ဒဿဂီရိက မယ်သီတာပုံကို တွေ့မှ
ကြိုက်မိတာ ပုံမတွေ့ဘဲ သူလေး သွားတင်မှာ မဟုတ်ဘူး။ သိဒ္ဒတ္ထ ကလည်း နိမိတ်ကြီးလေးပါးကို
မမြင်ရင်တောထွက်ဖြစ်မှာ ဟုတ်ဘူး။ သေသေချာချာစဥ်စားကြည့်သင့်တယ်။
မာက်စ်ကလည်း
သူဘာသာထိုင်နေရင်း ရုပ်ဝါဒကို သကြားမင်းလိုလို၊ နတ်လိုလို ကလာပေးသွားတာမဟုတ်ဘူး သူကိုယ်တိုင်ကျားကုတ်ကျားခဲ
လေ့လာပြီး အမျိုးမျိုး စမ်းသပ်၊ ဝေဖန်ပြီးမှ ဒီရုပ်ဝါဒကိုရရတာပါ။ ဒီဝါဒကြောင့်ဘဲ သူရော
သူ့မိသားစုတွေပါ ပြည်နှင်ဒဏ်ခံရ ဒုက္ခအမျိုးမျိုးရောက်
ဆင်းဆင်းရဲရဲ နဲ့ နေခဲ့ သေခဲ့ရရှာပါတယ်။
နာမ်ဝါဒ
(စိတ်ဝါဒ) တွေကြီးစိုးနေတဲ့ ကာလမှာ သူ့ရဲ့ရုပ်ဝါဒပေါ်လာပုံက အဆက်အစပ်တွေ၊ အကူးအပြောင်းတွေ
များလွန်းလို့ ဖတ်ရတာလေးလံနိုင်ပါတယ်။ ဒါကြောင့် လိုရင်းကို အတိုချုပ်ရရင် မာက်စ်ရဲ့
ရုပ်ဝါဒက ၁၈၄၈ လောက်ကမှ ပေါ်တာ၊ အတ္တဗဟိုပြုတဲ့ အရင်းရှင်ဝါဒက ကျေးကျွန်ခေတ်မတိုင်မီကထည်းကပေါ်လာတာ
ဒီတော့ သက်တမ်းအနု အရင့် ပေါ်လိုက်ပြီး အခေါက်ထူတာ
အမြီးရှည်တာကွာတာပေါ့။ ဒါပေမဲ့ နောက်ပေါ်တွေက အရင်ဟာတွေထက် သာတတ်တာ ကို လည်း သတိပြုကြဖို့
လိုပါတယ်။
ရုပ်ဝါဒမှာ
နာမ်ဝါဒလို နိဗ္ဗာန်တွေ၊ ဘုရားတွေ၊ သရဲတွေ၊နတ်တွေလို လူတွေကို အဓိပ္ပါယ်မဲ့ ယုတ္တိမဲ့
အကောင် အထည်မဲ့ မြူစား၊ခြောက်စားတဲ့ အရာတွေမရှိဘူး။ ဒီအရာတွေက ရှည်လျားလှတဲ့ သမိုင်းကြောင့်
နာမ်ဝါဒီတွေ ကသူတို့ ကိုယ်သူတို့ ကာကွယ်ဖို့၊ ကြီးပွါးဖို့ ဟိတ်ဟန်ထုတ်ဖို့ ခြောက်လှန့်
တည်ဆောက်ထားတဲ့ အချက်အလက်တွေဘဲ ဖြစ်တယ်။ ဒါကြောင့်ဘဲ လက်တွေ့ကျတဲ့ သိပ္ပံ တွေ့ရှိချက်တွေနဲ့
ဘာသာရေး အယူအဆတွေ မကြာခဏ ထိပ်တိုက် တွေ့တွေ့ နေကြရ တာပါ။ ရုပ်ဝါဒက လက်တွေ့ကျမှ ယုံပါတယ်။
ရုပ်ဝါဒက
လက်တွေ့ကျမှ ယုံတယ်ဆိုလို့ - ရုပ်ဝါဒမှာ လည်း ရုပ်ဝါဒနဲ့ “ရုပ်ကြမ်းဝါဒ” ဆိုတာရှိတယ်။
အစာတခုကို လူတယောက်ကစားတယ်။ သေတယ်။ နောက်တယောက်စားတယ်။ သေတယ်။ နောက်တယောက်စားလည်း သေတယ်
ဆိုပါတော့ အဲဒီအစာဟာ အဆိပ်ဘဲ။ မစားဘဲ သိနိုင်တယ်။ ဟာ မဟုတ်ဘူး လက်တွေ့ကျကျ စားမှသိရမယ်လို့
ယူဆတာ မိုက်မဲတဲ့ ရုပ်ကြမ်းဝါဒီဖြစ်တယ် မလုပ်ရဘူး။
သစ်ရွက်လှုပ်နေတာမြင်ရင်
လေတိုက်နေတာသိနိုင်တယ်၊ လက်နဲ့ လေကိုဖမ်းကြည့်ဖို့ မလိုပါဘူး။
နာမ်ဝါဒက
သက်တမ်းရင့်နေတာနဲ့ အမျှ စံနစ်တွေ၊ ဓလေ့ထုံးစံတွေ၊ ကြီးမားတဲ့အဆောက်အအုံတွေတည်ဆောက်ပြီး
သူတို့ရဲ့ သြဇာအရှိန်အဝါတွေ ကြီးမားပုံပြပြီး လူတွေကို ရိုသေကျိုးနွံ့ စေခဲ့တယ်။ တကယ်တော့
သူတို့ဟာ နာမ်ဝါဒ ကြီးကျယ်ရေးအတွက် ရုပ်ပစ္စည်းတွေ သုံပြီး လူတွေအပေါ်မှာ သြဇာ ထူထောင်ထားကြတာပါ။
ဒီသြဇာတွေဟာ ဒီနေ့ ရုပ်ဝါဒကို လေ့လာနေတဲ့ သူတွေ၊ ကွန်မြူနစ်ဖြစ်ချင်သူတွေ အပေါ် သိလျှက်နှင့်ဖြစ်စေ၊
မသိ၍ဖြစ်စေ လွှမ်းမိုးခံနေရ တတ်တာ ကို ပထမ နားလည်းသိမြင်အောင် ကျိုးစား သင့်တယ် လို့ယူဆပါတယ်။
ဆက်ရန်
-
ဦးအေးဆောင်
၂၆/၈/၂၀၂၀။
သိထားသမျှ
ကွန်မြူနစ် အဘိဓမ္မာ (၂)
ကျွန်တော်သိသလောက်
လောကမှာ ဝါဒနှစ်ခုဘဲ ရှိတယ်။ ရုပ်ဝါဒ နဲ့ နာမ်ဝါဒ။ တခြားဘာမှ မရှိဘူး။ နံမည်တွေ အမျိုးမျိုးရှိနေပေမဲ့
တကယ်တမ်း ခွဲစိပ်ဖြာလိုက်ရင် အဲဒီနှစ်ခုထည်းကတခုခုဘဲဖြစ်နေတတ် အရင်းမကျရင်လည်း အဖျားအ
နားဖြစ်နေတတ်တယ်။ ရုပ်ဝါဒက ပေါ်လာတာ မကြာသေးတော့ အများအားဖြင့် နာမ်ဝါဒ ဘက်လိုက်နေတာတွေဘဲ
တွေ့နိုင်တယ်။ ဘာကြောင့်လည်းဆိုတော့ သူက အထိုင်ကျ တာနေတာ ကြာတော့ လူသိများနေတာ ပေါ့။ဝါဒဖြန့်
ယန္တယား ကရှိပြီးသား။ နောက်မှ ပေါ်တဲ့ ရုပ်ဝါဒကို နာမ်ဝါဒီ အရင်းရှင် တွေက အထက်စည်းကနေ
ပိတ်ပင်တာ၊ စံနစ်တကျ ချေဖျက်တာတွေ ဖြောင်ရော၊တိတ်တိတ် ရော ဆန့်ကျင်တာ တွေ လုပ်တော့
လူထုတွေ ဆီတော်တော်နဲ့ မရောက်နိုင်ခဲ့ ဘူး။ မာက်စ်တို့ရဲ့ “ကွန်မြူနစ်ပါတီကျေညာစတမ်း”
ဆို အင်ဂလန်မှာ ၁၈၄၈ ကစ ထွက်နေပေမဲ့ မြန်မာပြည်ကို ၁၉၃၀ လောက်မှ ရောက်လာတာ။ နှစ်တရာလောက်ကွာတယ်။
ဒါတွေက အရင်းရှင်တွေရဲ့ အမျှော်အမြင်ရှိရှိ တားဆီးထားတာကို တွေ့နိုင်ပါ တယ်။ ဒါပေမဲ့ အခုအခါမှာ ကွန်မြူနစ်ဝါဒ ကို အရင်းရှင်တွေက
ဖြောင်တိုက်လို့ မရမှန်းသိနေတော့မသိမသာလမ်းလွှဲလမ်းကွဲ တွေနဲ့ ကွန်မြူနစ်ယောင် ယောင်၊
ဆိုရှယ်လစ် ယောင်ယောင် စကာလုံးတွေနဲ့ ကွန်မြူနစ်လိုလားသူတွေကို ရှုပ်ထွေးအောင် မှိုင်းတိုက်၊
မီးခိုးဗုံး ပစ်နေကြတော့တယ်။
ဝါဒနှစ်ခုဘဲရှိတယ်
ဆိုတာကို ဆက်ဆွေးနွေးချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကြားသမား၊ အချောင်သမား တွေက
များနေတတ်လို့ဘဲ။ မျဥ်းတကြောင်းကို စာရွက်ပေါ်မှာ ဖြစ်ဖြစ် ဘယ်မှာ ဖြစ်ဖြစ်ဆွဲလိုက်ပါ။
အစွန်းတဖက်ကို “ရုပ်” တခြားတဖက်ကို “နာမ်” လို့ ရေးလိုက်ပါ။ အလယ် ဗဟိုလို့ ထင်တဲ့နေရာကို
အစက်တခုချမှတ်သားလိုက်ပါ။ အဲဒီဗဟို လို့သတ်မှတ်ထားတဲ့ အစက်ဟာ ထုတယ်ရှိနေတုန်းဘဲ။ ထပ်ခွဲလိုက်ပါ။
မျဥ်းပါးပါးလေးသာကျန်မှာပါ။ အဲဒီမျဥ်းဟာ ဂဲသြမထရီ သဘောတရားရ ထုမရှိရပါဘူး။ မြင်သာအောင်
အမှတ်အသားမျှသာ ဖြစ်ပါတယ်။ ကြားမရှိပါဘူး နှစ်ဘဘ်သာ ရှိပါတယ်။ လက်တွေ့နည်းအရပြောတာပါ။
အစွန်းအကြောင်းကိုလည်း
ဆက်ပြောြပချင်ပါတယ်။ သိသာတဲ့ ဥပမာ အနေနဲ့ ဗုဒ္ဓက နိဗ္ဗာန်ဆိုတဲ့ အမြင့်ဆုံး အစွန်း
ရောက်ဆုကို ဆုပန်တယ်။ လို့ ဆိုနိုင်တယ်။ သူက နတ်ပြည် အထပ်တွေကို ကျော်ပြီး ဆုပန်တယ်။
ဒီနေရာ ရည်မှန်းချက် က မြင့်ရမယ်။ ချန်ပီယံ ဖြစ်ရမယ် ဆိုတာ အစွန်းရာက်တာ မဟုတ်ဘူး။
လူတွေမှားနေတာက ရည်မှန်းချက်ကို အစွန်းရောက် မြင့်မြင့်ထားရမယ်။ ကျင့်စဥ်မှာသာ သဘာဝနဲ့
အခြေအနေနဲ့ လိုက်လျှောအောင်ကျင့်ရမယ် ဆိုချင်တာကို။ ရည်မှန်းချက်နဲ့ ကျင့်စဥ်ရောနေပြီး
အူကြောင်ကြားဖြစ်နေတတ်တာကို သတိထားစေချင်လို့ပါ။
ရုပ်ပစ္စည်း
တွေကို ဖျောက်ဖျက်လို့မရဘူး ဆိုတာရုပ်ဝါဒီတွေယုံကြတယ်။ ဖန်ဆင်းလို့လည်းမရဘူး။ ဆိုချင်တာက
ရုပ်ပစ္စည်းတွေက ပုံစံပြောင်းသွားတယ် ဥပမာ ရေက အငွေ့ဖြစ်သွားတယ်။မိုးရေဖြစ်သွားတယ်၊
ရေခဲဖြစ်သွားတယ်၊ ဆီးဖြစ် သွားတယ်။ မပျောက် သွားဘူး။ ဒါဟာ ရုပ်ဝါဒနဲ့ နာမ်ဝါဒ အကြားကြီးမားတဲ့
ကွာခြားချက်ကြီးဖြစ်တယ်။ ဖန်ဆင်းရှင်တွေနဲ့ ဆို ပိုအငြင်းပွါးရတတ်တယ်။ အဲဒီလိုဘဲ ရုပ်ပစ္စည်းတွေကို
လိမ်ညာလို့မရဘူး။
ရုပ်ပစ္စည်းတွေကို
ပြုပြင် ဖန်တီးလို့ရတယ်။ ဖန်ဆင်းလို့တော့မရဘူး။ စိတ်ထင်သလို အတိုးအလျှော့ လုပ်လို့အရဘူး။
ဒါကြောင့်ဘဲ ရုပ်ပစ္စည်းတွေကို စံအလေးချိန်တွေ၊ အတိုင်းအတာတွေ သတ်မှတ်ထားပြီး အငြင်းမပွါးရအောင်
လူတွေ ကျင့် သုံးကြရတာ။ ရုပ်ဝတ္တုရဲ့ သစ္စာတရားဘဲ။ ရုပ်ဟာစိတ်ကို ပြောင်းစေတာ ဥပမာတခုနဲ့
ပြောြပချင်တယ်။ သားလေးတ ယောက်ဟာ အရင်ကာလကပေါ့ ရုပ်ရှင်ကြိုက်လွန်းတော့ ရုပ်ရှင်ခ ခဏခဏ
သူမိဘက မပေးတော့ သူ့အဖေအိတ်ထဲက ပိုက်ဆံကို ခိုးခိုးပြီး ရုပ်ရှင်သွားကြည့်တာပေါ့။ အဖေလုပ်သူကလည်း
သတိမထားမိဘူး။ သူ့အလုပ်နဲ့ သူ ရှုပ်နေတာ ကိုး။ကာကြာလာတော့ သားဖြစ်သူက ပိုပိုခိုးလာတော့
တခါတော့ မိသွားတာပေါ့။ ရုပ်ပစ္စည်းက အကျင့်ကို ဖြစ်လာစေတာကို ပြောပြတာပါ။ ဒီးသားလေးခိုးနေတာကို
မမိဘူးဘဲ ထားပါဦီး။ သားက ဘယ်လိုတွေး လာလည်းဆိုတော့
ငါ့အဖေဟာ သူ့ပိုက် ဆံ ပျောက်လို့ ပျောက်မှန်း မသိတဲ့လူ၊ လူအ, လူတုံး လို့ ထင်လာတယ်။
အထင်သေးလာတယ်။ သူ့အဖေက တခြားကိစ္စတွေနဲ့ ဆိုဆုံးမတော့လည်း အလေးမထားဂရုမစိုက်တော့ဘူး။
သားနဲ့ အဖေရဲ့ ဆက်ဆံရေးက ပျက်ယွင်းလာပါတော့တယ်။ ရုပ်ပစ္စည်း က ပုံမှန်မဟုတ်ရင် စိတ်တွေပါဖေါက်ပြန်တတ်တာကို
ပြောြပချင်တာပါ။
တကယ်တော့
ရုပ်ပစ္စည်းတွေရဲ့ တန်ခိုးအာနိသင်က ထင်ထားတာထက်ပို ကြီးနေတတ်တာမို့ ရုပ်ပစ္စည်းတွေ
ပုံမှန်အတိုင်း မစီးဆင်းနေရင် တနေ့ မဟုတ်တနေ့ အမှန်တရားက ပေါ်လာမှာဘဲ။
ရှေးတုန်က
ချမ်းသာကြွယ်ဝတာကို သူ့ကံကြောင့်၊ သူ့ပါရမီကြောင့်၊သူ့ ဘုန်းကံကြောင့်၊ သူ့မျိုးရိုးကြောင့်လို့
ကျွန်တော်တို့ထင်ခဲ့ ကြတယ်။ အဖြေကိုရှာမတွေ့ဘဲ အရင်းရှင်ပါလီမံခေတ်အထိ ကျွန်တော်တို့
သံသရာလည် နေခဲ့ကြရ တယ်။ နောက်ပိုင်း အရင်းရှင်တွေ ဘယ်လို လုပ်သွေးစုတ်သလဲ ဆိုတာ မာက်စ်က
“အစွန်းထွက်တန်ဖိုး” ဖြစ်တယ် ဆိုတာကို ဖေါ်ထုတ်လိုက်တော့မှ အရင်က ဖုံးကွယ်ထားတဲ့ ကြီးပွါးချမ်းသာသူတို့ရဲ့ အထာကို သိလာကြရတော့တယ်။
ရုပ်ပစ္စည်း တွေဟာ ဖုံးကွယ်လို့ မရဘူး ဆိုတဲ့ သာဓကပါ။
ရုပ်ပစ္စည်းတွေကို
ဖုံးကွယ်လို့ရတယ်။ ဖျောက်ဖျက်လို့ရတယ်၊ ဖန်ဆင်းလို့ ရတယ်လို့ ယူဆသူဟာ လူသားတွေအပေါ်
ရာဇဝတ်မှုတွေ ကျူးလွန်ပြီး အန္တရာယ် ပေးဖို့ ဝန်လေးမှာ မဟုတ်တော့ပါဘူး။ ဒီတော့ ရုပ်ဝတ္တုရဲ့
ကိုယ်ကျင့်သစ္စာတရား ကလူသားတွေကို ဘေးကင်းစေပါလိမ့်မယ်။ ဒါကြောင့်ဘဲ ကွန်မြူနစ်ဝါဒကို
နားလည်လက်ခံကြသူတွေက အခြေခံအားဖြင့် ရိုးသား တတ်ကြတယ်။ လိမ်လည်ဖို့ ဝန်လေးကြတယ်။ သဘောတရားအရ
ပြောတာပါ။ အားလုံးတော့ ဖြစ်ချင်မှ ဖြစ်မယ်။ နားလည်မှု အဆင့်တွေ လည်း ခြားနားတတ်ကြတယ်။
ရှင်းပြစရာ
အချက် နှစ်ချက် ကျန်နေရစ်ခဲ့တယ်။ တော်လှန်ရေးလုပ်တဲ့ နေရာမှာ ဘာမှ မရှိတဲ့ အခြေအနေက
နေရှိ လာအောင် လုပ်ရတဲ့ အချိန် “မရှိရာက ရှိရာသို့” ဆိုတဲ့ ဆောင်ပုဒ်ကို အကောင်အထည်ဖေါ်ရပါတယ်။
ဒါက အထက်ကပြောခဲ့ သလို “ဖန်ဆင်း” ယူတာမဟုတ်ဘဲ “ဖန်တီး”ယူတာကို ဆိုလိုတာဖြစ်ပါတယ်။ နောက်တခုက
“ဖုံးကွယ်လို့ မရ “ ဆိုဟာ ရေရှည်မှာဖုံးကွယ်လို့ မရ ဆိုတာကို ဆိုလိုတာပါ။ ပျောက်ကြား
တိုက်ပွဲကာလမှာ ရန်သူကို ပုံးကွယ်ပြီး ခြုံခိုတိုက်ရတာ သဘာဝပါဘဲ။ တိုက်ပွဲဖြစ်တဲ့ အခါ
ပုံးခိုနေတာကို ဖေါ်ြပလိုက်ရတာပါဘဲ။
သဘောတရားနဲ့
လက်တွေ့ ကို ထိုးထွင်း သိရှိဖို့ လေ့လာရေးကို လည်း အလေးထားလုပ်ဖို့ လိုအပ်နေပြန်ပါတယ်။
ဆက်ရန်
-
ဦးအေးဆောင်
၂၉/၈/၂၀၂၀
သိထားသမျှ
ကွန်မြူနစ် အဘိဓမ္မာ (၃)
ဘာသာမရှိတဲ့
ဗကပ တယောက်ကို ရှေးရိုးစွဲ ခရစ်ယာန် တယောက် မေးတယ် - “ခင်ဗျားသေတော့ ဘယ်လို အသုဘ ချမလဲ။”
တဲ့ ဗကပကပြန်ပြောတယ် “ကျုပ်သေပြီဘဲ - ချချင်သလိုချပေါ့” တဲ့။ အဲဒါက နာမ်ယုံသူနဲ့ မယုံသူ
တွေ ကွာြခားချက်ဘဲ။ လူသေပေမဲ့ နာမ်ကရှိသေးတယ်။ ဆက်သွားရမှာဆိုတော့ လိုအပ်တဲ့ ရိက္ခာတွေ၊
ကောင်းကြီးတွေ ပါသွားမှ ဖြစ်မယ်လို့ နာမ်ယုံသူတွေက ထင်ကြတာကိုး။ ဒီအချက်ကြောင့်ဘဲ သူတို့တတွေ
တော်တော်ဒုက္ခဆင်းရဲခြင်းရောက်ရတယ်။ သရဏဂုံ မတင်လိုက်ရလို့ ဘဝကူးမကောင်းမှာ ရှင်ကျန်နေသူတွေက
ပူပန်သောက ရောက်ကြရတယ်။ သေတဲ့ လူက ဘာမှ မသိကြတော့ပါဘူး။ ဒီနေရာမှာဘဲ လုပ်စားဖို့ အကွက်တွေ
တော်တော်များများဖေါ်ဆောင်လုပ်စားနေတော့တာပါဘဲ။
တကယ်တော့
အသက်ဟာ တိုက်ဆိုင်မှုဖြစ်စဥ်မျှသာ ဖြစ်တယ်။ ကျွန်တော်ငယ်ငယ်က ဘကြီးကြာ ဆိုတဲ့ အဖိုးကြီး
တယောက်နဲ့ သိဘူးတယ်။ သူက အဖေနဲ့ တရားတွေဘာတွေလည်းလာ ဆွေးနွေးတော့ ကျွန်တော်လည်း သိချင်လွန်းတာနဲ့
“အသက်က ဘယ်မှာရှိလဲဗျ” လို့သူကိုမေးတော့ သူကဓါတ်ဆီ မီးခြစ်ကို ယူပြီး မေးတယ်။ “ဒီမှာ
မီးရှိလား” တဲ့ ကျွန်က မရှိဘူး။” လို့ဆိုတော့ သူက မီးခြစ်လိုက်တယ်။ မီးစာမီမှာ မီးတောက်နေတာပေါ့။
ဒီတော့ “မီးရှိပြီလား” တဲ့ “ရှိပြီ” လို့ ကျွန်တော်ပြန်ဖြေတော့ သူက “ဓါတ်ဆီရယ်၊ မီးစာရယ်၊
မီးခြစ်ကျောက်ရယ်၊ ခြစ်မည့်လက်ရယ် ရှိမှ မီးထွက်သလိုပေါ့။ အသက်ဓါတ်ကလည်း အကြောင်းတွေတိုက်ဆိုင်တော့
ပေါ်တာပေါ့ကွ။” လိုရှင်းပြရှာတယ်။
သူကမာက်စ်တွေ
ဘာတွေကြားဖူးမယ်မထင်ပါဘူး။ ကျွန်တော်လည်း သူပြောြပတဲ့ နာမ်ဆိုတဲ့ အသက်ဓါတ်ကို ခေါင်းမှာ
သံမှိုစွဲသလို စွဲနေမိတော့တယ်။ အခုတော့ သူပြောတဲ့ အရာတွေက ရုပ်တွေဖြစ်နေတာကို ပြန်တွေးမိပြီး
ကျေနပ် နေမိလိုက်တယ်။
ဒီတော့
“လူတွေသေရင်ဘယ်ရောက်မလဲ”ဆိုတဲ့ နာမ်ဝါဒီတွေ တွေးသလို နာမ်မရှိတော့ ဘယ်မှ မရောက်ဘူး။
မြေကြီးထဲဘဲ ရောက်မယ် ဆိုတာသိနေတယ်။ ဒီလိုဆို နောက်ဘဝမရှိတော့ ယခုလက်ရှိဘဝမှာ ကောင်းတာတွေ
ဆိုးတာ တွေ ဘာမှ တွေးစရာ မလိုဘူး ကြမ်းချင်ကြမ်း၊ရမ်းချင်တိုင်းရမ်းလို့ ရပြီ ဘာမှဖြစ်မှာမှ
မဟုတ်တာ ဆိုတဲ့ နာမ်ဆန်တဲ့ စိတ်ကူး ကပေါ်လာစရာရှိပါတယ်။
အထက်မှာ
ရုပ်ဝတ္တုဆိုတာ ဖျောက်ဖျက်မရ၊ဖန်ဆင်းမရ၊ ဖုံးကွယ်မရ ဆိုတဲ့ သစ္စာ တရားအတိုင်း ကောင်းမှု
မကောင်းမှုတို့ရဲ့တန်ပြန်အကျိုးသက်ရောက်မှုက ရှိနေမှာပါ။ ကိုယ်စိုက်သလို ရိတ်သိမ်းရမှာပေါ့။
ဥပမာ - ရွာရေတွင်းထဲကို သေးပေါက်ထည့်တယ် ဆိုပါစို့ - တခြားလူသိလို့ကတော့ ပေါက်တဲ့ လူ
ချောင်မယ်မထင်ဘူး။ အနည်းဆုံး တသက်လုံး နံမည်ဆိုးတော့ တွင်မယ်။ သူများမသိရင်လည်း သူကိုယ်တိုင်
သောက်ရရင် ဘယ်လို သဒီတော့မှာလဲ။ ဒါကြောင့်ဘဲ လူ့လောကမှာ ရှိတဲ့ လူတွေက လူသားတွေအတွက်
ကောင်းကျိုးပြုသူတွေကို တန်ဖိုးထားလေးစားကြသလို လူသားတွေ အပေါ် ဆင်းရဲဒုက္ခ ပေးသူတွေကို
အပြစ်တင်ရှုတ်ချ နေကြတာပါဘဲ။ ကောင်းတယ်မကောင်းဘူး ဆိုတာကလည်း လူသား တွေက လက်တွေ့ ရုပ်ဘဝအရ
အကျိုးရှိမှု အပေါ် ကြည့် ဆုံးဖြတ်ကြတာပါဘဲ။ လုပ်ရပ်ပေါ် တည်တော့ လုပ်ရပ်က ဖုံးကွယ်လို့
မရသလို တန်ပြန်သက်ရောက်အားရှိတာကို သိရင် ငရဲတို့ နိဗ္ဗာန်တို့ ဆိုတာရှိစရာ မလိုသလို
ဖြစ်လာမှာပါ။
သေသွားရင်
ကျန်ရစ်မှာက ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်ဘဲ။ စိုက်ပျိုးခဲ့ရင် နောက်လူတွေ စားရမယ်။ တည်ဆောက်ခဲ့ရင်
နောက်လူတွေသုံးရမယ်။ တည်ထွင်ခဲ့ရင် နောက်လူတွေ အသုံး၀င်မယ်။ လမ်းပြခဲ့ရင် နောက်လူတွေ
ဘေးကင်းမယ်။ အဲဒီ နောက်လူတွေက သူတို့ အကျိုးရရှိခံစားရ သလောက် အောက်မေ့ သတိရကြမှာဘဲ။
ဒါမှမဟုတ် လူတွေကို အနိုင်ကျင့် ဗိုလ်ကျ ရက်စက်ပြီး မူးယစ်သောက်စား ဘယ်သူမှ ဂရုမစိုက်တဲ့လူ သေရင် သူ့မိသားစုလောက်ကတောင် နုမျောဖို့
နေနေသာ စောစော သေအေးတာဘဲ။ ဆန်ကုန်မြေလေးလို့ ပြောမှာပါ။ တကယ်တော့ လူသေပြီး ရှင်ကျန်နေတာ
နာမ်ဝိဥာဥ် မဟုတ်ဘဲ ကျန်ရစ်သူ လူသားတွေအပေါ် သက်ရောက်တဲ့ သဘောထားဖြစ်တာကို သိထားသင့်ပါတယ်။
တခါက
ရှမ်းရွာမှာ ပုံပြင်တပုဒ်ကြားဖူးတယ်။ အဲဒီရွာမှာ “အိုက်တ” ဆိုတဲ့ လူရွယ်လေး တယာက်ရှိတယ်
တဲ့။ သူက စိတ်မမှန်ဘူး။ ဒါပေမဲ့ သူကနေ့တိုင်း ရွာကနေ ရေခတ်သွားတဲ့လမ်းကို တံပျက်စည်း
လှည်းလေ့ရှိတယ်တဲ့။ ဒါကြောင့် ရွာသူရွာ သားတွေက ရေခတ်လမ်းမှာ ကောင်းကောင်းမွန်မွန်သွားလာနိုင်ကြတာပေါ့။
တနေ့တော့ အိုက်တ က သေဆုံး သွားသတဲ့။ ကြာတော့ အရင်က သန့်ရှင်းတဲ့ ရေခတ်လမ်းလေးလည်း အမှိုက်တွေနဲ့
ရှုပ်လာတော့တာပေါ့၊ ရွာသူရွာသားတွေက “အိုက်တ”သာရှိခဲ့ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး ဆိုပြီး
“အိုက်တ” ကိုသတိရ တမ်းတကြသတဲ့။ သူ့အတိုင်အတာအလိုက် သူများ အကျိုးပြုခဲ့ သူပေါ့။
တကယ်တော့
ရှင်သန်ကျန်ရစ်တာက သေဆုံးသူရဲ့ လုပ်ရပ်ရလာဒ်များသာဖြစ်ပါတယ်။ နာမ်မဟုတ်ပါ။ လူသား အကျိုး
များများပြုလေ အမှတ်ရသူတွေပိုများလေဖြစ်မှာပါဘဲ။ ကိုယ်ခန္ဓာ က ပုတ်သိုးဆွေးမြေ့သွားမှာဘဲ။
ကမ္ဘာ့ ထဲက သံသရာလည်ခြင်း ဖြစ်စဥ်ထဲ ရောက်သွားမှာဘဲ။ ဘုရားအပါအဝင်အားလုံးသောလူသား တွေ
ဒီအတိုင်းဖြစ်ခဲ့ကြတာပါဘဲ။
ဒီနေရာမှာ
“သံသရာ” ဆိုတဲ့ စကားလုံးပါလာလို့ ကျွန်တော်တို့ နားလည်ထားတဲ့ သံသရာနဲ့ ရုပ်ဝါဒ သံသရာ
အကြောင်းကို နှိုင်း ပြချင်တယ်။ သံသရာဆိုတာက ကရွတ်ကင်းလျှောက်သလို လည်နေတာလို့ ငယ်စဥ်ကထည်းက
သိနေကြတယ်။ ထွက်ပေါက် လည်း မရှိဘူးလို့သိထားခဲ့တယ်။ ဒါကနာမ်ဝါဒရဲ့ သံသရာပေါ့။ ရုပ်ဝါဒနဲ့
သံသရာက လည်သ လိုရှိပေမဲ့ သူက ကြောင်လိမ်လှေခါးလို တဖြေးဖြေးချင်းတက်သွားတယ်တဲ့။ ဆိုပါစို့
လှည်းခေတ်၊ ကားခေတ်၊ လေယာဥ်ပျံ ခေတ်ကိုကြည့်ပါ။ လူ့သမိုင်းက ရှေ့ တဆင့်ချင်း တက်သွားတာကို
သတိရနိုင်ပါတယ်။ လူသားတွေရဲ့ အသိ အမြင် တီထွင်ကြံဆမှုတွေက
လူသားတွေ ဘဝကို သာ၍သာ၍ အဆင်ပြေအောင်လုပ်ပေးလာကြတာကို အလေးအနက် ထားရ ပါမယ်။ ပိုမိုအဆင်ပြေမည့်ဘဝကို
ဆက်လက်ရှာဖွေ စူးစမ်းတုန်းပါဘဲ။ ပိုကောင်းတဲ့ ယန္ဒယားတွေ၊ ဆက်ဆံရေးတွေ၊ စံနစ်တွေ ကိုတန်ဖိုးထား
လုပ်ဆောင်ကြတယ်။ လောကလူသားတွေ အပေါ် စာနာထောက်ထားမှု မရှိရင်တော့ ဒီအလုပ် တွေကို အားထုတ်ဖို့
စိတ်ကူးတောင်ပေါ်လာစရာမရှိတော့ဘူး။ ဒါကြောင့်ဘဲ လောကကောင်းကျိုးကို သယ်ပိုးကြဖို့ ကွန်မြူ
နစ်တွေက တိုက်တွန်းကြတာပါ။ ဒါကြောင့်လည်း သူတို့ လောကီအကျိုး ကျားကုတ်ကျားခဲ လုပ်ဆောင်တတ်ကြတာပါ။
လောကုတ္တရာ မှ မရှိတာ။
ဆက်ရန်
-
ဦးအေးဆောင်
၃၁/၈/၂၀၂၀။
သိထားသမျှ
ကွန်မြူနစ်အဘိဓမ္မာ (၄)
စာရေးဆရာကြီးတယောက်စာပေ
ဟောပြောပွဲလုပ်တာကို ကြည့်မိတယ်။ သူက ငယ်ငယ်က ချို့တဲ့ ခဲ့တော့ ဆယ် တန်း ကို မတက်နိုင်ခဲ့ရှာဘူး။
ယောင်နေခဲ့တယ်။ နောက်တော့ ဆရာကြီး ပီမိုးနင်းစာတွေ ဖတ်မိတော့ စိတ်အားတက်လာပြီး ဆယ်တန်းကို
နှစ်ချင်း ပေါက်အောင်သွားတယ်တဲ့။ သူကပြောတယ် စိတ်က အဓိပတိကျတယ်တဲ့။ ကျွန်တော်မသိလိုက်တာက
ပီမိုးနင်းစာတွေက သူ့စိတ်ကို ပြောင်းစေလိုက်တာပါ။ ပီမိုးနင်းစာက ပထမ သူ့စိတ်ကဒုတိယပေါ့။
သူကတော့ စိတ်ဝါဒသမား ဖြစ်မယ်ထင်တယ်။
ဒီဖြစ်စဥ်မှာ
စိတ်ကို ရုပ်ကပြောင်းလဲပေးနိုင်တယ် ဆိုတဲ့ သာဓကဖြစ်ပါတယ်။ ကျွန်တော်တို့လည်း ကိုယ်ဘာ
ဖြစ်နေသလဲ ဆိုတာ ကိုသိရင်၊ အကြောင်းတွေကလည်း ရုပ်ကြောင့် ဆိုတာသိရင်၊ အဲဒီအကြောင်းရင်း
ပယ်ဖျက် ဒါမှမဟုတ်ဖြည့်ဆည်းလိုက်ရင် အကျိုးရလာဒ်ကို ရလာမှဘဲ။ ပြဿနာဖြစ်နေတတ်တာက “အချစ်ဆိုသည့်အရာ
ကိုယ်တွင်းနာက ကုရာနတ္ထိဆေးမရှိ” လို့ ထင်နေကြ တာများပါတယ်။ ဒီနေရာမှာတော့ ဗုဒ္ဓရဲ့
ညီတော် အာနန္ဒာ ချွတ်ခန်းကို ညွှန်းရတော့မယ် ထင်ပါတယ်။ အိုက်ပက် မက်နေသူကို ၅ ဂျီနဲ့
ကုရသလိုပေါ့။
ညီတယောက်ရှိတယ်။
သူကဆယ်တန်းကျောင်းသား။ သူ့နဲ့မြင်တွေ့ဖူးတဲ့ ရိုးမတောင်ပေါ်က သင်တိုင်းဝတ် ကရင်မလေးက
သူ့ကိုကြိုက်တယ်။ ကရင် မလေးက သူ့သဘာဝအတိုင်း ကွမ်းတွေစား မဖီးမလိမ်းတတ်ရှာဘူးပေါ့။
စာတွေဘာတွေလည်းဘယ်တတ်မှာလဲ။ ညီတော်မောင်က ဘယ်ကြိုက်မှာလဲ။ သူ့မှာလည်း ဆယ်တန်းလောက်
လူတန်းစား အမြင်ကရှိနေပြီဆိုတော့ ။ ဆိုချင်တာကိ အချစ်မှာလည်း လူတန်းစားရှိတယ်၊ လူတန်းစားမျက်စိရှိတယ်
ဆိုတာကို ပြောချင်လို့ပါ။ လွှမ်းမိုးရဲ “ကိုပေါ”
သီချင်းလည်း ဒီလိုပါဘဲ။ အချစ်ဟာလည်း အတန်းအစား အမြင်အောက်က သွားပါတယ်။ တကယ့် ဘဝမှာ
ဘုရင့်သမီးနား ကပ်ဖို့ တောင်မလွယ်ပါ။ ဒဏ္ဏာရီ ပုံပြင်တွေက မကျေမ ချမ်းဖြစ်ရာက ပေါ်လာတာြဖစ်နိုင်ပါတယ်။
ကျွန်တော်တို့
ဝမ်းနည်းမှု၊ ဝမ်းသာမှု၊ ချစ်မှု၊မုန်းမှုတွေဟာ ရုပ်ပစ္စည်း လိုအပ်မှု၊ ပိုလျှံမှု၊
ပျက်ဆီးမှု၊ မထိန်းနိုင် လောက်အောင် တိုးပွါးမှုတွေ ကြောင့် သာြဖစ်မှာဆိုတော့ အဲဒီကိစ္စတွေဟာ
ဖြည့်ဆည်းကုသလို့ရတယ်ဆိုတာကို သိထားပြီး ကိုင်တွယ်ဖြေရှင်းကြရမှာဘဲ။ နာမ်ဝါဒလို ဖြေရှင်းလို့
မရ နိုင်တော့ဘူး ဆိုတာမရှိဘူး။ အခုမဖြေရှင်းနိုင်ရင်လည်း အနာ ဂါတ်မှာ ဖြေရှင်းနိုင်အောင်
ဆက်လုပ်နေမှာဘဲ ။ ဒါဟာလူသားတွေရဲ့ ဖြစ်ပေါ်တိုးတက်လာမှု ရဲ့ ဗီဇ စွမ်းပ ကားဖြစ် ပါတယ်။
“သမိုင်းရေး
ရုပ်ဝါဒ”ကို လေ့လာကြည့်ရင် လူတွေရဲ့ ဘဝအခြေအနေအရမနေမနားကျိုးပမ်းအားထုတ်မှုတွေကြောင့်
စကားတွေ၊ စာတွေ၊ စက်ယန္ဒ ယားတွေ၊ လက်နက်တွေ၊ အစားအစာတွေ အသစ်အသစ်ထွက်ပေါ်နေတာကို သိနိုင်ပါတယ်။
ခေတ်တွေ၊ခေတ် တွေက လည်း ပြောင်းလဲ လာရတယ်။ လူ့သမိုင်းဟာ တိုးတက်နေတယ်။ ကျောက်ခေတ်၊ကျေးပိုင်ကျွန်ပိုင်ခေတ်၊
အရင်းရှင်ခေတ် နောက် ကွန်မြူနစ်ခေတ်ကို ရောက်မယ်လို့ သမိုင်းရေး ရုပ်ဝါဒသမားတွေက ခန့်မှန်းတွက်ထားကြတယ်။
ဒီခေတ်တွေက ရထားဘူတာတွေကို ဖြတ်ရသလို တခုပြီးခုကျော် သွားကြတာတော့ မဟုတ်ဘူး။ တခါတရံမှာ
ခေတ်နောက်ပြန်ဆွဲသူတွေလည်း ပေါ်တတ်တယ်။ တရုတ်ပြည်မှာ ဒေါက်တာဆွန်ယက်ဆင်က သမတနိုင်ငံထူထောင်ဖို့
ကျိုးပမ်းနေချိန်မှာ ယွန်ရှီကိုင်ဆိုတဲ့ စစ်ဘုရင်ကလည်း ဧကရာဇ်ဘွဲ့ခံဖို့ လုပ်နေခဲ့
တာဘဲ။ ဒါပေမဲ့ တရုပ်ပြည်မှာ အခုဘုရင်စံနစ် မရှိတော့ပါဘူး။ ဘုရင်တွေ ပေါ်ရင်ပေါ်လာမှာပေါ့
လို့ ဆိုချင်ဆိုလိမ့်မယ် ပေါ်လာလျှင်လည်း ကြာကြာခံစရာမရှိတော့ဘူး။ ဘာကြောင်လဲဆိုတော့
လူတွေက တဦ်းတည်းအုပ်ချုပ်တာထက် စုပေါင်းအများ အုပ်ချုပ်ရေး စံနစ်က လူများစုရဲ့ သဘောထားထားနဲ့
နီးစပ်နိုင်တယ် လို့ မြင်လာကြလို့ဘဲ။
လူ့သမိုင်းဟာ
လူတယောက်ရဲ့ ဘဝမဟုတ်တာကိုလည်း အလေးအနက်ပြုစေချင်ပါတယ်။ လူသမိုင်း တဆင့်တက်ဖို့ လူတွေ
မျိုးဆက်နဲ့ ချီ ကျိုးပမ်းလာရတာတွေရှိပါတယ်။ သေကျေသူတွေလည်း မနည်းပါဘဲ။ သူတို့နံမည်
အများစုကို ကျွန်တော်တို့ မသိနိုင်ပေမဲ့ သူတို့ အချိန်မှာသူတို့ ရုန်းကန် လှုပ်ရှားခဲ့
စိုက်ပျိုးခဲ့ တီထွင်ခဲ့ ကြလို့သာ ကျွန်တော်တို့ အတွက် များစွာ အထောက်အကူပြုနေတာကို
အနည်းငယ် စဥ်စားယုံနဲ့ သိနိုင်ပါတယ်။ ဆိုလိုတာက ရှေ့ဦး လမ်းဖေါက်သူတွေရဲ့ အနစ်နာခံမှုတွေဟာ
အလကား အချီးနှီး မဖြစ်ခဲ့ ဘူးဆိုတာကို သတိရ ဂုဏ်ပြု စေချင်လို့ပါ။ လူဘဝသက်တမ်းကတော့
သူတို့ အခြေအနေအတိုင်း နေခဲ့ကြရမှာပေါ့။ အတိုအ ရှည်ထက် အများအတွက် လူသားတွေအတွက် အကျိုးရှိ
စေခြင်းငှါ ရည်ရွယ်လျှင် လူတွေကြားမှာ တန်ဖိုးရှိနေမှာပါဘဲ။
လူ့သမိုင်းရဲ့
ဖြစ်ပေါ်တိုးတက်မှုကို မြင်မှသာလျှင် လူ့ကောင်းကျိုးကို သည်ပိုးလိုစိတ်ရှိမှာပါ။ အရာရာက
အပျက်ချည့်ဘဲ မြင်နေလျှင် လောကကောင်းကျိုး ဆောင်ရွက်လိုစိတ်ရှိဖို့ခက်ပါတယ်။ အကောင်းမြင်ဝါဒစိုက်ထူဖို့က
လူ့သမိုင်ရဲ့ တိုးတက်ပြောင်းလဲမှုကို မြင်ထားရ ပါလိမ့်မယ်။လူတယောက်အကြောင်း မဟုတ်ပါဘူး။
လူသမိုင်းဟာ တိုးတက်ပြောင်းလဲ နေတယ်ဆိုတာကို မြင်မှသာ အကောင်း မြင်ဝါဒ စိုက်ထူနိုင်မှာဖြစ်ပါတယ်။
ယခင်က “အကြားအမြင်ပေါက်တယ်” ဆိုတာ အခုလို အိုင်ပက်ခေတ်မှာ
ဘာမှ မဆန်းတော့ပါဘူး။ ဒါပေမဲ့ သတိရဖို့က အဲဒီအိုင်ပက် ထွင်တဲ့ လူတွေဟာ လောကကို အဆိုးမြင်သူတွေ မဟုတ်ကြတာကို ပါ။ လေယာဥ်ပျံ
ထွင်သူတွေ လိုပေါ့။ ကျွန်တော်တို့ တတွေ လောကကို ချစ်ပြီး လူသားကောင်းကျိုး သယ်ဆောင်သင့်ပါတယ်။
“ဘာထူးမှာလဲ သေမှာပါဘဲ” လို့ တွေးပြီး ဘာမှ မလုပ်သူတွေဟာ သေချာပါတယ် ဘာမှထူးစရာမရှိပါဘူး။
လူ့သမိုင်းက လူတယောက်ရဲ့လုပ်ရပ်နဲ့ ပတ်သက်နေပေမဲ့ လူ့သမိုင်းက သူဘာသာရှေ့တိုး ဆက်တက်သွားမှပါ။
အနုမြူစစ်ဖြစ်လို့
ကမ္ဘာပျက်ဦးတော့ လူသားတွေက မီးကို ကျောက်တုံးပွတ်ပြီး မမွှေးတော့ဘဲ အနည်းဆုံး မှန်ဘီလူးနဲ့
မီးမွှေးမှာဘဲ။ လူ့သမိုင်းကို အကောင်းမြင်ဝါဒနဲ့ ကြည့်မြင်နိုင်ဖို့၊ လူသားတွေအကျိုးဆောင်ဖို့
အင်မတန်ရေးကြီးပါတယ်။ မအောင်မမြင်နဲ့ ကျဆုံးခဲ့ရတဲ့ သူတွေ ဟာလည်း နောင်တိုက်ပွဲဝင်သူတွေအတွက်
လှေးခါးထစ်တွေဖြစ်တယ်ဆိုတာကို လည်း သတိတရရှိဖို့ လိုပါလိမ့်မယ်။
လူသမိုင်းဟာ
ရှေ့ကိုအမြဲသွားနေတယ်။ တာဆီးပိတ်ဆို့လို့မရဘူး။ ပိတ်ဆို့တာဆီးသူတွေသာ သမိုင်းလှည်းဘီး
အကြိတ်ခံရမှာ ဖြစ်တယ်။ ဒါကြောင့်ဘဲ လူ့သမိုင်းထဲက လူတန်းစားတိုက်ပွဲတွေ၊ နည်းပညာတွေ၊
ကုန်ပစ္စည်းအသစ်တွေ ကိုအမြဲလေ့လာပြီး လူသားတွေရဲ့ အနာဂါတ်မှာ ဖြစ်ပေါ် လာနိုင်ဖွယ်ရှိ
လူတန်းစား ပဋိပက္ခတွေကို တွက်ဆခန့်မှန်း လုပ်ဆောင်ကြရမှာပါ။
ဆက်ရန်
-
ဦးအေးဆောင်
၁၇/၉/၂၀၂၀။
သိထားသမျှ
ကွန်မြူနစ် အဘိဓမ္မာ (၅)
လူ့အဖွဲ့အစည်း၊ကမ္ဘာကြီးကို
ရှုပ်ထွေးပွေလီ လှတယ်၊ အသိရခက်တယ်လို့ အရင်က ထင်နေခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ နတ်ဘုရားတွေ၊
စုံးကဝေတွေ၊တစ္ဆေတွေ၊ ကံတရားတွေ၊ ပါရမီတွေ၊
ရိုးရာတွေ၊ အစဥ်အလာတွေကို လက်ခံထားပြီး စဥ်းစား နေခဲ့ လို့ပါ။ ဒီလိုအသိတွေရှိနေခဲ့ရတာလည်း
ပတ်ဝန်းကျင်က သင်ပေးထားခဲ့လို့ပါဘဲ။ ဥက္ကဌမော်က “လူတွေရဲ့အသိဟာ သူကျင်လည်ရာ ပတ်ဝန်း
ကျင်က ရတယ်။” လို့ ဆိုတယ်။ ဟုတ်တယ်လေ ကျွန်တော့ ပတ်ဝန်းကျင်က ကွန်မြူနစ်လူ့အဖွဲ့အစည်း
မဟုတ်တော့ နာမ်ဝါဒတွေ ကကြီးစိုးပြီးသား ဒီတော့သူတို့
ပြောဆိုလှုပ်ရှား ကျင့်သုံးတာကိုဘဲ သိမြင်ခဲ့တာကိုး။ အမြင်ဟောင်းအတိုင်းဘဲ လိုက်မြင်ခဲ့
ရတာပေါ့။ အခု တော့ ကွန်မြူနစ်လောက အမြင်ကို ထိတွေမိလာလို့ အမြင်သစ် တွေနဲ့ လောကကို
သရုပ်ခွဲကြည့်တတ်လာတာပါဘဲ။
တကယ်တော့
ကျွန်တော်တို့ကမ္ဘာမှာ ဖြစ်ပျက်နေတာတွေက သိပ်ရှုပ်ထွေးလှတယ်လို့ မထင်တော့ပါဘူး။ လူလောကကြီးက
ကုန် ထုတ်လုပ်ရေး ဖြစ်စဥ်ကြီး တခုသာဖြစ်တယ်တဲ့။ ဆိုလိုတာက လူတွေဟာ သူတို့ အသက်ရှင်သန်ဖို့
ကုန်ပစ္စည်း တခုခုကို ထုတ်လုပ်ရတယ်၊ ဒါမှ သူ့အတွက် လိုအပ်တဲ့အရာကိုလဲလှည်ယူရတာပေါ့။
ဥပမာ စပါးရှိရင် တခြားအရာနဲ့ လဲလို့ရသလိုပေါ့။ ကျောင်းဆရာတို့ အဆိုတော် တို့ကတော့ သွယ်ဝိုက်တဲ့နည်းနဲ့
လူထုကို အကျိုးပြုရင်း ဝမ်းစာရှာသူတွေပေါ့။ ဆိုလိုတာက လူတွေဟာ လူလောကရဲ့ ကုန်ထုတ်ရေး
ဖြစ်စဥ်ကြီးမှာ တဒေါင့်တနေရာကနေပါဝင်နေကြရ တာချည့်ပါဘဲ။ ဘိန်းစားဆိုသူတွေတောင် နားကော်တာ၊နှိပ်နယ်တာ
လုပ်ကြရ တာ ပါဘဲ။ လူတွေအတွက် အသုံးဝင်နေသ၍တော့ သူတို့ရှင်သန်နေကြမှာပါဘဲ။ သူတို့ကိုပေးကမ်းကြမှာဘဲ။
အဲဒီကုန်ထုတ်ရေးဖြစ်စဥ်မှာ
အပိုင်းကြီးနှစ်ပိုင်းရှိတယ်။ ကုန်ထုတ်လုပ်ရေးနဲ့ ကုန်လုပ်ဆက်ဆံရေး ဆိုတာရှိ တယ်တဲ့။
ဒါကို ရှင်းအောင်ဆိုရင် ထုတ်လုပ်သူနဲ့ စီမံခန့်ခွဲသူပေါ့။ ထုတ်လုပ်သူကပစ္စည်း တခုကို
ကုန်ကြမ်းကနေ ကုန်ချော နောက်ဆုံးထုတ်ပိုးတဲ့ အထိလုပ် ရသူ၊ စီမံခန့်ခွဲသူက အဲဒီကုန်တွေကို သုံးမည့်သူလက်ထဲ ရောက်အောင် လုပ်ရသူပေါ့။ဒါလည်းသိပ်ရှုပ်နေသေးရင်အုပ်ချုပ်
ခံ နဲ့ အုပ်ချုပ် သူလို့ဘဲ မှတ်လိုက်ပေတော့။
အဲဒီအုပ်ချုပ်သူတွေလုပ်ရပ်နဲ့
အုပ်ချုပ်ခံတွေ လုပ်ရပ်အဆင်ပြေစည်းဝါးကိုက်နေရင်တော့ ကုန်ထုတ်ဖြစ်စဥ်က ချောမွေ့ပြီး
တိုင်းပြည် သယာဝပြော သလို၊ သူတို့ စည်းဝါးမကိုက်
တဖက်ဖက်က ချို့ယွင်းနေရင်တော့ကုန်ထုတ် လုပ်ငန်း အဆင်မပြေတော့ဘဲ တိုင်းပြည် ကမောက်ကမဖြစ်
ပြဿနာပေါ်တတ်တယ်တဲ့။ နေကြပ်လို့၊ လကြပ်လို့ နိမိတ်တို့ အတိတ် တဘောင်တွေကြောင့် မဟုတ်ဘူး။
မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြဿနာက အုပ်ချုပ်သူတွေက အုပ်ချုပ်ခံတွေရဲ့ လိုအပ်ချက်ကို ခေတ်နဲ့အညီ
မဖြည့်ဆည်းနိုင်ဘဲ နင်းကန်ဖိနှိပ်နေလို့ တိုင်းပြည် နွံနစ် ဂျောက်ကျနေရတာ။
အဘိဓမ္မာခန်းကို
ဆက်ရရင် လူသားတွေဟာ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံ ဆိုတဲ့ အထဲက တခုခုသာဖြစ်တယ်။ ဒီနေရာမှာ
အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံဆိုတာ ကို ထပ်ရှင်းပြချင်ပါတယ်။ အုပ်ချုပ်သူဆိုတာ ဆယ်အိမ်ခေါင်းကနေ၊
ဘုရင်အထိပါတယ်လို့ ယေဘုယျ ထင်စရာရှိပါတယ်။ ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမဲ့ သူတို့မှာ အဆင့်ဆင့်
အုပ်ချုပ်သူတွေ ရှိတော့ အမြင့်ဆုံး ဘုရင်တို့ ၊သမတတို့က အုပ်ချုပ်သူတွေ ၊အမိန့်ပေး
သူတွေလို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ သူတို့ ဘယ်လို အမိန့်ကိုပေးရမယ်၊ ဘယ် ဥပဒေကို ပြဌာန်းရမယ်ဆိုတာကို
လမ်းကြောင်းပေးတာတို့၊ အချက်ပြပေးတဲ့ လူအုပ်တစုကရှိနေပြီးသား သူတို့ဟာ မြေရှင်ကြီးတွေ၊
ဘဏ်သူဌေးတွေ၊ သာသနာပိုင်တွေ၊ စစ်ဗိုလ်ချုပ်ကြီးတွေ၊ ဗြူရို ကရက် အရာရှိကြီးတွေ ဖြစ်ကြတယ်။
သူတို့က သူတို့နဲ့ အဆင်ပြေမည့် သမတတို့၊ ဘုရင်တို့၊ အနိမ့်ဆုံး ဆယ်အိမ်ခေါင်းလောက်ကိုတောင်
ဥပါယ် တမြည်နဲ့ရွေးချယ်ပေးတတ်ကြတယ်။ ဒါဟာ သူတို့ စံနစ်ကို ကာကွယ်ထိန်းသိမ်းနေကြတာပါဘဲ။
ဒါပေမဲ့ တခါတလေ ကံမကောင်း အကြောင်းမလှလို့ သူတို့ကို ဂလန်ဂဆန်လုပ်မည့်ဘုရင်တို့၊ သမတတို့၊
ခေါင်းဆောင်တို့ ပေါ်လာရင် အဲဒီစံနစ်ဟောင်း ဂိုဏ်သားတွေက နည်းမျိုးစုံနဲ့ ဖြို ချရှင်းလင်းပစ်တတ်ကြတယ်။
အမေရိကန်က သမတ လင်ကွန်းတို့၊ ဂျွန် အက်ဖ်ကနေဒီတို့ ဖြစ်စဥ်ကို ကြည့်ပေါ့။ သခင်အောင်ဆန်းကို
ဖယ်ပြီး သခင်နုကို တင်တာကြည့်ပေါ့။ ဒီတော့ ဘုရင်တို့ သမတတို့ ဆိုတာ အုပ်ချုပ်သူပုံသဏ္တန်
ရှိပေမဲ့ သူတို့လည်း ရှိပြီးသား အရိုးစွဲနေတဲ့
စံနစ်ရဲ့ သားကောင် ရုပ်သေးမျှ သာဖြစ်နေတတ်ကြတယ်။
ဒါဆိုနည်းနည်းရှုပ်စရာရှိတယ်။
အုပ်ချုပ်သူကဘယ်သူလဲ။ ရှင်းပါတယ် အဲဒီဘုရင်တို့ သမတတို့ ကို လူတန်း စားအရ ထိန်းချုပ်ထား တဲ့ လူတစု လူတန်းစားပေါ့။ သူတို့ဟာသူတို့ရဲ့
အရင်း၊ဓန စည်းဇိမ်ကို ကာကွယ်စောင့်ရှောက် နေတဲ့ အရင်းရှင် လူတန်းစား ထိပ်ပိုင်းတစုပေါ့။
ဒါကြောင့်ဘဲ ကွန်မြူနစ်တွေက လူတန်းစားတိုက်ပွဲ ကိုဆင်နွဲကြဖို့၊ စံနစ်ကိုပြောင်းလဲဖို့
၊ ခေါင်းဆောင်အပြောင်း အလဲ လောက် ၊နေရာ အစိပ်အပိုင်းလောက်ကို စိတ်မဝင်စားကြတာပါ။ လူတန်းစားတိုက်ပွဲကိုသာ
ဦးတည်လုပ်ဆောင်နေကြတာပါ။
လူတန်းစားတိုက်ပွဲဆိုတော့
စာဖတ်သူတို့ မျက်လုံးပြူးလာမလား၊ လန့်သွားမလားတော့ မသိဘူး။ အနှစ်သာရအရ လူတန်းစား တိုက်ပွဲကို
သိသာစေချင်လို့ ရှင်းပြတာပါ။ တော်လှန်ရေးစစ်စစ်ဟာ ဖိနှိပ်တဲ့ လူတန်းစားကို တိုက်ဖျက်ဖြိုချ
ပြီး ဖိနှိပ်ခံလူတန်းစားနဲ့ အစားထိုးအုပ်ချုပ်တဲ့ ဖြစ်စဥ်ပါ။ ဒီအမြင်ကို လက်မခံ မကျင့်သုံးရင်
လူတွေဟာ အရင်းရှင်စံနစ်သံသရာမှာ လည်ပြီးလည်နေပါလိမ့်မယ်။ ဖိနှိပ်အုပ်ချုပ်သူတွေက ဆက်ဖိနှိပ်၊
အဖိနှိပ်ခံတွေက သွေးစုတ်ခံ အမြတ်ထုတ်ခံရင်း ဘဝတွေ ကျေပြုန်းနေကြရမှာပါ။
တကယ်တော့
အုပ်ချုပ်နေတယ်ဆိုတဲ့ သူတွေဟာ ကမ္ဘာ့ လူဦးရေအရ အလွန်နည်းပါတယ်။ငါးသောင်းတောင် ပြည့်မယ်
မထင် ပါဘူး။ ကမ္ဘာ့ လူဦးရေက သန်း ၇၀၀၀။ မြန်မာပြည်မှာ လက်မဲတွေ လက်ဖြူတွေကို ထည့်တွက်
ရင် အယောက် ၅၀ ထက်မပိုပါဘူး။ လူဦးရေ ၅၄ သန်း။ ဒီတော့ အဖိနှိပ်ခံ အုပ်ချုပ်ခံတွေက အများတကာ့
အများစုကြီးပါ။ တက်နင်းရဲမယ်ဆိုရင် ဖိနှိပ်သူတွေကို အမှုန့်ကြိတ်လို့ရတယ်။ “တက်နင်းရဲမလား”
ဆိုတဲ့ မေးခွန်းကိုတော့ အသေအချာ စီစစ်ဖို့လိုလာတော့တယ်။
ဖိနှိပ်ခံတွေဟာ
လူဦးရေများမှန်း ဖိနှိပ်သူတွေက သိပါတယ်။ သတ်လို့လည်းကုန်မှာမဟုတ်တော့ သွေးခွဲတဲ့နည်းကိုဘဲ
သုံးပါတော့ တယ်။ အခုရည်ညွှန်းချက်က မြန်မာပြည်အတွက် သက်သက်သာမဟုတ်ဘဲ တကမ္ဘာလုံးကို
ခြုံပြောတာပါ။ လူမျိုးရေး၊ ဘာသာရေး၊ နယ်နိမိတ်၊ အဆင့်အတန်း၊ ချမ်းသာဆင်းရဲ၊ဂိုဏ်းဂဏ
စတာတွေနဲ့ ခွဲပြီးရင်းခွဲထားကြတယ်။ မှတ်ပုံတင်အရောင်ကအစ ခွဲကြတယ်။ အဖိနှိပ်ခံတွေဟာ
သံကြိုးနဲ့ အထပ်ထပ် ရစ်ပတ်ချည်နှောင်ခံထားရသလိုပါဘဲ။ ဒီချည်ထားတဲ့ ကြိုးတွေကို ဖြတ်တောက်ဖို့လိုတယ်ဆိုတာကို
အရင်သိဖို့ တော့လိုမယ်။ ဒါမှ မဟုတ်ရင် ဖိနှိပ်သူတွေဟာ အဖိနှိပ်ခံ အချင်းချင်း အိုးမဲသုတ်
ခွတ်ခိုင်းခံနေကြလိမ့်ဦးမယ်။ ဒါကိုကျော် လွှားဖို့က အဖိနှိပ်ခံစိတ်ဓါတ်နဲ့ နိုင်ငံတကာဝါဒ
ကို နားလည်လက်ခံထားဖို့လိုလာတော့တယ်။ ခေတ်ဟောင်းအတွေးအခေါ်နဲ့ ခေတ်သစ် အတွေးအခေါ် တိုက်ပွဲကို
သိမြင်ကြရတော့မယ်။ မျိုးချစ်စိတ်လောက်၊ ဘာသာစွဲလောက် ၊ ဖျံကျဖို့လောက်နဲ့တော့ မရဘူး။
အများတ ကာ့အများစု ဖိနှိပ်ခံ ပြည်သူတွေ အတွက် ရည်မှန်း လုပ်ဆောင်ရမယ်။
ကွန်မြူနစ်တွေ
ရည်မှန်းတဲ့ “ဘုံ” လောက က ဖြစ်နိုင်စရာရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူ့သမိုင်းကို
ကြည့်ရင် ကျောက်ဂူအောင်းနေထိုင်ရာကနေ ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေ ပေါ်လာပြီးတဲ့နောက်
လူလူချင်း ခိုင်းတဲ့ ကျေးကျွန်စံနစ်ဟာ ရက်စက်ရာ ကျလွန်းတယ်၊ ဖိနှိပ်လွန်းတယ် ဆိုတော့
ပုန်ကန်ဆန့်ကျင်မှုတွေ ကြောင့် ကျေးကျွန် စံနစ်ကနေ သွယ်ဝိုက်သွေးစုတ်တဲ့ မြေရှင်ပဒေ
သရာဇ်ခေတ်ကို ရောက်ရတယ်။ နောက် ငွေကြေးတွေပေါ်လာတော့ မြေနဲ့ ထိန်းချုပ် အမြတ်ထုတ်ရာကနေ
ပိုပြီး သွယ်ဝိုက်ထိန်းချုပ်တဲ့ ငွေကြေး စံနစ်
၊အရင်းရှင် ဖြစ်ပေါ် လာသလို၊ ဒီအရင်းရှင်ခေတ်ကလည်း အထက်ကပြောခဲ့သလို အထက်(အုပ်ချုပ်သူ)
အောက် ( အုပ်အုပ်ခံ ) ကွာဟချက်တွေ ကြီးထွားလာလို့
မကျေနပ်မှုတွေ၊ ဆန့်ကျင်မှုတွေနဲ့ ယနေ့ရင် ဆိုင်ရတော့ “ဘုံ” စံနစ်ဆီကို ဦီးတည်စဥ်စား
လာရတော့ တယ်။ ဒါတွေက ဒီနေ့ ဖြစ်နေတဲ့ ယေဘုယျ ပြဿနာရဲ့ အနှစ် သာရဘဲ။
ဒါပေမဲ့ပလ္လင်ပေါ်ရောက်နေတဲ့ အရင်းရှင် ဂိုဏ်း သားတွေက လွယ်လွယ်နဲ့ အလျှော့ပေးမှာမဟုတ်သလို
နောက်ဆုံးထွက်သက်အထိ သူတို့ရဲ့ အင်အားတွေ ပရိယာယ်တွေ ဥာဏ်နီဥာဏ်နက်တွေနဲ့ ခုခံနေကြမှာပါ။
ဒါပေမဲ့ သူတို့ရဲ့ လှည့်စား အမြတ်ထုတ်တာတွေက ဖုံးဖိလို့မရသလို လူသမိုင်းရဲ့ တိုးတက်ဖြစ်ပေါ်လာမှုကို
တားဆီးလို့ မရနိုင်ပါဘူး။ ရုပ်ဝါဒ အတိုင်းပေါ့။ အခုတော့ ကွန်မြူနစ်ဝါဒကို ဗြောင်တိုက်လို့
မရမှန်းသိတော့ တဖက်လှည့် အောက်လမ်းနည်းတွေနဲ့ လူထုကို လှည့်စားရင်း သက်ဆိုးရှည်အောင်
စစ်ပွဲတွေ၊ ရွေးကောက်ပွဲတွေ၊ စီးပွါးရေး အကြပ်အတည်းကို ဖန်တီးရင်း ကမ္ဘာ့ စဥ်မြင့်မှာ
အသုံး တော်ခံနေကြပါတယ်။
အခုအခါမှာ
သတင်းတွေ ပြန့်နှံ့မှုလွယ်တာ၊ ကူးသန်းသွားလာရေးလွယ်တာတွေကြောင့် လူတွေရဲ့ အသိဥာဏ် ဖွံ့ဖြိုးမှုနဲ့
စုစည်းမှုတွေဟာ အရှိန်အဟုန်နဲ့ တိုးတက်ဖြစ်ထွန်းနေတာကြောင့် လူသားထုကြီးကို အရင်းရှင်ဂိုဏ်းသားတွေ
ထိန်းချုပ်တားဆီးဖို့ ပိုခက် နေပါပြီ။ လူသားထုကြီးဟာ သူတို့ အပေါ် မတရား အမြတ်ထုတ်တာတွေကို
ဖေါ်ထုတ် သိမြင်ပြီး ကျယ်ကျယ်ပြန့်ပြန့်ဆန့် ကျင်လာနေကြ ပါတယ်။ အတွေးအခေါ်ဟောင်းနဲ့
အသစ် တို့ တိုက်ပွဲကဖြစ်နေစဲပါ။ တိုးတက်တဲ့ ဘက်၊တရားတဲ့ ဘက်နဲ့ ကျဆုံးမည့် ဖေါက်ပြန်
ဖိနှိပ်သွေး စုတ်တဲ့ ဘက်တို့ လွန်ဆွဲနေကြစဲပါ။
ဆက်ရန်
-
ဦးအေးဆောင်
၂၁/၉/၂၀၂၀။
သိထားသမျှ
ကွန်မြူနစ် အဘိဓမ္မာ (၆)
လူသားတွေရဲ့
သမိုင်းဟာ ရှေ့ကို တိုးတက်နေတယ်။ သံသရာ လည်နေတာမဟုတ်တာကို သိထားရမှာဖြစ် တယ်။ ယေဘုယျလူ
တယောက် ရဲ့ဘဝကတော့ မွေးဖွါး၊ အရွယ်ရောက်၊ မျိုးပွါး၊ အိုနာသေ ပေါ့။ ရှေ့တက်တယ်လိ့ မထင်ရဘူး။
ဒါပေမဲ့ သူ့အလောင်းကို လေ့ လာရလို့ ရောဂါ ဗိုင်းရပ်စ်အသစ်ကို တွေ့တယ် ဆိုရင် တိုးတက်မှု
တခုလို့ မဆိုနိုင်ဘူးလား။ သတိပြုဖို့က တခြား မသေသေးတဲ့ လူ ကလေ့လာတာကို တော့ သတိမမေ့ဖို့လိုတယ်။
လူသား တိုးတက်မှု ဆိုတာနဲ့ လူတယောက် အဆက်အစပ် ကို သိစေချင်ပါတယ်။ လူတ ယောက်ကသေတယ်။
လူသားတွေက မသေကြဘူးလေ။ ဒါကြောင့်ဘဲ လောက ကောင်းကျိုးကို ဆောင်ကောင်းတယ်လို့ အလေး ထားပြော
ပါရစေ။ လောကကို အကောင်းမြင်နဲ့ကြည့်ဖို့ပါ။
ကွန်မြူနစ် ဝါဒကို နိုင်ငံရေးသဘောတရားသက်သက်လောက်
မြင်နေတဲ့လူတွေလည်းရှိတယ်။ တကယ်တော့ ကွန်မြူနစ် အဘိဓမ္မာ ဟာ ကိုယ်ကျင့်တရား သီလဖြစ်သလို
လက်တွေ့မကျတဲ့အဓိပ္ပါယ်မဲ့၊ ယုတ္တိမဲ့ သဘောတရားတွေ
ကို ဖေါက်ထွင်းမြင် နိုင်တဲ့ အစွမ်း ကို ပေးနိုင်တယ်။ ဒါကြောင့်ဘဲ နာမ်ဝါဒီတွေဟာ ရုပ်ဝါဒီတွေကို
သဘောတရားအရ မယှဥ်နိုင် ဖြစ်နေရတာဘဲ။
ရုပ်ဝါဒီကွန်မြူနစ်တွေက လူ့သမိုင်းဟာ ရုပ်ပစ္စည်းတွေအရ
ပြောင်းလဲတိုးတက်လာတယ်။ ပုဂ္ဂလိက ပိုင်ဆိုင်မှု တွေကြောင့် လူတန်း စား တိုက်ပွဲတွေ
ပေါ်လာတယ်။ ကုန်ထုတ်နည်းပညာတွေတိုးတက်ပေါ်ထွန်းလာတယ် လို့ လက်ခံထားကြတယ်။ ဒါကို “သမိုင်း
ရေးရုပ်ဝါဒ” လို့ခေါ်ကြတယ်။
ဒီအပေါ်ကနေ လောကရဲ့ အဖြစ်အပျက်တွေကို လေ့လာရာမှာ
- အရာအားလုံးဟာ ဆက်စပ်နေတယ်။ အတွင်းပဋိပက္ခက အဓိက ကျတယ်။ အရည်အတွက်ကနေ အရည်အချင်းကို
ပြောင်းတတ်တယ်။ အရာရာဟာ ပြောင်း လဲတိုးတက်နေတယ် ဆိုတဲ့ အမြင် (၄)ရပ်နဲ့ ချဥ်းကပ် ကြတယ်။
ဒီအကြောင်းတွေကို ယေဘုယျနားလည်အောင် ရှင်းပြ ရရင် - ဘုရင်တွေက ငွေကြေးကို ထုတ်လုပ်ခဲ့ကြတယ်။
အဲဒီငွေကြေးက ကုန်သည်လူတန်းစား ကိုပေါ်လာစေတယ်။ အဲဒီကုန်သည် လူတန်းစားက ဘုရင်စံနစ်ကို
ဖြုတ်ချကြတယ်။ ဒါက ဖြစ်စဥ်တရပ်ကို ဆက်စပ်စဥ်စားပုံကို ပြတာပါ။ အခုတော့ သမတထရန့်က မဲရဖို့
တောင်တရုတ်ပင်လယ်မှာ အင်အားပြနေတယ်လို့ ဆက်စပ်တွေးယူရသလိုပေါ့။ အတွင်းပဋိပက္ခက အရေးကြီးတယ်
အဓိကကျတယ် ဆိုတာက - ခင်ဗျားဟာ လက်ဝှေ့သမားဆိုပါတော့ ထိုးမည့်လက် ဝှေ့ပွဲအတွက် အားလုံးပြင်ဆင်ထားပြီးပြီ
ဆိုပါတော့ ဒါပေမဲ့ ကြိုးဝိုင်းထဲ မဝင်မီ ခင်ဗျား လေထိုးလေအောင့် ဖြစ်လိုက်လို့ မပြိုင်လိုက်ရတာ
ဖြစ်နိုင်တယ်။ ရည်းစားရဲ့ ဖြတ်စာလောက်ကတော့ အဲလောက်မဖြစ်လောက်ပါဘူး။ အပြင်ကိစ္စကိုး။
အသုံးများတဲ့ ဥပမာက - ကျောက်ခဲ့ကို ဘယ်လိုဘဲ အပူပေးပေး ကြက်မပေါက်လာပါဘူး။ ကြက်ဥမှ
ကြက် ပေါက်နိုင်တယ်။ အတွင်း အနှစ်သရက အဓိကကျတာကို သက်သေပြတာပါ။ ဒါကြောင့် အတွင်းပြဿနာတွေကို
အရင်ရှင်းထားဖို့ အရင်လိုလိမ့်မယ်။ အရည်အတွက်ကနေ အရည်အချင်းကို ပြောင်း တတ်တယ် ဆိုတာက
- ရေချောင်း လေးတခုကို ကျောက်ခဲလေး တလုံးချ လိုက်ပါ။ အဲဒီကျာက်ခဲက ကျောက် ခဲ သက်သက်သာ
ဖြစ်နေပါ တယ်။ နောက် ထပ် ကျောက်တုံးတွေ ထပ်ချလိုက်တော့ ရေစီးကို ပိတ်သွားပြီး ရေဂါတာအ
ဖြစ် ရောက်သွားပါတယ်။ ကျောင်းတုံးလို့ ခေါ်မရတော့ပါ။ ရေဂါတာ ဖြစ်သွားပါပြီ။ အရည်အချင်းတရပ်ဖြစ်သွားပြီ။
ဒါကြောင့်ဘဲ လူထုအုံကြွမှုတွေများလာရင် တော်လှန်ရေးဟာ ပေါ်လာ တတ်တယ် ဆိုတာကို သိစေချင်ပါတယ်။
အရာရာဟာ ပြောင်းလဲ တိုးတက်နေတယ် ဆိုတာက - တရားသေမဆန်ဖို့၊ ပြောင်းလဲလာတဲ့ အခြေအနေကို
သိရှိအကဲဖြတ်တတ်ဖို့ပါ။ ဒါက သမိုင်းရေးရုပ် ဝါဒမှာလည်း ရှင်းပြခဲ့ပြီးပါပြီ။ - ဒါတွေက
မာက်ဝါဒီကွန်မြူနစ်တွေ လိုက်နာကြတဲ့ ယေဘုယျ တရားတွေပါ။ ထိုးထွင်း သိမြင်ကျင့်သုံးနိုင်အောင်
လေ့လာထားပြီး လက်တွေ့ကျင့် နိုင်ရင် အကျိုးအများကြီးရနိုင်ပါတယ်။
သဘောတရားတွေကိုလေ့လာရာမှာ“သူများပြောရင်ပြန်ပြောနိုင်အောင်”“သိထားဖို့”လေ့လာတာထက်“ကျင့်ဖို့”
လေ့ လာတာကပိုထိရောက်ပါတယ်။ တချို့ကိစ္စတွေမှာ မသိသလိုလိုရှိပေမဲ့ လက်တွေ့ကျင့်သုံးရင်းနဲ့
သဘောပေါက် သွားတာတွေ လည်းရှိပါတယ်။ ဒါကြောင့်ဘဲ “အဘိဓမ္မာ” တရပ်ဟာ မျိုးစေ့နဲ့တူတယ််။
မျိုးစေ့ဟာမြေကြီးပေါ်ကျမှ အပင်ပေါက်လာနိုင်သလို အဘိဓမ္မာ ၊ သဘောတရားကလည်း လက်တွေ့ကျင်သုံးလိုက်မှ
အမြင်တွေ နည်းနာတွေ တိုးပွါးစည်ပင်လာ တတ်ပါတယ်။ လက်တွေ့မကျင့်သုံးရင်တော့ ဖန်ပုလင်းထဲက
မျိုးစေ့လို ခြောက်သွေ့ ဆွေးမြေ့ သွားမှာပါဘဲ။
ပြဿနာတွေကို ဖြေရှင်းရာမှာ အဓိကနဲ့ သာမည
ဘက်လို့ ယေဘုယျနှစ်ဘက်ရှိကြတယ်။ နိုင်မည့်ဘက်နဲ့ ရှုံးမည့်ဘက်လို့ ဆိုပါစို့။ လူ့သမိုင်းမှာ
ဘုရင်စံနစ်တွေ ပျောက်ကွယ်နေတယ်။ဒါပေမဲ့ “ဒို့ဘုရင် - ဒို့သခင်” ဆိုတဲ့ လူတွေ ရှိသေးတယ်။ သူတို့ဟာ အဓိကနဲ့
သာမညကို မသိကြဘူး။ ဒီတော့ ရှုံးတဲ့ ဘက်မှာ သူတို့ရှိကြတယ်။ သူတို့ မသိလို့ ဖြစ်ချင်ဖြစ်မယ်၊
အကျိုးအမြတ်မျှော်ကိုးနေတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါက စံနစ်ဆိုတဲ့ ပေတံရှိတော့ ရှင်းတယ်။
တိုင်းလို့ရတယ်။ နေ့တဓူဝ ဘဝမှာက - ဆိုပါဆို့ ရေဆာနေရင် ရရေးဟာ အဓိကကျတယ်၊ ဒါပေမဲ့နောက်တော့
အိမ်သာ မပါတဲ့ ဘတ်စ်ကားပေါ်မှာ ရေထုတ်ရေး(ဆီးသွားရေး)
ပြဿနာက အဓိကဖြစ်လာြပန်ရော ဒီတော့ ပြဿာတွေရဲ့ အဓိက ဘက်ပြောင်းလဲနေတတ်တာကို သိနိုင်ရမယ်။
ရေသောက်ရေးဘဲ အဓိကကျနေတယ် လို့ အသေတွက်လို့ မရတာလည်း ရှိတော့ ကာလံ၊ဒေသံ၊ အဂ္ဂံ အလိုက်
ပြောင်းလဲနေတဲ့ အဓိက ဘက်ကို သိထားဖို့ လိုပါတယ်။
စံနစ်အပြောင်းအလဲ ဆိုရာမှာလည်း သမိုင်းရေးရုပ်ဝါဒကို
အရင်းရှင်ပညာရှင်တွေက ကျွန်တော်တို့ ထက်သူ တို့က အရည်ကျိုသောက်ထား ကြတယ်။ ဒါပေမဲ့ သူတို့က
ကွန်မြူနစ်စံနစ်ကို ကျင့်သုံးဖို့ မဟုတ်ဘဲ ဆီလိုအပေါက်ရှာ ဖျက်ဆီးဖို့ ဆိုတော့ မူမှန်မှန်
မပြုမူတတ်ကြဘူး။ ပျောက်ကြားစစ်လိုပေါ့။ ဖိနှိပ်အုပ်စိုးသူတွေလည်း ပျောက်ကြား စစ်ကို
သုံးတာဘဲ။ ဒါပေမဲ့ သူတို့က ဖိနှိပ်ရေး ဆိုတော့ လူထုက မပါတော့ ဘယ် ပျောက်ကြား လုပ်လို့ရမလဲ။
စံနစ်ပြောင်းတော်လှန်ရေးလည်း ဒီလိုပါဘဲ။ တော်လှန်ရေးနံမည်တပ်ပြီး လူထုကို ဖိနှိပ်နေတော့
စံနစ်က ဘယ်လိုမှ မပြောင်းဘူး ဖြစ်နေတာပေါ့။ ဒီတော့ အမှန်အကန် ပြည်သူကို ကယ်တင်မည့်
တော်လှန်ရေးက သာ စံနစ်ကို ပြောင်း နိုင်တာကို
ရုပ်ပိုင်းကျကျ ရှုမြင်သုံးသပ်သင့်ပါတယ်။ ဘယ်ဖယောင်းမှ သံကို မဖေါက်နိုင်ပါ။
ဆက်ရန် -
ဦးအေးဆောင်
၃၀/၉/၂၀၂၀။
သိထားသမျှ
ကွန်မြူနစ် အဘိဓမ္မာ (၇)(အဆုံး)
ရုပ်ပစ္စည်းကို
လိမ်လို့ မရဘူး ဆိုတဲ့တရားကို လက်ခံမယ်ဆိုရင် အတုအယောင်တွေဟာ တဒင်ဂ ဟန် ဆောင် နိုင်ပေမဲ့
ရေရှည်မှာ ပေါ်မှာဘဲလို့ ယုံမှာပါ။ အာခီမီးဒီးက ဘုရင့်သရဖူမှာ ရွှေဘယ်လောက်၊ ကြေး ဘယ်
လောက် ဆိုတာ ခွဲပေးနိုင်ခဲ့တယ်။ မာက်စ်က သူကြွယ်တွေ ဘယ်လိုသွေးစုတ်လဲ ရှင်းပြနိုင်ခဲ့တယ်။
အဲဒီလိုဘဲ တော်လှန်ရေး တွေကို လည်း သူတို့ရဲ့ ကျေညာချက်တွေကမဟုတ်ဘဲ၊ လက်တွေ့ လှုပ်ရှားမှုအရ
မှန်မှန်ကန်ကန် မြင်ရဲရင် အကဲဖြတ် လို့ရပါ တယ်။ “မြင်ရဲ” ဆိုတဲ့ စကားက နက်နဲတယ်။ သတ္တိနဲ့
ဥာဏ်ရည်ပါနေလို့ပါ။
ပြဿနာတခုကို
ဖြေရှင်းရာမှာ ကွန်မြူနစ်တွေ သုံးတဲ့ နည်းနာက ရပ်တည်ချက်၊ အမြင်၊ နည်းနာ ဆိုပြီးအ ဆင့်တွေရှိတယ်။
ရပ်တည်ချက် ဆိုတာက - ခင်ဗျားဟာ တောင်ကြားပြင်ကနေကြည့်ရင် ကာထားတဲ့တောင်ကမ်း ပါးရံနဲ့
မျက်စိတဆုံး ချောင်းရိုးမြောင်းရိုးလောက်သာမြင်နိုင်မယ်။ တောင်မြင့်မြင့်ပေါ်က တက်ကြည့်ရင်တော့
ဒီချောင်းက ဘယ်ကို သွားတယ်။ တခြားချောင်းနဲ့ ဘယ်မှာဆုံတယ်၊ အမြင့်ဆုံးတောင်တန်းက ဘယ်ဟာ
ဖြစ်တယ် ဆိုတာကို သိနိုင်တယ်။ ဒါက ပထဝီအနေအထား ရပ်တည်ချက်ကိုပြောတာ။ တကယ်ပြောချင်တဲ့
ရပ်တည်ချက်က “လူတန်းစားရပ်တည်ချက်” ကိုပြောချင်တာ။ လူတန်းစားတိုက်ပွဲကို လက်မခံထားရင်တော့
ဘာလူတန်းစား တိုက် ပွဲဖြစ်နေတာလဲ ဆိုတာမသိတော့ ဘယ်လူတန်းစားဘက် ရပ်ရမယ် ဘယ်သိနိုင်တော့မှာလဲ။
ဒီတော့ သူ့အတွက် မြင်သာတဲ့ အကျိုးကြည့်ပြီး ရပ်ကြတော့တာပေါ့။ ဒါကြောင့်ရပ်တည်ချက်မှန်ဖို့က
အရေးကြီးလှတယ်။
ရပ်တည်ချက်မှန်မှ
အမြင်မှန်နိုင်မယ်။ အမြင်မှန်မှ ချမှတ်တဲ့ နည်းနာ မှန်မှာြဖစ်တယ်။ ဒီနေ့ လေဒီကြီး ဖြစ်နေတာက
အဲဒါဘဲ။ အရင်က ရပ်တည်ချက်မှန်သလိုလို ရှိခဲ့ပြီး အခုတော့ ဖိနှိပ်တဲ့ စစ်တပ်ဘက် ရပ်တည်လို့
အမြင်တွေ နည်းနာတွေက ကမောက်ကမဖြစ် လူထုအော့ကြောလန်
လာနေပြီ။ သူကတော့ လူတန်းစားတွေ ဘာ တွေလည်း သိမှာမဟုတ်တော့ သူထင်သလိုလုပ်မှာဘဲ။ အဲဒါက စိတ်ဝါဒ
ရဲ့ သရုပ်ဖေါ်ချက်သာဖြစ်ပါတယ်။
တော်လှန်ရေး
လုပ်မယ်ဆိုရင် တော်လှန်ရေးက ငပိထောင်းစားသလို မလွယ်ဘူး။ မလွယ်ဘူးဆိုလို့ မဖြစ်ဘူး ပြောတာမဟုတ်ဘူး၊
ဖြစ်အောင်လုပ်တဲ့ သူတွေ ဘေးဝန်းကျင်ကြည့်ရင် မြင်နိုင်ပါတယ်။ လွယ်တာ မဟုတ်ဘူးဆိုတာက
တဦးတယောက်ကောင်းနဲ့ လုပ်မရဘူး လို့ ဆိုလိုတာ။ တခါက ပါမောက္ခ တယောက် တော ခိုလာ ဘူးတယ်။
သူ့ကြွေးကြော်သံက “အဖေါ် ဆိုတာ ဖေါ်တာဘဲ” တဲ့။ ဆိုလိုတာက အဖေါ် မလို အဖေါ်တွေက ဖေါက်တာဘဲလို့
ဆိုလိုတာ။ ကျွန်တော်လည်း ဒီလူတော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးဆို တာသိ လိုက်တယ်။ ဒါကြောင့်
သူနဲ့ ကင်းကင်းဘဲနေခဲ့ တယ်။ ခုတော့သူလည်း ပြည်တော်ြပန်ဖြစ်သွားပြီ။ ပါမောက္ခပေမဲ့ တော်လှန်ရေး အကြောင်း သိတာမှ မဟုတ်တာ။
သူပြောသလိုဖေါ်ကောင်တွေက ရှိတတ်ပါတယ်။ အဲဒီလိုဘဲ အမာခံတွေ လည်းရှိ တော့ ကိုယ့်ရဲ့ အကဲဖြတ်စွမ်းရည်ကို
မြှင့်တင်ဖို့ဘဲ လိုမှာပါ။
ဘော့လုံးကန်ဘယ်လောက်ကောင်း
ပါစေ အသင်းမရှိရင် ဒိုင်းရစရာမရှိပါ။ ဒီလိုဘဲ ကြီးမားတဲ့ တော်လှန် ရေး လှုပ်ရှားမှုကို
လုပ်ဖို့ ဆို အသင်းအဖွဲ့ ရှိရပါမယ်။ ရုပ်ရှင်ထဲက တယောက်တည်း ဂျိမ်းဘွန်းလို၊ ဂျက်ကီချန်းလို လုပ်လို့ မရနိုင်
ဘူး။ ဒီတော့ လိုအပ်ချက်အရ အများနဲ့ ပေါင်းလုပ်တတ်အောင် ကိုယ့်ကိုယ်ကိုပြင် ဆင်လေ့ ကျင့်ရ
ပါမယ်။ အဖွဲအစည်းကို ဦးစားပေးတန်ဖိုးထားရပါမယ်။ အဲဒီအတွက် လေ့လာတွေ့ရှိထားတာက တော်လှန်ရေး
လုပ်မယ်ဆိုရင် - လမ်းစဥ်ရယ်၊ လူတန်းစားရယ်၊ ပါတီရယ် လို မယ်လို့ ဆိုတယ်။
ဒီနေရာမှာ
အကြမ်းပြင်း - လမ်းစဥ်က စစ်အာဏာတိုက်ဖျက်ရေး လမ်းစဥ် ဆိုပါစို့ ။ လူတန်းစားကလည်း ဆင်းရဲသားလူတန်းစား၊
အဖိနှိပ်ခံ လူတန်းစား ဆိုပါစို့ - ဒါပေမဲ့ ပါတီကိုတော့ ဘယ်ပါတီရွေးရမလဲ မသိဘူး။ ကြိုက်တဲ့
ပါတီလည်း မရှိဘူး ဆိုရင် ပါတီတခုထောင်ပေါ့ အင်အားစုစည်းပေါ့။ လွယ်တာခက်တာကို ပြောနေတာ
မဟုတ်ဘူး၊ လုပ်သင့်တာကို ပြောတာ၊ နောက်မှ နှစ်သက်တဲ့ ပါတီနဲ့ ပေါင်းပေါ့။ ဂိုဏ်းဂဏ
မဆန်ဖို့တော့ လိုမယ်။
နောက်တခုက
ကိုယ့်အမြင်နဲ့ အနီးစပ်ဆုံး ပါတီထဲဝင်ပြီး ပိုပိုကောင်းအောင်လုပ်တဲ့ နည်းနဲ့ လှုပ်ရှားမှုထဲမှာ
ပါဝင်စေချင်ပါတယ်။ တယောက်ထည်းတော့ မနေပါနဲ့။ ဆက်လက် ရှင်သန်ဖို့ ခက်ပါတယ်။
“လေ့လာရေး”
“စည်းရုံးရေး” ဆိုတဲ့ အရာတွေက အင်မတန်အရေးကြီးပါတယ်။ ဒီခေါင်းစဥ်တွေကို ခေါင်း ဆောင်ကြီးတွေက
ရေးသားခဲ့ကြလို့ ရှာဖွေဖတ်ရှုမှတ်သားသင့်ပါတယ်။ဒီနေရာမှာ မှတ်သားမိတဲ့ လင်ပြောင် ရဲ့
စကားကို ဖေါ်ပြလိုပါတယ်။ လင်ပြောင်ဆိုတာ ဥက္ကဌမော်နဲ့ သဘောထားကွဲပြီး လေယာဥ်ပျံနဲ့
ထွက်ပြေးလို့ အပစ်ချခံ သေဆုံးရသူပါ။ သူ့အကြောင်းထက် သူ့ရဲ့ မှတ်သားလောက်တဲ့ စကားဖို့
သိထားစေချင်လိုပါ။
သူက
“ပြဿနာတခုကို ကိုင်တွယ်တဲ့အခါမှာ - အဓိက ကွင်းဆက်ကို ကိုင်တွယ်ရမယ်။ ကိုင်တွယ်ရာ မှာလည်း
လျှော့လျှော့ရဲရဲ မဟုတ်၊ တင်းတင်းကြပ်ကြပ် ကိုင်တွယ်ရမယ်။ တင်းတင်းကြပ်ကြပ် ကိုင်တယ်ရာ
မှာ လည်း လွှတ်လိုက်ဆုပ်လိုက်မဟုတ် အမြဲ ဆုပ်ကိုင်ရမယ်၊ အမြဲဆုပ်ကိုင်တာကိုလည်း ပြီးဆုံးတဲ့
အထိ ဆုပ်ကိုင် ရမယ်။” လိုဆိုတယ်။ သူများတွေအတွက်တော့မသိ ကျွန်တော့အတွက်တော့ တန်ဖိုးရှိလှတယ်။
လူတွေဟာ
အဘိဓမ္မာ တရပ်၊ သဘောတရားတခု၊ သင်ခန်းစာတခုကို အတူတူလေ့လာကြပေမဲ့ ခံယူပုံခြင်း မတူ အဆင့်အတန်းချင်းမတူ
ကွာြခားနေတတ်ကြတယ်။ ဒီလိုဖြစ်ရခြင်းကြောင့်ဘဲ ရာထူးနေရာ အဆင့်တွေကွာ ကြတာပါ။ ဒါကို
လေ့လာကြည့်မိတော့ တချို့လူတွေကသိတော့သိတယ်၊ မကျင့်ဘူး။ တချို့လူတွေက ကျင့်တော့ ကျင့်တယ်၊
ချက်ချင်း မကျင့်ဘူး။ တချို့လူတွေက ချက်ချင်းတော့ကျင့်တယ်၊ အမြဲမကျင့်ဘူး။ တချို့ကျတော့
အမြဲတော့ ကျင့်တယ်၊ ထိုးထွင်း မသိဘူး။ ဆိုတာကို သိခဲ့မိတယ်။
သိထားသမျှ
အမှတ်ရတာတွေကို တင်ပြခဲ့တာပါ။ တောစခန်းတွေ မရှိတဲ့ နောက် မဲဆောက်မြို့ရဲ ချောင် တခုမှာ
တပြည့်တချို့ကို ဒီသဘောတရားတချို့ ရှင်းပြတော့ တယောက်ကထ မေးတယ်“ ဆရာ - အရင်က ဒါတွေ
ဘာဖြစ်လို့ မရှင်းပြခဲ့လဲ။” တဲ့ဒီတော့ ကျွန်တော်က “ ငါလည်း အခုမှ သုံးသပ်မိတယ်ကွာ”
လို့ ပြန်ပြောလိုက် ရတယ်။ အသိဥာဏ် ဆိုတာကလည်း အတွေ့အကြုံက ရလာတာ၊ ကာလကြာမှ အသက်ရှည်မှပေါ့။ အသက်မရှည် ရင်တော့ ခက်သားလား။
ဒီစာတမ်းလေးကို
အဆုံးမသတ်မှီ ဂျွန်လင်နွန်ရဲ့ “အမဲဂျင်း” သီချင်းထဲက “ ခင်ဗျားက ကျွန်တော့ကို စိတ်ကူးယဥ်သမားတယောက်လို့
ဆိုမယ်၊ ဒါပေမဲ့ ကျွန်တော်တယောက်ထည်းတော့ မဟုတ်ဘူး၊ ခင်ဗျားလည်း တချိန်ချိန်မှာ ပါရင်ပါလာမှာပါ။”
ဆိုတာနဲ့ ထူးအိမ်သင်ရဲ့ “ အို- ညီလေးရယ်” သီချင်းထဲက “လူတိုင်းကို ချစ်တဲ့ စိတ်ကလေးထား”
ဆိုတဲ့ စာသားတွေကို အထူးပြုလိုက်ပါတယ်။ ကွန်မြူနစ်သီချင်း ဖြစ်တဲ့ “အင်တာနေရှင်နယ်”
သီချင်းကို ကြးရင်တော့ ကြားရာအရပ် မတ်တပ်ရပ်ဖို့ လည်းနှိုးဆော်လိုက်ပါတယ်။
လောကကို
အလှဆင်ကြ။
အဖိနှိပ်ခံတို့
ညီညွတ်ကြ။
နှောင်ကြိုးကို တိုက်ပွဲနဲ့ ရိုက်ချိုးကြ။
ဦိးအေးဆောင်
၄/၁၀/၂၀၂၀။